မေလ ၁ ရက် May Day “အလုပ်သမားနေ့” ကို ဂုဏ်ပြုတဲ့အနေနဲ့ Pizza Hut ဆိုင်ကနေ စင်ကာပူနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပီဇာတွေ အခမဲ့ ဝေငှပေးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ COVID-19 ရောဂါကြောင့် အခက်အခဲဖြစ်နေတဲ့ လုပ်သားတွေကို ပီဇာချပ်ရေ ၃၀၀၀ ကျော် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အစက ပီဇာချပ်ရေ ၂၀၀၀ ကျော်ပဲ ဝေငှဖို့ စီစဉ်ထားပေမယ့် ၃၀၀၀ ထိ တိုးမြင့်လှူဒါန်းသွားတာပါ။ Pan Pizza ချပ်ရေ ၃၀၀၀ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး Pizza Hut က “ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီတာဟာ လူ့အဖွဲ့အစည်းအတွင်း ချစ်ခင်မှုကို ပြသရာလည်းရောက်တယ်” လို့ ဖော်ပြထားပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေကို လှူဒါန်းမယ့် ပီဇာတွေကို ဧပြီလ ၁ ရက် အလုပ်သမားနေ့မှာ လိုက်လံပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ “အခု အလှူကတဆင့် စင်ကာပူနိုင်ငံအတွက် ကြိုးစား အလုပ်လုပ်ပေးခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရင်ထဲကနေ ကျေးဇူတင်ကြောင်းကို ဖော်ပြပေးလိုက်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျန်းမာအောင်နေပြီး အားတင်းထားကြပါ” လို့ ကုမ္ပဏီဘက်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Pizza Hut က လတ်တလောမှာ ComfortDelGro တက္ကစီ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက်ပို့ဆောင်မှုကို လုပ်ဆောင်ပေးနေပါတယ်။ COVID-19 အခြေအနေကြောင့် ရုန်းကန်နေရတဲ့ တက္ကစီယာဉ်မောင်းတွေအတွက် အပိုဝင်ငွေရအောင် ကူညီပေးတဲ့အနေနဲ့ အဆိုပါဝန်ဆောင်မှုကို လုပ်ဆောင်ခဲ့တာပါ။
အိမ်တိုင်ရာရောက် အစားအသောက် ပို့ဆောင်ပေးမယ့် ComfortDelivery လို့အမည်ပေးထားတဲ့ ဝန်ဆောင်မှုကို စတင်လိုက်တယ်ဆိုရင်ပဲ တက္ကစီယာဉ်မောင်း ၁၀,၀၀၀ ကျော် လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ ComfortDelivery ကို နေ့စဉ် မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ မှာယူနိုင်ပြီး အကွာအဝေးပေါ် မူတည်ကာ စင်ကာပူဒေါ်လာ ၆ ခွဲလောက်ကနေ စတင်ကျသင့်မှာ ဖြစ်ပါတယ်။
ပို့ဆောင်ပေးမယ့် တက္ကစီ ယာဉ်မောင်းအတွက်ပဲ သယ်ယူ ပို့ဆောင်ပေးစရိတ် ရှိမှာဖြစ်ပြီး ဇွန်လ ၁ ရက်ထိ ချမှတ်ထားတဲ့ စင်ကာပူနိုင်ငံတွင်း Circuit breaker period (တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှု အချိန်ကာလ) မှာတော့ အပိုထပ်ဆောင်း ကောက်ခံသွားမှာမျိုး မရှိဘူးလို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၁၆,၁၆၉ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၁၅ ဦး ရှိပြီဖြစ်ပါတယ်။ ကူးစက်ခံရသူအများစုဟာ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပြီး အခုချိန်ထိ သူတို့နေထိုင်ရာ အဆောင်တွေမှာ ကူးစက်မှုတွေ ကျန်ရှိနေနိုင်သေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Ref: Channel News Asia Lifestyle
ဆက်စပ်လင့်-
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်