မကြာခင်သေးခင်က ထုတ်ပြန်ခဲ့တဲ့ COVID-19 ပိုး Positive တွေ့ရှိသူတဦးက အစားအသောက်ဆိုင် ဖွင့်လှစ်ထားတဲ့အတွက် ဒီဆိုင်ကနေ Delivery ပို့ပေးရတဲ့ Food Panda မှ အယောက် ၇၀ နီးပါး Quarantine ဝင်ခိုင်းထားရတယ်ဆိုတဲ့ သတင်းပါ။
ဒီသတင်းကို ကြားရပြီး အိမ်ကနေ ပါဆယ် မှာစားကြသူတွေကြားမှာ ထိတ်လန့်စရာ သတင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ COVID-19 စဖြစ်ကတည်းက အစားအသောက်ဆိုင်တွေအနေနဲ့ ဆိုင်မှာ ထိုင်စားခွင့်နဲ့ ရောင်းချခြင်းမပြုတော့ဘဲ ပါဆယ်သာ ရောင်းချလာကြတာပါ။
ဒီအခါမှာ အစားအသောက်ဆိုင်များနဲ့ ချိတ်ဆက်ပြီး ပါဆယ်ပို့ပေးရတဲ့ “Food Panda”, “Grab Food”, “Food 2U” စတဲ့ လုပ်ငန်းတွေဟာ အလုပ်ဖြစ်လာကြပါတယ်။ Delivery ပို့ပေးသူတဦးရဲ့ တနေ့ဝင်ငွေဟာလည်း ကျပ် ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရှိတယ်လို့တောင် ဆိုကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာတောင် သူတို့ဟာ အလုပ်များခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာခင်သေးခင်က ပါရမီစိန်ဂေဟာမှာ ဖွင့်လှစ်ထားတဲ့ ဆူရှီဆိုင်ပိုင်ရှင် အမျိုးသားမှာ COVID-19 Positive တွေ့တယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်အပြီးမှာတော့ အဲဒီဆိုင်ကနေ ဆူရှီ Delivery ပို့ပေးခဲ့ရတဲ့ Food Panda မှ Delivery တချို့ကို ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ Quarantine ထားပေးထားတယ်လို့ ကုမ္ပဏီက တာဝန်ရှိသူတဦးက ဖြေကြားထားပါတယ်။
“ကျနော်တောင် မနေ့က Food Panda ကနေ မှာစားလိုက်သေးတယ်။ ဒီသတင်းကြားတော့ သိပ်တော့ မစိုးရိမ်ပါဘူး။ ဒါပေမဲ့ သတိတော့ ပိုထားရမှာပေါ့နော်။ အရင်ကလည်း Food Panda က မှာစားနေကြပါ။ သူက မြန်လည်း မြန်တယ်။ Discount တွေလည်း ရှိနေတော့ မှာစားဖြစ်ရင်း အဲ့ကနေ မှာစားဖြစ်တာပါ”လို့ Food Panda ကနေ မှာစားနေသူ ကုမ္ပဏီ ဝန်ထမ်းတဦးက ဧရာဝတီကို ပြောပါတယ်။
ယနေ့မှာတော့ ရောဂါပိုး Positive လူနာရဲ့ Lockdown ချခံထားရတဲ့ ဆူရှီဆိုင် Facebook Page ကနေ ကြေညာချက်တခု ရေးသားခဲ့ပါတယ်။
“ကျနော်တို့ ဝန်ထမ်းများ အားလုံးရဲ့ ရောဂါပိုး စစ်ဆေးချက်များအရ COVID-19 ပိုး လုံးဝ မတွေ့ဘဲ Negative ပါ။ ဝန်ထမ်းအားလုံး Negative ပါ။ ဒါ့အပြင် ဧပြီ ၂၄ ရက်နေ့ ကတည်းကလည်း Foodpanda မှ ကျနော်နဲ့ ဆက်သွယ်လာပြီးနောက်လည်း ပိုမိုစိတ်ချရမှု အပြည့်ရှိအောင် နယ်မြေထဲက Delivery ကလေးလေးတွေ အားလုံးကို Home Stay ဝင်ဖို့ သူတို့ သက်ဆိုင်ရာ လူကြီးမှ စီစဉ်ပါတယ်” လို့ ရေးသားထားပါတယ်။
ဆိုင်မှာလည်း ဝန်ထမ်းများကို အရင်ကတည်းက Mask တပ်ဆင်ခိုင်းခြင်း၊ လက်အိတ်စွတ်ခြင်း၊ Hand Sanitizer သုံးခြင်း စတဲ့ အစိုးရချမှတ်ထားတဲ့ စည်းကမ်းများအတိုင်း လိုက်နာခဲ့တယ်လို့ သိရပါတယ်။
“ကျနော်က စီမံညွှန်ကြားစေရုံ သက်သက်မို့ ဝန်ထမ်းလေးတွေကပဲ ဟင်းပွဲများပြင်ခြင်း၊ ထုတ်ပိုးခြင်း Delivery ဝန်ထမ်းလေးများနဲ့ ထိတွေ့ အလုပ်လုပ်ခဲ့ကြတာပါ။ ကျနော်နဲ့ ထိတွေ့ခဲ့ခြင်း လုံးဝ မရှိပါ။ အဲ့ဒါကြောင့် စားသုံးသူတွေ အားလုံးလည်း စိတ်ထဲ ပူပန်နေကြမှာစိုးလို့ လုံးဝ မစိုးရိမ်ကြပါနဲ့ ခင်ဗျာ” လို့ ဆိုင်ရှင်က ဆိုထားပါသေးတယ်။
ကမ္ဘာမှာလည်း အစားအစာကနေ ဒီရောဂါပိုး ကူးစက်တယ်ဆိုတဲ့ အကြောင်းပြချက် မရှိသေးသလို၊ အဓိက သတိထားရမှာကတော့ အစားအစာကို ထုတ်ပိုးထားတဲ့ ပလတ်စတစ် အိတ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြောက်ဒဂုံမှာနေတဲ့ အသက် ၂၈ အရွယ် မဖြူဖွေးသန့်ကတော့ “ ကျမကတော့ ဒီရောဂါပိုးဖြစ်ကတည်းက Delivery ကနေ မှာမစားဖြစ်ဘူး။ အိမ်မှာပဲ ကိုယ့်ဘာသာ အမျိုးမျိုး ချက်စားဖြစ်တယ်၊ မုန့်လုပ်တယ်။ ဟင်းချက်တယ်။ အွန်လိုင်းကနေ ကြည့်ပြီး စားချင်တာလေးတွေ လိုက်လုပ် ချက်စားဖြစ်တယ်။ နောက်တခုက ဒီဘက်ကိုလည်း Delivery တွေလည်း သိပ်မရောက်ကြပါဘူး” လို့ ဆိုပါတယ်။
ဒီအချိန်က အစားအသောက်တွေကို ပါဆယ်ပို့တဲ့ လုပ်ငန်းတွေ ခေတ်စားတဲ့ ခေတ်လို့ ပြောလို့ရပြီး အနုပညာရှင်တွေ တော်တော်များများလည်း အွန်လိုင်းကနေ ချက်ပြုတ်ပြီး ကိုယ်တိုင် လိုက်ပို့တဲ့ လုပ်ငန်းတွေ လုပ်ကိုင် လာကြပါတယ်။
အရင်က အလုပ် မရှိသူ တော်တော်များများလည်း Delivery လိုက်ပို့တဲ့ အလုပ်ကို လုပ်ကိုင်လာကြပါတယ်။ တချို့ကလည်း Delivery ပို့ဆောင်ပေးတဲ့သူတွေ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ လိုက်နာသင့်တယ်ဆိုတာ အစိုးရက သေချာစွာ ထုတ်ပြန်ပေးသင့်တယ်လို့လည်း ဆိုထားကြပါတယ်။
အခုချိန်မှာ အများပြည်သူ အားကိုးနေရတဲ့ အစားအသောက်ပို့တဲ့ လုပ်ငန်းတွေကိုလည်း COVID-19 က ဘယ်လို ရိုက်ခတ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ။
You may also like these stories:
ထိုင်းအစိုးရက နိုင်ငံခြားသားများကို ဇူလိုင်လကုန်အထိ ဗီဇာသက်တမ်း တိုးပေး