ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Curry ဟင်းအနှစ်ဆိုင်ကြီးကို ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါပြီ။ Ichibanya ရဲ့ Curry House ကို မြို့တော် ဒေလီမှာ ဖွင့်လှစ်လိုက်တာပါ။
နွေဦးရာသီလောက်တည်းက ဖွင့်ဖို့စီစဉ်ထားပေမယ့် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် သြဂုတ်လမှပဲ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ Ichibanya ကုမ္ပဏီ တာဝန်ရှိသူတဦးက ဆိုပါတယ်။ အသီးအရွက်၊ အမဲသား၊ ဝက်သားတွေနဲ့ ရောပြီးချက်ပြုတ်ပြင်ဆင်ထားတဲ့ curry ဟင်းတွေကို အိန္ဒိယရဲ့ ဘာသာရေးအရ အသားနေရာမှာ ငါး၊ ပင်လယ်စာ၊ ကြက်သားတွေနဲ့ ပြောင်းလဲ ပြင်ဆင်ပေးထားတယ်လို့ ပြောပါတယ်။
CoCoIchi လို့ လူသိများတဲ့ Curry ဟင်းအနှစ် စားသောက်ဖွယ်ရာတွေဟာ အိန္ဒိယလူမျိုးတွေကြားမှာ ခေတ်စားလာပြီလို့ အသက် ၃၈ နှစ်အရွယ် အိန္ဒိယလူမျိုးတဦးက ပြောပါတယ်။ အိန္ဒိယလူမျိုးတွေကိုယ်တိုင်က အစားအသောက် အသစ်အဆန်း မြည်းစမ်းရတာကို သဘောကျသလို၊ Curry ဟင်းအနှစ်ပုံစံမျိုးကလည်း အရင်စားနေကျ ဟင်းပုံစံတွေနဲ့ ဆင်တူတာကြောင့် အကြိုက်တွေ့ကြတာလို့ ဆိုပါတယ်။
ဆိုင်စဖွင့်ချင်းမှာတော့ ဂျပန်လူမျိုးတွေနဲ့ တခြားလူ အနည်းငယ်လောက်ပဲ ဆိုင်ရှေ့မှာတန်းစီစောင့်ဆိုင်းနေပေမယ့် အခုချိန်မှာတော့ အိန္ဒိယလူမျိုးတွေကြားပါ ခေတ်စားနေပါတယ်။ အိန္ဒိယနိုင်ငံဟာ COVID-19 ကူးစက်မှု ဒုတိယအမြင့်ဆုံး ဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့ အပြင်အဆင်တွေကိုပါ ဂရုတစိုက် ဆောင်ရွက်ပေးထားတယ်လို့ ဆိုင်တာဝန်ရှိသူတဦးက ဆိုပါတယ်။
“CoCoIchi က curry ဟင်းအနှစ်တွေကို ၃ နှစ်အတွင်း ဒါပထမဆုံးအကြိမ် ပြန်စားရတာပဲ” လို့ အိန္ဒိယမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် ဂျပန်လူမျိုး ကုမ္ပဏီဝန်ထမ်း Shinji leki က ပြောပါတယ်။ “ကျနော် တချိန်လုံးရှာဖွေနေတဲ့ အရသာတခုကို ပြန်တွေ့လိုက်ရသလိုပါပဲ။ ဒီဆိုင်ကို အမြဲအားပေးသွားမှာပါ” လို့ leki က ဆိုပါတယ်။
CoCo Ichibanya ရဲ့ ပထမဆုံး အိန္ဒိယဆိုင်ခွဲကို သြဂုတ်လ ၃ ရက်နေ့က မြို့တော် နယူးဒေလီက Gurugram ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ကို Mitsui ကုမ္ပဏီက ရှယ်ယာ ၆၀ ရာခိုင်နှုန်း၊ Ichibanya ကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်းစီနဲ့ အကျိုးတူ ပူးပေါင်းထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Ichibanya စားသောက်ဆိုင်ခွဲပေါင်း ၁,၄၄၇ ဆိုင်ရှိပြီး အများစုက ဂျပန်နိုင်ငံပြည်တွင်းနဲ့ နိုင်ငံခြားတိုင်းပြည် ၁၂ နိုင်ငံမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
Ref: Kyodo News