အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ သင်္ဘောသီးအစိမ်းကို ဟင်းလျာ ချက်ပြုတ်တဲ့နေရာမှာ ထည့်သုံးလေ့ ရှိပါတယ်။ နူးအိသွားတဲ့အခါ အချိုရည်ဝင်နေတဲ့ သင်္ဘောသီးအတုံးလေးတွေ တကယ်ပဲ အရသာရှိပါတယ်။ ဗီယက်နမ်ရိုးရာ ဝက်ခြေထောက်နဲ့ သင်္ဘောသီးစွပ်ပြုတ် ချက်ဖို့ လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဝက်ခြေထောက်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ချင်း
သင်္ဘောသီးစိမ်းတို့ ပါဝင်ရပါမယ်။
အရင်ဆုံး ဝက်ခြေထောက်တွေကို ရေနဲ့ ဆေးကြောပြီး အမွှေးမျှင်တွေ သေချာသန့်စင် ဖယ်ရှားပြီးရင် အတုံးလေးတွေ တုံးထားပါ။ ပြီးရင်တော့ ရေနဲ့ ၁၀ မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပြီး အရည်တွေကို သွန်ပစ်ပါ။ ပြီးမှ စွပ်ပြုတ်အတွက် တည်ပါမယ်။
ဝက်ခြေထောက်ကို အချိန်ခဏလေးနဲ့ နူးသွားအောင် Slow cooker ထဲမှာ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ အလုံးလိုက် ထည့်ပြီး ငါးငံပြာရည် အနည်းငယ် (မကြိုက်ရင် ပဲငံပြာရည် အစားထိုး သုံးနိုင်ပါတယ်) သကြားထည့်၊ ရေမြှုပ်အောင်ထည့်ပြီး တည်ပေးထားပါ။
၂ နာရီလောက် ပွက်ပွက်ဆူအောင် တည်ပေးရပါတယ်။ ပြီးရင်တော့ မီးအပူချိန် လျှော့ပြီး နောက်ထပ် ၂ နာရီ ၃ နာရီလောက် နူးလာတဲ့ထိ ထပ်တည်ပေးပါ။
ဝက်ခြေထောက် စွပ်ပြုတ်အိုး တည်နေတုန်းမှာ သင်္ဘောသီးအစိမ်းတွေကို အခွံနွှာပြီး၊ အစေ့ဖယ်၊ ၂ လက်မ အရွယ်တော် အတုံးလေးတွေ တုံးပါ။ ဝက်ခြေထောက်စွပ်ပြုတ်ကို အရသာ မြည်းကြည့်ပြီး အပေါ့အငန် လိုအပ်သလို ဖြည့်စွက်ပါ။
အရသာ အဆင်ပြေပြီဆိုရင် သင်္ဘောသီးစိမ်း အတုံးလေးတွေ ထည့်ပြီး နောက်ထပ် ၁ နာရီလောက် ထပ်တည်ပေးပါ။ စွပ်ပြုတ်အိုး ချခါနီးမှာ ကြက်သွန်မြိတ် (သို့မဟုတ်) တရုတ်နံနံပင် ကြိုက်နှစ်သက်ရာ ခတ်ပါ။
လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ဗီယက်နမ် ရိုးရာအစားအစာ ဝက်ခြေထောက် သင်္ဘောသီးစွပ်ပြုတ် ရပါပြီ။
Ref: The Spruce Eats