ဂျပန်အစားအစာ ကြိုက်သူတွေကို Udon ခေါက်ဆွဲလို့ ပြောလိုက်ရင် သိကြမှာပါ။ ဒါပေမဲ့ ဒီတပတ်ဝေမျှပေးမယ့် Udon ခေါက်ဆွဲ ချက်နည်းကတော့ ဂျပန် မူလလက်ရာနဲ့ ခေတ်သစ် လက်ရာတို့ ပေါင်းစပ် ဖန်တီးထားတဲ့ ဟင်းအနှစ် Udon ခေါက်ဆွဲပါ။ ဂျပန်လူမျိုးတွေ စားလေ့ရှိတဲ့ Katsu Curry ဟင်းအနှစ်ကို Udon ခေါက်ဆွဲနဲ့ တွဲဖက်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုး ရှိမလဲဆိုတာ မြည်းစမ်းကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။
ဟင်းအနှစ် Udon ခေါက်ဆွဲချက်ဖို့ —
ဂျပန် ဟင်းအနှစ်မှုန့်ထုပ်
ကြက်သွန်နီ
မှို
မုန်လာဥနီ
Udon ခေါက်ဆွဲ
Tsuyu Sauce (ဂျပန်ခေါက်ဆွဲနဲ့ တန်ပူရာကြော်နဲ့ တွဲစားလေ့ရှိတဲ့ ဆော့စ်)
ကြက်သွန်မြိတ်
ဂျပန် ငရုတ်သီးမှုန့် (Shichimi Togarashi) တို့ လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းအနှစ် မချက်ခင် ထည့်မယ့်အသီးအရွက် (ကြက်သွန်နီ၊ မှို၊ မုန်လာဥနီ) တို့ကို အတုံးသေးလေးတွေ တုံးထားပါ။ ပြီးရင်တော့ အိုးတလုံးထဲမှာ ရေ ၁၂၀ မီလီလီတာနဲ့ ဟင်းအနှစ်တုံး တတုံးထည့်ပြီး လှီးဖြတ်ထားတဲ့ အသီးရွက်တွေကို ရောထည့်ပြုတ်ပါ။
မိနစ် ၂၀ လောက် ပွက်ပွက်ဆူပြီး အသီးရွက်တွေ နူးလာပြီဆိုရင် နောက်ထပ် ဟင်းအနှစ်တုံး ၂ တုံး၊ ၃ တုံးလောက် ထပ်ထည့်ပြီး ၁၀ မိနစ်လောက် ဆူအောင် တည်လိုက်လို့ ဟင်းရည်ပျစ်လာရင် မီးဖိုပေါ်က ချထားပါ။
ဒယ်အိုးယူပြီး ခေါက်ဆွဲအရည်ချက်ဖို့ Tsuyu Sauce ၄ ဇွန်းကို ရေ ၄၀၀ မီလီလီတာနဲ့ရောပြီး ပွက်ပွက်ဆူအောင် တည်ပါ။ Udon ခေါက်ဆွဲကို ရေနွေးပွက်ပွက်ဆူအောင်တည်၊ ပြုတ်ပြီး ရေစစ်ထားပါ။
အားလုံးကျက်ပြီဆိုရင် ဟင်းအနှစ် Udon ခေါက်ဆွဲပြင်ဆင်ပါမယ်။ အရင်ဆုံး ပြုတ်ထားတဲ့ Udon ခေါက်ဆွဲတွေကို စားမယ့် ပန်းကန်လုံးထဲ ထည့်ပါ။ အပေါ်ကနေ Tsuyu Sauce နဲ့ချက်ထားတဲ့ ခေါက်ဆွဲအရည် လောင်းထည့်ပါ။
အသီးရွက်တွေနဲ့ ချက်ထားတဲ့ ဟင်းအနှစ်ကိုထည့်၊ အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးမှုန့် အနည်းငယ် ဖြူးပါ။ နောက်ဆုံးအပေါ်ကနေ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေး တင်လိုက်မယ်ဆိုရင် စားနေကျ အရသာနဲ့ မတူ အရသာ လေးလေးပင်ပင်နဲ့ ဟင်းအနှစ် Udon ခေါက်ဆွဲ ရပါပြီ။
Ref: Japan Centre