ဆွီဒင်နိုင်ငံက Rasmus Persson နဲ့ Linda Karlsson စုံတွဲဖွင့်ထားတဲ့ စားပွဲတခုံကိုတယောက်ပဲ ထိုင်စားရမယ့် Table For One စားသောက်ဆိုင်ကို မေလ ၁၀ ရက်ကစလို့ သွားရောက်စားသောက်နိုင်ပြီ ဖြစ်ပါတယ်။ မြို့တော် စတော့ဟုမ်းကနေ ၂၁၇ မိုင်နီးပါး ကွာဝေးတဲ့ ဆွီဒင်နိုင်ငံ အနောက်အလယ်ပိုင်း Varmland ဒေသမှာ ဖွင့်ထားတာပါ။
COVID-19 ကာလမှာ တယောက်တည်း သီးသန့်စားနိုင်အောင် ဖန်တီးပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။ ကိုယ်စားမယ့် စားပုံခုံအနီးအနားမှာ တခြားစားပွဲဝိုင်းတွေ မရှိသလို ဝန်ဆောင်မှုပေးမယ့် စားပွဲထိုးတွေလည်း မရှိပါဘူး။ Persson နဲ့ Karlsson စုံတွဲက လာစားမယ့်ဧည့်သည်ကို အပြည့်အဝအာရုံစိုက်နိုင်အောင် တနေ့ကို တယောက် ပဲ လက်ခံမယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ Table For One ဆိုင်ကို သြဂုတ် ၁ ရက်နေ့ထိ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ ဆိုင်မှာ စားပွဲခုံတခုံ အပြင် ထပ်တိုးချဲ့ဖို့မရှိသလို ပိုက်ဆံရှာဖို့အဓိကလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“စားနေတုန်းမှာ ကိုယ့်ကို အာရုံစိုက်နေမယ့်သူတွေမရှိတဲ့ ခံစားချက်ကို ရစေချင်တာပါ။ အခုချိန်မှာ အားလုံး ခက်ခဲတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတယ်။ အလုပ်အကိုင် ဆုံးရှုံရတာ၊ ချစ်ရသူတွေကို လက်လွှတ်ဆုံးရှုံးရတာ၊ စိတ်ဓာတ်ပိုင်း ကျဆင်း နေသူတွေလည်းရှိပါတယ်” လို့ Persson က ဆိုပါတယ်။
“ဘယ်သူမဆို အားလုံးကို ကြိုဆိုပါတယ်။ လက်ထဲငွေရှိမှ မဟုတ်ပါဘူး။ လာစားမယ့်ဧည့်သည်က တတ်နိုင်သလောက် ပေးသွားလည်း ရပါတယ်” လို့ Karlsson က ဆိုပါတယ်။ နိုင်ငံတကာက မြို့ကြီးတွေမှာ တယောက် တည်းစားလို့ရမယ့် ဆိုင်တွေ၊ ဘားတွေ ဖွင့်လှစ်လာကြပေမယ့် ဒီနေရာလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာ ကောင်းပြီး သဘာဝပိုဆန်တယ်လို့ ခံစားမိစေပါတယ်။
လအတော်ကြာဖွင့်လှစ်ထားမယ့် ဒီဆိုင်လေးမှာ Persson ရဲ့ ခရီးသွားအမှတ်တရတွေထဲက ဆွီဒင်ရိုးရာအစား အစာတွေ ရရှိမှာဖြစ်ပါတယ်။ အစားအစာတွေအပြင် အရက်မပါတဲ့ အချိုရည်လည်း မှာယူနိုင်ပါတယ်။
မှာယူထားတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပေးတဲ့မီးဖိုးချောင်အဆောင်နဲ့ စားပွဲခုံကို ကြိုးနဲ့ချိတ်ဆက်ထား ပြီး ပျော်ပွဲစားထွက်တဲ့ ခြင်းတောင်းလေးထဲထည့်ကာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အကယ်၍ ဧည့်သည်က နောက်ထပ် တဦးစာအတွက် တောင်းဆိုလာရင်တောင် မလုပ်ပေးနိုင်ပါဘူးလို့ ဆိုပါတယ်။
“နှစ်ယောက်စာပြင်ပေးဖို့ တောင်းဆိုလာရင် မဖြစ်နိုင်ဘူးပဲ ပြောပါရစေ။ အခုလို သီးသန့်ခွဲခြားနေထိုင်ဖို့ သတ်မှတ် ထားချိန်မှာ တယောက်တည်းစားတဲ့ အတွေ့အကြုံလေး ရသွားစေချင်တာပါ” လို့ Karlsson က ပြောပြခဲ့ပါ တယ်။ သူတို့ရဲ့ Table For One ဆိုင်လေးကို လာစားဖို့ ကြိုတင်ဘိုကင်တင်ထားသူတွေ ဇူလိုင်လလောက်ထိ ပြည့်နေပြီလို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အလှကုန်ပစ္စည်းတိုင်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားသင့်လား
ထိုင်းမှာ ဈေးဝယ်စင်တာတွေ ပြန်ဖွင့်ပြီ