ဒီတပတ် ပိတ်ရက်မှာ အသီးအရွက်၊ အသားငါး ကျန်တာလေးနဲ့ ဖန်တီးနိုင်တဲ့ ထမင်းကြော်နည်းကို မျှဝေပေးချင်ပါတယ်။ တခါတလေ ရေခဲသေတ္တာထဲ ရှင်းလိုက်လို့ ထွက်လာတဲ့ လက်ကျန် အမယ်လေးတွေ စုပြီး ထမင်းနဲ့ဟင်း မစားချင်တဲ့အခါမျိုးမှာ ထမင်းကြော် တပွဲနဲ့တင် ပြီးပြည့်စုံပါတယ်။
ပင်လယ်စာအစုံ ထမင်းကြော်ဖို့အတွက်–
ထမင်း
ပဲငံပြာရည်
ကြက်ဥ
ကြက်သွန်ဖြူ
ချင်း
ကြက်သွန်မြိတ်
မုန်လာဥနီ
ပုစွန်
ဂဏန်းအသား
ငရုတ်ကောင်းမှုန့်
Tobiko (ငါးဥ) ဒါမှမဟုတ် ပုစွန်ဥတို့ လိုအပ်ပါတယ်။
ထမင်းကြော်နည်းကတော့ ရိုးရှင်းလွယ်ကူပါတယ်။ အရင်ဆုံး ထမင်းကို ပဲငံပြာရည်နဲ့ နယ်ထားပါ။ အရသာ အငန်ပါပြီးသားမို့ ဆားသပ်သပ် ထပ်ထည့်စရာ မလိုပါဘူး။ အရသာမှုန့် ထည့်ချင်ရင် အနည်းငယ် ထည့်ပါ။
ပြီးရင် ထမင်းကြော်ထဲထည့်မယ့် ကြက်ဥကို ခေါက်ပြီး ကြော်ထားပါ။ ကြော်ထားတဲ့ ကြက်ဥကို ပါးပါးလေးတွေ လှီးပြီး ဖယ်ထားပါ။ ပြင်ဆင်ပြီးရင် ထမင်းကြော်လို့ ရပါပြီ။ အတုံးသေးလေးတွေ တုံးထားတဲ့ မုန်လာဥနီကို နွမ်းသွားအောင် အရင် ထည့်ကြော်ပါ။
ပြီးရင် အနံ့မွှေးအောင် ကြက်သွန်ဖြူ၊ ဂျင်းထည့်ပါ။ အနံ့လေးမွှေးလာရင် ပဲငံပြာရည်နဲ့ နယ်ထားတဲ့ ထမင်းကို ထည့်ကြော်ရုံပါပဲ။ ၅ မိနစ်လောက် ကြော်ပြီးရင်တော့ ပုစွန်၊ ကဏန်းအသားနဲ့ ကြက်သွန်မြိတ် ထည့်ပါ။ နောက်ဆုံးချခါနီးမှာ ငရုတ်ကောင်းမှုန့် ဖြူးလိုက်ပါ။
မီးဖိုပေါ်က ချပြီးရင် ဆူရှီထဲ ထည့်လိပ်လေ့ရှိတဲ့ ငါးဥ (Tobiko) ဒါမှမဟုတ် ပုစွန်ဥလေးတွေ ဖြူးပြီး နှံ့သွားအောင် မွှေလိုက်ပါ။ ကြော်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဥကြော် တင်ပါ။
အချိန် ၁၅ မိနစ် လောက်နဲ့ အနံ့အရသာ ကောင်းမွန်တဲ့ တရုတ်စတိုင် ပင်လယ်စာ ထမင်းကြော် ရပါပြီ။ တခြား ပင်လယ်စာနဲ့ အသီးအရွက်တွေကို နှစ်သက်ရာ ထပ်ထည့်နိုင်ပါတယ်။
Ref: Lorraine Elliott (Not Quite Nigella)
You may also like these stories:
နူးညံ့ပြီး ချိုဆိမ့်အရသာနဲ့ ကဏန်းအသားလုံးကြော်
ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့် လုပ်စားကြမယ်
ချဉ်ငံစပ်အရသာစုံ ထိုင်းစတိုင် ငါးဆားအုံကင်