Food

ချဉ်ဖြုံးဖြုံးနဲ့ ခံတွင်းတွေ့စေမယ့် တရုတ်စတိုင် ငါးစွပ်ပြုတ်ရည်

ဒီတပတ် မိုးအေးအေးနဲ့ လိုက်ဖက်အောင် တရုတ်စတိုင် ဟင်းရည်ချက်နည်းကို ရွေးချယ်ထားပါတယ်။ ကလေး လူကြီးမရွေး အကြိုက်တွေ့စေမယ့် တရုတ်စတိုင် ငါးစွပ်ပြုတ်ရည်ရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ အသားနဲ့ ချက်ပြုတ် ကြော်စားလေ့ရှိတဲ့ မုန့်ညင်းချဉ်ကို အသုံးပြုသွားမှာပါ။

အနံ့အရသာ မွှေးမွှေးလေးနဲ့ တဇွန်း စားလိုက်တာနဲ့ ပါးစပ်ထဲ ပျော်ဝင်သွားမယ့် ငါးအသား အရသာရယ်၊ ချဉ်ဖြုံးဖြုံး နဲ့ ခံတွင်းရှင်းစေမယ့် မုန်ညင်းချဉ် အရသာ ပေါင်းစပ်မှုက ထမင်းမြိန်စေမှာပါ။ ငါးစွပ်ပြုတ်ရည် ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငါး
ပိန်းဥ
မုန်ညင်းချဉ် (ကြံမဆိုင်)
ပဲပြားကြော်
ချင်း
ကြက်သွန်မြိတ်
ကြိုက်နှစ်သက်တယ်ဆိုရင် ဆန်ခေါက်ဆွဲပါ ထည့်ချက်နိုင်ပါတယ်။

အရင်ဆုံး သန့်စင်ထားတဲ့ ငါးအသားတုံးတွေကို အနေတော်တုံးကာ အာလူးကော်မှုန့်နဲ့ နယ်ထားပါ။ အမှုန့်နဲ့ နယ်ထားတဲ့ ငါးအသားတုံးတွေကို ဆီပူထဲ ထည့်ကြော်ပါမယ်။ ရွှေအိုရောင် သမ်းလာပြီဆိုရင် ဆီအိုးထဲက ဆယ်ပြီး ဆီစစ်ထားပါ။

ပိန်းဥတွေကိုလည်း အနေတော်အတုံးတွေ တုံးပြီး ဆီပူပူထဲမှာ ရွှေအိုရောင်သမ်းလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင် ပန်းကန်ထဲ ဆယ်ထည့်ထားပါ။ မုန်ညင်းချဉ်ကိုလည်း ပါးပါးလှီးပြီး ဆီနည်းနည်းနဲ့ ၃ မိနစ် လောက် နွမ်းသွားပြီဆိုရင် ဖယ်ထားလိုက်ပါ။

အားလုံးပြင်ဆင်ပြီးရင်တော့ တရုတ်စတိုင် ငါးစွပ်ပြုတ်ရည် စချက်ပါမယ်။ ဒယ်အိုးကို အရင်ဆုံးအပူပေးပြီး ဆီပူလာရင် ကြက်သွန်မြိတ်နဲ့ ချင်းကို အနံ့မွှေးအောင် ဆီသတ်ပါ။ ငါးညှီနံ့ ပျောက်သွားအောင် ဆီသတ်တဲ့ထဲကို ကြော်ထားတဲ့ ငါးအသားတုံးတွေပါ ရောဆီသတ်ပါ။

ချင်း၊ ကြက်သွန်မြိတ်နဲ့ ရောဆီသတ်ထားတဲ့ ငါးအသားတုံးတွေကို ပြုတ်မယ့် အိုးထည့်ပါ။ ရေထည့်ပြီး မုန်ညှင်းချဉ် ထည့်ပြုတ်ပါ။ အရသာအတွက် ဆား၊ သကြားနဲ့ ကြက်သားမှုန့် အနည်းငယ် ထည့်ပါ။

မိနစ် ၃၀ လောက် ပွက်ပွက်ဆူအောင် တည်ပေးရပါမယ်။ ဒီကြားထဲ အရည်ပျစ်သွားအောင် ကြော်ထားတဲ့ ပဲပြားနဲ့ ပိန်းဥတွေကို ထည့်ပါ။ ကိုယ်ကြိုက်နှစ်သက်သလို အရည် အပျစ်အကျဲ ရပြီဆိုရင် ချလိုက်ရုံပါပဲ။ ကြိုက်နှစ်သက်တယ်ဆိုရင် ငါးစွပ်ပြုတ်ထဲကို ဆန်ခေါက်ဆွဲနဲ့ တွဲစားလေ့ ရှိပါတယ်။

Ref: Wok & Kin

You may also like these stories:

ချဉ်ငံစပ်အရသာစုံ ထိုင်းစတိုင် ငါးဆားအုံကင်

အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကိုရီးယား ပန်ကိတ်ကြော် လုပ်စားကြမယ်

ကံကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အယူနဲ့ စားလေ့ရှိတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော်

Loading