ဒီတပတ်မှာတော့ တပွဲတည်းနဲ့ ပြီးပြည့်စုံစေတဲ့ ရသာစုံ ထမင်းကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ အာရှနိုင်ငံတွေမှာ အရသာအမျိုးမျိုးနဲ့ ထမင်းကြော် မီနူးအစုံ ရှိတဲ့ထဲက အနံ့အရသာအစုံနဲ့ လူတိုင်း ကြိုက်မယ့် တုံယမ်း ထမင်းကြော်ပါ။ အရင်တပတ်က မညွှန်းလိုက်ရတဲ့ အိမ်လုပ် တုံယမ်းအနှစ်လုပ်နည်းကိုပါ ပြောပြပေးသွားမှာပါ။
တဇွန်းစား လိုက်တိုင်း မရပ်ချင်လောက်အောင် ဆွဲဆောင်နိုင်မယ့် တုံယမ်းထမင်းကြော်ဖို့အတွက် အောက်ပါအတိုင်း လိုအပ်ပါတယ်။
ပုစွန်
ကြက်သား
ကောက်ရိုးမှို
ကြက်ဥ
ထမင်း
ငရုတ်ဆီအနှစ်
ငရုတ်သီးစိမ်း
မုန်လာဥနီ
ပဲစိမ်းလုံး
သံပုရာသီး
ငါးငံပြာရည်
ကြက်သွန်ဖြူ
ဆီတို့ လိုအပ်ပါတယ်။
အရင်ဆုံး ထမင်းကြော်ထဲထည့်မယ့် ကြက်ဥမွှေကြော် လုပ်ပါမယ်။ ကြော်ပြီးပြီဆိုရင် ပန်းကန်တလုံးထဲ ခဏ ထည့်ထားပါ။ ပုစွန်နဲ့ ကြက်သားတွေကို သန့်စင်ပြီး အသားကို အနေတော် တုံးထားပါ။
ထမင်းကြော်ဖို့ ဆီပူလာရင် ကြက်သွန်ဖြူထောင်းထားတာကို ဆီသတ်ပါမယ်။ အနံ့မွှေးလာပြီဆိုရင် ကြက်သား၊ ပုစွန်၊ မှို၊ ပဲစိမ်းလုံး၊ မုန်လာဥနီတို့ကို ထည့်ကြော်ပါ။ ထမင်းမထည့်ခင်မှာ တုံယမ်းအနှစ်ကို အရင်ထည့်ပြီးမှ ထမင်းကို ထည့်ပြီးနယ်ပါ။
အရသာအတွက် ငါးငံပြာရည် အနည်းငယ် ထည့်ပါ။ မွှေကြော်ထားတဲ့ ကြက်ဥကြော် ထည့်မွှေပါ။ အားလုံးကျက် ပြီဆိုရင်တော့ ပန်းကန်ပြားပေါ်တင်ပြီး သံပုရာသီး ညှစ်ပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ အပေါ်က ဖြူးလိုက်ပါ။ အနံ့အရသာမွှေးပျံ့ပြီး အကြိုက်တွေ့မယ့် တုံယမ်းထမင်းကြော်ရပါပြီ။
အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်မယ့် တုံယမ်းအနှစ်လုပ်နည်းကို ပြောပါမယ်။ ထိုင်းလို Nam Prik Pao လို့ခေါ်တဲ့ ငရုတ်ဆီချက်အနှစ်ရယ်၊ စပါးလင်အနည်းငယ်၊ ရှောက်ရွက်ကို ပါးပါးလှီးထားပါ၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထည့်ပါမယ်။ ငါးငံပြာရည် အနည်းငယ်၊ ကြက်သွန်နီ၊ သကြားအနည်းငယ်နဲ့ နံနံပင်အမြစ်၊ အရွက်တို့ကို ပါးပါး လှီးထားပါ။
ပါဝင်မယ့် ပစ္စည်းတွေအားလုံးကို ကြိတ်စက်ထဲထည့်ပါ။ သံပုရာသီး ၂ လုံးလောက် ညှစ်ထည့်ပါ။ အားလုံးကို ကြိတ်စက်နဲ့ သမအောင် ကြိတ်လိုက်ရင် အလွယ်တကူ သုံးနိုင်မယ့် တုံယမ်းအနှစ် ရပါပြီ။ လေလုံဘူးထဲကို ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားရင် အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက် အထားခံပါတယ်။
Ref: Rasa Malaysia , Food & Home
You may also like these stories:
ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး
ချဉ်စပ်အရသာ ယိုးဒယား တုံယမ်းခေါက်ဆွဲပြုတ် ချက်စားရအောင်