ဒီတပတ်တော့ ထိုင်းစတိုင် ငါးဆားအုံကင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပုံမှန်ရိုးရိုးကင်တာမျိုးနဲ့မတူဘဲ ငါးအသားစားလိုက်တိုင်း စိုစိုလေးနဲ့ အရသာရှိနေမှာပါ။ ထိုင်းဘာသာနဲ့ Pla Pao လို့ခေါ်တဲ့ ငါးကင်ကို ပင်လယ်စာ ဆော့စ်နဲ့ တွဲဖက်စားရတဲ့အရသာက တကယ့်ကို ထိမိတယ်လို့ ညွှန်းဆိုခံထားရပါတယ်။
ဒါဆို ပုံမှန် ငါး ကင်ထက် အရသာ ဘယ်လိုထူးခြားနေမလဲ ဖော်ပြထားတဲ့နည်းလမ်းတွေအတိုင်း လုပ်စားကြည့်ဖို့ ညွှန်း ဆိုပေးလိုက်တယ်နော်။
ငါးကင်ဖို့အတွက်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
ငါး
ဆား
ဂျုံမှုန့်
စပါးလင်
ရှောက်ရွက်
တွဲဖက်စားဖို့ ပင်လယ်စာဆော့အတွက် လိုအပ်တာတွေက
သံပရာရည်
ငါးငံပြာရည်
သကြား
ဆား
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း တို့ လိုအပ်ပါတယ်။
အရင်ဆုံး ကင်မယ့်ငါးကို တကောင်လုံး သန့်စင်ဆေးကြောပါ။ ကင်မယ့်ငါးထဲကို ရှောက်ရွက်ထည့်ပြီး စပါးလင် နဲ့ ပါးစပ်ကို ပိတ်လိုက်ပါ။ ဗိုက်ခွဲပြီး အစာသွပ်ထည့်လို့လည်း ရပါတယ်။
ပြီးပြီဆိုရင် ကင်ဖို့အတွက် ငါးကို ဆားအုံပါမယ်။ ဆားရယ်၊ ဂျုံမှုန့်တဇွန်းလောက်နဲ့ရေရောပြီး ငါးတကောင်လုံး အနှံ့မံလိုက် သလိုဖြစ်အောင် လိုက်အုံပါ။ အုံပြီးသွားပြီဆိုရင် မီးသွေးမီးဖိုနဲ့ ကင်ပေးရင် အနံ့ပိုမွှေးပါတယ်။ ကိုယ် သုံးမယ့် ငါးအရွယ်အစားပေါ်မူတည်ပြီး တဘက်ကို မိနစ် ၂၀ စုစုပေါင်း မိနစ် ၄၀ နီးပါးလောက် ကင်ပေးပါ။
တွဲစားမယ့် ပင်လယ်စာဆော့စ် လုပ်ဖို့အတွက် ငရုတ်သီးစိမ်း (အသေးတောင့်သုံးရင် အရသာပိုစပ်ပါတယ်)၊ ကြက်သွန်ဖြူ ရောထောင်းထားတဲ့ထဲကို ငါးငံပြာရည်၊ သကြား၊ ဆားအနည်းငယ်၊ သံပရာရည်ညှစ်ထည့်လိုက် ရင် ရပါပြီ။
ငါးဆားအုံကင်ကို အပေါ်ယံလွှာဖယ်ချပြီး အတွင်းသားကို ဆော့စ်နဲ့ တွဲဖက်စားမယ်ဆိုရင် ချဉ်ငံစပ်အရသာနဲ့ အကြိုက်တွေ့ကြမှာပါ။
Ref: Eating Thai Food
You may also like these stories:
နွေရာသီနဲ့ လိုက်တဲ့ ကျန်းမာရေးဓာတ်စာ ဂျင်စင်းကြက်သားပေါင်း
ဂျပန်စတိုင် အမဲသား Gyoza လုပ်စားရအောင်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှစ်ထမင်း ချက်စားရအောင်