ဒီတပတ် ကိုရီးယားနိုင်ငံမှာ လူကြိုက်များတဲ့ ဟင်းလျာတမျိုးကို ဝေမျှပေးချင်ပါတယ်။ တရုတ်ကနေ ယူဆောင်လာတဲ့ ဝက်သားချိုချဉ်ကြော်ဟာ ကိုရီးယားနိုင်ငံက တရုတ်စားသောက်ဆိုင်တွေမှာ မရှိမဖြစ် အထူးမီနူးပါ။ လူကြိုက်များသလို စားလိုက်တိုင်း ကြွပ်ကြွပ်ရွရွ ဝက်သားကြော်နဲ့ ချိုချဉ်အရသာ ဆော့စ်အနှစ်က တကယ့်ကို လိုက်ဖက်လွန်းပါတယ်။
အိမ်မှာပဲ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ကိုရီးယား-တရုတ် ဝက်ချိုချဉ်ကြော် (Tangsuyuk) အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဝက်သား
ပြောင်းဖူးကော်မှုန့်
ကြက်ဥ
ကြက်သွန်နီ
သခွားသီး
မုန်လာဥနီ
ငရုတ်ပွ
နာနတ်သီး
မှိုတို့ လိုအပ်ပါတယ်။
အရင်ဆုံး ဝက်သားကို ၃ လက်မခွဲနဲ့ ၁ လက်မခွဲလောက် အရွယ်အစားအတိုင်း ပိုင်းဖြတ်ထားပါ။ ဝက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ချင်းတို့ ထည့်နယ်ပြီး ကြော်ဖို့ ပြင်ဆင်ထားပါ။
ချက်ပြုတ် မပြင်ဆင်ခင် ၁ နာရီလောက်အလိုတည်းက ပြောင်းဖူးကော်မှုန့်နဲ့ ရေကို ဆတူ အချိုးအတိုင်း မွှေပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
ချိုချဉ်ကြော်ထဲ ထည့်မယ့် သခွားသီး၊ မုန်လာဥနီ၊ မှို၊ ကြက်သွန်နီ တို့ကို အနေတော် အပိုင်းလေးတွေ ဖြတ်ထားပါ။ ဆော့စ်ချက်ဖို့အတွက် ဒယ်အိုးထဲမှာ ရေ၊ ပဲငံပြာရည်၊ သကြား၊ ရှာလကာရည်နဲ့ ဆားအနည်းငယ် ထည့်ပြီး အားလုံးပျော်ဝင်သွားတဲ့ထိ ဆူအောင်တည်ပေးပါ။
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ မုန့်နှစ်တွေကို ထုတ်ပြီး ကြက်ဥခေါက်ထားတဲ့ထဲကို ရောမွှေပါ။ ခဲနေရင် ဆီအနည်းငယ် ထည့်ပြီး ပျော်သွားအောင် လုပ်ရပါမယ်။
ကြက်ဥနဲ့ မုန့်နှစ် နယ်ထားတဲ့ထဲကို ဝက်သားတွေ ထည့်ပါမယ်။ မုန့်နှစ်နဲ့ နယ်ထားတဲ့ ဝက်သားတွေကို ဒယ်အိုးထဲမှာ ဆီများများနဲ့ အပူချိန် ၃၅၀ ဖာရင်ဟိုက်လောက် ထားပြီး ရွှေအိုရောင် သမ်းလာတဲ့အထိ ၃ မိနစ်လောက် ကြော်ပေးရပါမယ်။ ပြီးရင် ကြော်ထားတဲ့ ဝက်သားကြော်တွေကို ဆီစစ်ထားပါ။ နောက်တခါ ၂ မိနစ်၊ ၃ မိနစ်လောက် ထပ်ကြော်ပေးပါ။
ဝက်သားကြော်လို့ပြီးရင် ဆော့စ်အနှစ်ကို ပြန်အပူပေးပါ။ ဆော့စ်ထဲကို အရွယ်တော် ပိုင်းဖြတ်ထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီတို့ ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် ပြောင်းဖူးကော်မှုန့်ကို ရေဖျော်ပြီး ပျစ်လာအောင် တည်ပါ။ ပြီးရင် ငရုပ်ပွ၊ နာနတ်သီးတစိတ်နဲ့ သခွားသီး၊ မှိုတို့ကို ထည့်မွှေပြီး ချလိုက်ရုံပါပဲ။
နှစ်သက်သလို ကြော်ထားတဲ့ ဝက်သားကြော်ပေါ် အနှစ်ရည်ကို ဆမ်းစားနိုင်သလို၊ ဝက်သားကြော်အတိုင်းပဲ ဆော့အနှစ်ရည်ထဲ နှစ်ပြီးလည်း စားသုံးနိုင်ပါတယ်။
Ref: Korean Bapsang