ဒီတပတ် ဟင်းချက်နည်းကို ဝါတွင်းကာလဖြစ်လို့ သက်သတ်လွတ် ဟင်းတမျိုးကို ဝေမျှပေးချင်ပါတယ်။ သက်သတ်လွတ်ဟင်းဆိုပေမယ့် အချို၊ အချဉ်၊ အဆိမ့် အရသာကို ပေါင်းစပ်ထားပြီး အာဟာရပြည့်ဝတဲ့ အသီးအနှံတွေ ရောစပ်ထားလို့ ထမင်းမြိန်စေမှာပါ။ ရွှေဖရုံသီးဟင်း ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရွှေဖရုံသီး
ကန်စွန်းဥ
မုန်လာဥနီ
ငရုတ်ပွ ၊ ငရုတ်သီးစိမ်း
ခရမ်းချဉ်သီးအသေး
ကုလားပဲ (ရေစိမ်ထားပါ)
အုန်းနို့ရည်
သံပုရာသီး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ပင်စိမ်းရွက်တို့အပြင် ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းခတ်အနှစ်အတွက် ပြင်ဆင်ပါမယ်။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်အနည်းငယ်၊ ဆားအနည်းငယ်၊ ဆနွင်းမှုန့်၊ ဇီရာ၊ နံနံစေ့မှုန့်၊ ပန်းသီးရှာလကာရည် အနည်းငယ်၊ သကြား၊ အုန်းနို့ရည် အကုန်လုံးကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ရလာတဲ့ အရည်ကို ပန်းကန်လုံး တခုထဲ ထည့်ပါ။
ရွှေဖရုံသီးကို အစေ့တွေထုတ်ပြီး အခွံနွှာပါ။ အနေတော် အတုံးလေးတွေ တုံးထားပါ။ တခြား မုန်လာဥနီ၊ ငရုတ်ပွ၊ ကန်စွန်းဥတို့ကိုလည်း သန့်စင်ပြီး အနေတော် အတုံး၊ အပိုင်းတွေ လှီးဖြတ်ထားပါ။
ခုနက ကြိတ်စက်နဲ့ကြိတ်ထားတဲ့ ဟင်းအရည်ကို မီးပြင်းပြင်းနဲ့ ပွက်ပွက်ဆူအောင် တည်ပါ။ တည်နေတဲ့အိုးထဲကို ဖရုံသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ တုံးထားတာတွေ ထည့်ချက်ပါ။ အရည်ပွက်ပွက်ဆူပြီး ပျစ်လာပြီဆိုရင် မီးအရှိန် လျှော့ပြီး ဆက်တည်ထားပါ။ ထည့်ထားတဲ့ အသီးတွေ နူးလာတဲ့အထိ ၆ မိနစ်ကနေ ၈ မိနစ်လောက် တည်ပေးရပါမယ်။
ဖရုံသီး၊ မုန်လာဥ၊ ကန်စွန်းဥတုံးတွေ နူးလာပြီဆိုရင် ကုလားပဲ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီးအသေး တို့ရောထည့်ပြီး နောက်ထပ် ၂ မိနစ်လောက် တည်ပါ။ အရသာ အကုန်နှံ့သွားအောင် အိုးကို သေချာမွှေပေးပါ။
ထည့်ထားတဲ့ အသီးတွေ အကုန်နူးသွားပြီဆိုရင်တော့ အရသာမြည်းကြည့်ပြီး ဆားအနည်းငယ်၊ အစပ်ကြိုက်ရင် ငရုတ်နှစ် ထပ်ထည့်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး အရောင်သွေးစုံသွားအောင် ဖရုံစေ့ အနည်းငယ်၊ ပင်စိမ်းရွက်၊ အောင်မဲညိုရွက်တွေနဲ့ အလှဆင်လိုက်မယ်ဆိုရင် ပြီးပြည့်စုံသွားပါပြီ။
Ref: The Spruce Eats
You may also like these stories:
စင်ကာပူရဲ့ နာမည်ကျော် ကဏန်းငရုတ်ချက်
ကိုရီးယားပဲနို့ ခေါက်ဆွဲရည် Kongguksu ချက်နည်း