ဒီတပတ် နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ကိုရီးယား အစားအစာတမျိုးကို ရွေးချယ်ထားပါတယ်။ ကိုရီးယားမှာ နွေရာသီရောက်ပြီဆို အပူဒဏ် ခံနိုင်အောင်နဲ့ အလွယ်တကူ မောပန်း နွမ်းနယ်တာတွေ ပျောက်ကင်းစေတဲ့ ဆေးလည်းအစာ၊ အစာလည်း ဆေးဆိုသလို ဂျင်စင်းကြက်သားပေါင်းကို ချက်စားလေ့ ရှိပါတယ်။
နွေရာသီအတွက် အကောင်းဆုံး ကျန်းမာရေးဓာတ်စာ ဂျင်စင်းကြက်သားပေါင်းလုပ်ဖို့ —
ကြက်သားအရွယ်တော် ၁ ကောင်
ဂျင်စင်းအမြစ်
ဆန်
ကြက်သွန်ဖြူ
ချင်း
တရုတ်ဆီးသီး
ကြက်သွန်မြိတ်
ကြက်ပြုတ်ရည်
ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ပေါင်းမယ့် ကြက်တကောင်လုံးကို အတွင်းကလီစာတွေ ထုတ်ပြီး သေချာသန့်စင်အောင် ဆေးကြောထားပါ။ ကြက်သားအတွင်းပိုင်းမှာ သွေးအစအနတွေ မကျန်အောင် သေချာ ထပ်သန့်စင်ပါ။ ဆန်ကို ကြက်သားထဲ မထည့်ခင် အရင်ဆုံး တနာရီလောက် ရေစိမ်ထားပေးရင် ပိုကောင်းပါတယ်။
ပြီးရင်တော့ ဆန်နဲ့ ကြက်သွန်ဖြူတွေကို ရောပြီး ကြက်သားထဲ အစာသွပ်ထည့်ပါ။ ဆန်က ကျက်ရင်ပွလာမှာဖြစ်လို့ အပြည့် မထည့်ဘဲ ၄ ပုံ ၁ ပုံလောက် နေရာ ချန်ထည့်ပါ။ ဆန်ထည့်ပြီးပြီဆိုရင် အလွယ်ကူဆုံးနည်းက ခြေထောက် နှစ်ချောင်းကို ပူးချည်ပြီး ပိတ်လိုက်ပါ။ အပေါက် ကျန်နေသေးရင် သွားကြားထိုးတံလေးနဲ့ လိုက်ပိတ်လို့ ရပါတယ်။
ပြင်ဆင်ပြီးရင်တော့ အိုးတလုံးထဲမှာ ရေကို ကြက်တကောင်လုံးနီးပါး မြှုပ်လောက်တဲ့ထိ ထည့်ပါ။ ရေမသုံးဘဲ ကြက်ပြုတ်ရည်နဲ့ ပြုတ်မယ်ဆိုလည်း ပိုကောင်းပါတယ်။ ပြုတ်မယ့် အရည်ထဲကို ဂျင်းစင်အမြစ်၊ ချင်း၊ ကြက်သွန် ဖြူ၊ တရုတ်ဆီးသီးခြောက် ထည့်ပြုတ်ပါ။
အရည်ခပ်ပျစ်ပျစ် စားချင်တယ်ဆိုရင် ကျန်နေတဲ့ ဆန်တွေကို အရည်ထဲ ထည့်ပြုတ်လို့ရပါတယ်။ မီးပြင်းပြင်းနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာရင် ပွက်ပွက်ဆူလာတာနဲ့ မီးအရှိန်လျော့ပြီး ကြက်တကောင် လုံး အရွယ်အစားပေါ် မူတည်ပြီး နောက်ထပ် မိနစ် ၂၀ ကနေ နာရီဝက်လောက်ထိ ပြုတ်ပေးရပါမယ်။
ကျက်ပြီဆိုရင် ပန်းကန်လုံးတလုံးထဲထည့် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ ခပ်သောက်မယ်ဆိုရင် အရသာရှိပြီး အပူဒဏ် သက်သာစေတဲ့ ဂျင်စင်းကြက်သားပေါင်း ရပါပြီ။ ဂျင်းစင်အမြစ်ကို အလွယ်တကူ ဝယ်မရဘူးဆိုရင် စူပါမားကတ်တွေမှာ ဝယ်လို့ရတဲ့ ရယ်ဒီမိတ် Samgyetang အထုပ်လေးတွေ အသုံးပြုလို့ ရပါတယ်။
Ref: Korean Bapsang