ဒီတပတ်မှာတော့ လူကြိုက်များတဲ့ အိန္ဒိယ သရေစာ တမျိုး လုပ်စားကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။ သက်သတ်လွတ် အစားအစာဖြစ်လို့ လူမျိုးဘာသာမရွေး စားသုံးဖို့ အဆင်ပြေပြီး အားလုံး အကြိုက်တွေ့မယ့် အစားအစာပါ။ အိန္ဒိယ စားသောက်ဆိုင်တွေမှာ မြည်းစမ်းကြည့်ရင်း အရသာကြိုက်လို့ အိမ်မှာ လုပ်စားမယ်ဆိုရင် လွယ်ကူ ရိုးရှင်းပါတယ်။
အိန္ဒိယသရေစာ ပါနီပူရီ လုပ်ဖို့အတွက် —
အာလူး
ကြက်သွန်နီ
ချင်း
နံနံပင်
ငရုတ်သီးစိမ်း
ပူစီနံ
ဇီရာမှုန့်
ပါနီပူရီသုံး မဆလာ
ငရုတ်ကောင်းဖြူမှုန့်
ဆား
သံပုရာသီး
သကြား
Boondi (ပဲလုံးကြော်)
ပူရီလုံးတို့ လိုအပ်ပါတယ်။
အရင်ဆုံး ပူရီနဲ့စားဖို့ ပါနီအရည် လုပ်ပါမယ်။ ငရုတ်သီးစိမ်း၊ ပူစီနံ၊ နံနံပင်၊ ချင်း တို့ကို အလောတော်လှီးပြီး ကြိတ်စက်ထဲ ထည့်ပါ။ ငရုတ်ကောင်းဖြူမှုန့်၊ ဆား၊ သကြား၊ ဇီရာမှုန့်၊ ပါနီပူရီ မာဆလာထည့်ပြီး သံပုရာသီး ညှစ်ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး ကြိတ်စက်နဲ့ ကြိတ်ပေးပါ။
ကြိတ်စက်နဲ့ ကြိတ်လို့ ရလာတဲ့ အနှစ်ရည်တွေကို ဆန်ခါနဲ့ စစ်ပါ။ ရေနည်းနည်း ထပ်ရောပြီး အရသာ ပေါ့နေသေးရင် ဆား၊ သကြား အနည်းငယ် ထပ်ထည့်ပြီး ပန်းကန်လုံးတခုနဲ့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
ပြီးရင်တော့ ပူရီထဲထည့်စားဖို့ အဆာပလာတွေ လုပ်ပါမယ်။ အားလုံးကို နူးအောင်ပြုတ်ပြီး အတုံးသေးလေးတွေ တုံးထားပါ။ ကြက်သွန်နီ ကြိုက်တယ်ဆိုရင် ပါးပါးလှီးထည့်ပါ။ ခုနက ပါးပါးလှီးထားတဲ့ အာလူးတုံးတွေနဲ့ ကြက်သွန်နီ၊ နံနံပင်၊ Boondi (ပဲလုံးကြော်)၊ ဇီရာမှုန့်၊ မဆလာနဲ့ ဆားအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ မန်းကျည်းနှစ်ကိုလည်း ဖျော်ထားပါ။
အားလုံး ပြင်ဆင်ပြီးပြီဆိုရင် ပူရီလုံးကို အသင့်စားသုံးနိုင်သလို အိမ်မှာပဲ ကိုယ်တိုင်လုပ်လည်း အဆင်ပြေပါတယ်။ ရလာတဲ့ ပူရီလုံးလေးတွေ ထိပ်ကို ဖောက်ပြီး အဆာထည့်ကာ ပါနီရည်ဆမ်း၊ ကြိုက်တယ်ဆိုရင် မန်ကျည်းနှစ်ပါထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
Ref: Veg Recipes of India