ဒီတပတ် စားနေကျပုံစံကနေ ကွဲထွက်ဖန်တီးထားတဲ့ ကိုရီးယားအစားအစာ တမျိုးကို ဝေမျှပေးချင်ပါတယ်။ ဘာဂါလို့ ပြောလိုက်ရင် ကလေး၊ လူကြီး အားလုံးက အသားပြားနဲ့ ဆလပ်ရွက်တွေကို Mayonnaise လေးဆမ်းပြီး ပေါင်မုန့်ညှပ်ထားတဲ့ အနောက်တိုင်းအစားအစာလို့ ဖြေကြပါလိမ့်မယ်။
ဒီတခါပြောပြပေးမယ့် ဘာဂါကတော့ အနောက်တိုင်းနဲ့ အရှေ့တိုင်းကို ပေါင်းစပ်ထားတဲ့ Fusion စတိုင် ကိုရီးယား Bulgogi Rice Burger ပဲ ဖြစ်ပါတယ်။ ပေါင်မုန့်နေရာမှာ အရှေ့တိုင်းသားတွေစားတဲ့ ထမင်းကို အစားထိုး အသုံးပြုထားတာက ပုံမှန်အရသာနဲ့ ဘယ်လို ကွဲထွက်နေမလဲ ကြည့်ရအောင်။
ကိုရီးယားနိုင်ငံရဲ့ လူကြိုက် အများဆုံး အသင့်စားအစားအစာ အသားကင် ထမင်းဘာဂါအတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကိုရီးယားအသားကင် (BBQ Beef)
ထမင်း (စေးစေးလေးဖြစ်ဖို့ ဆူရှီလုပ်တဲ့ဆန်ကို သုံးပါမယ်)
ဆလပ်ရွက်
နှမ်းရွက်
မုန်လာဖြူချဉ် (မုန်ညင်းဖြူကင်မ်ချီလည်း အသုံးပြုနိုင်ပါတယ်)
Mayonnaise တို့ လိုအပ်ပါတယ်။
အရင်ဆုံး ဘာဂါထဲ ထည့်ဖို့ ကိုရီးယားအသားကင် လုပ်ပါမယ်။ သကြားညို၊ ပဲငံပြာရည်အကြည်၊ ဆန်အရက်၊ ပန်းသစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအနှစ်၊ ဂျင်းနဲ့ ငရုပ်ကောင်းမှုန့်တို့ကို ကြိတ်စက်ထဲရော ကြိတ်ပါ။ ရလာတဲ့အနှစ်ကို အသားနဲ့သမအောင်မွှေပြီး နှပ်ထားပါ။
တညအိပ်နှပ်ထားရင် ပိုကောင်းပါတယ်။ နှပ်ထားတဲ့ အသားတွေကို ဆီနည်းနည်းနဲ့ ဒယ်အိုးထဲထည့်ပြီး ကျက်သွားအောင် ချက်ပေးပါ။ ပြီးရင် ပန်းကန်ပြား တချပ်ထဲ ထည့်ပြီး ဖယ်ထားပါ။
နောက်တခါ ထမင်းကို အရသာသွင်းပါမယ်။ ထမင်းထဲကို နှမ်းနက်၊ နှမ်းဆီနဲ့ ပဲငံပြာရည်အကြည်လေးထည့်ပြီး သမအောင်မွှေပေါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် စတီးထမင်းချိုင့်တလုံးထဲကို အပေါ်က ပလတ်စတစ်အကြည် တထပ်ခံပြီး ထမင်းကိုထည့်ကာ ပုံသွင်းပါ။
ရလာတဲ့ ထမင်းအဝိုင်းပုံလေးတွေ တင်းသွား အောင် ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။
အားလုံးပြင်ဆင်ပြီးရင် အသားကင် ထမင်းဘာဂါ စလုပ်လို့ရပါပြီ။ ထမင်းအချပ် ၂ ခုယူပြီး တခုချင်းစီကို အရင်ဆုံး ဘရက်ရှ်လေးနဲ့ Mayonnaise လိုက်သုတ်ပါ။ ပြီးရင် ခုနက ချက်ထားတဲ့ ဆော့စ်အရည်လေးကိုပါ အပေါ်က ထပ်သုတ်လိုက်ပါ။
ဆော့စ်သုတ်ထားတဲ့ အပေါ်ကို ဆလပ်ရွက်၊ နှမ်းရွက် တထပ်စီ ခံပြီး အသားကင်တွေကို တင်ပါ။ အပေါ်ဆုံးကနေ မုန်လာဖြူအချဉ် (သို့) မုန်ညင်းဖြူအချဉ်တင်ပြီး နောက်တချပ် အုပ်လိုက်ရုံပါပဲ။ အရသာလည်းရှိပြီး တမျိုးလည်း ဆန်းတဲ့ ကိုရီးယားစတိုင် အသားကင် ထမင်းဘာဂါ ရပါပြီ။
Ref: My Korean Kitchen
You may also like these stories:
ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် ငါးပိထမင်းကြော်
ထိုင်းစတိုင် ကောက်ညှင်းငချိတ် ပူတင်း အချိုပွဲ လုပ်စားကြမယ်
အရသာ လေးလေးပင်ပင် ကြိုက်သူတွေ နှစ်သက်မယ့် ဟင်းအနှစ် Udon ခေါက်ဆွဲ