“MasterChef Legends 2021” ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး “စု” က သူ့ကို အားပေးနေကြတဲ့ မြန်မာ ပရိသတ်တွေအတွက် ယနေ့၊ ဇွန်လ ၁၅ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် Instagram အကောင့်ကနေ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
“မင်္ဂလာပါရှင်။ MasterChef US Season Legends မှာ ဟင်းချက် ပြိုင်နေတဲ့ စုပါ။ ဒီနေ့ စု ကိုယ်ကိုယ်ကိုယ် မိတ်ဆက်ရင်း၊ ပြိုင်ပွဲအကြောင်း ရှင်းပြရင်းနဲ့ အားလုံးကို ကျေးဇူးတင်စကား ပြောပါရစေ။ စုက ရန်ကုန်မှာမွေး၊ ရန်ကုန်မှာ ကြီးပါတယ်။ အထက်တန်းပညာကော၊ တက္ကသိုလ်ပညာကော မြန်မာနိုင်ငံမှာပဲ သင်ယူခဲ့ပါတယ်”
“စုက Professional Chef တယောက် မဟုတ်ပါဘူးရှင်။ ဟင်းချက်ရတာ ဝါသနာပါတယ်။ ဟင်းပွဲ လှလှပပ ပြင်ဆင်ရတာ၊ ဓာတ်ပုံ ရိုက်ရတာကို သဘောကျတယ်။ မိသားစုတွေ၊ ချစ်တဲ့ခင်တဲ့သူတွေကို ဟင်းချက်ပြုတ် ကျွေးမွေးရရင် ပျော်နေတဲ့ သာမန် Home cook တယောက်ပါ။ စားဖိုမှူးတယောက်အနေနဲ့ အလုပ်မလုပ်ဖူးသလို၊ ဟင်းချက်ပညာတွေ သင်တဲ့ ကျောင်းလည်း မတက်ဖူးပါဘူးရှင်”
“စုရဲ့ ဟင်းချက်ပညာ အများစုကတော့ မိဘတွေနဲ့ အဘွားကို သူတို့ရဲ့ မီးဖိုချောင်မှာ ကူညီလုပ်ကိုင်ပေးရင်းနဲ့ သင်ခဲ့တာပါ။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူခဲ့တာတွေ ရှိတဲ့အတွက် စုမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ရှိပါတယ်”လို့ စုက ပြောပါတယ်။
ဆက်လက်ပြီး စုက MasterChef ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူရှင်းပြချင်တဲ့ အကြောင်းအရာတခုကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“MasterChef နဲ့ ပတ်သက်ပြီးတော့ စု ရှင်းပြချင်တာ တခု ရှိပါတယ်။ ဒီပြိုင်ပွဲက Live သွားနေတာ မဟုတ်ပါဘူး။ စုရဲ့ MasterChef ခရီးက ၂၀၁၉ ကတည်းက စခဲ့တာပါ။ ပြိုင်ပွဲတခုလုံးက မနှစ်ကတည်းက အစအဆုံး အပြီးအစီး ပြိုင်ပြီးသား။ အစအဆုံး အပြီးအစီး ရိုက်ပြီးသားပါ”
“ကိုဗစ်နဲ့ကြောင့်မို့လို့ နှောင့်နှေးမှုတွေ ရှိတဲ့အတွက် ဒီနှစ်မှာ ပြသရတာပါ။ ပြိုင်ပွဲက ဘယ်လောက်အထိ ပြင်းထန်မယ်၊ စုက ဘယ်အဆင့်ထိ ပါမယ်။ Winner ဘယ်သူဖြစ်မယ်။ ဒါတွေအားလုံးရဲ့ အဖြေက တပတ်ပြီး တပတ် ယှဉ်ပြိုင်ရင်းနဲ့ နှစ်ကုန်ပိုင်းလောက်မှ အားလုံးအဖြေတွေ သိကြရမှာပါ”လို့ စုက ဆိုပါတယ်။
MasterChef တယောက်ဖြစ်ဖို့ ယှဉ်ပြိုင် ရွေးချယ်နေတာ ဖြစ်တဲ့အတွက် မျိုးစုံသော တတ်ကျွမ်းမှုတွေကို ပြသ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအစားအသောက်ချည်းပဲ ချက်လို့ မရဘူးလို့ ဆိုပါတယ်။
“MasterChef တယောက်ဖြစ်ဖို့ ယှဉ်ပြိုင်နေကြတာ၊ MasterChef တယောက်ဖြစ်ဖို့ ရွေးချယ်နေကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်လောက် တီထွင်ကြံဆမှု ကောင်းတယ်၊ မျိုးစုံသော ဟင်းချက်စတိုင်တွေ၊ Techniques တွေကို ဘက်စုံ တတ်ကျွမ်း နားလည်လဲဆိုတာ ပြရတာ ဖြစ်တဲ့အတွက် မြန်မာအစားအသောက်ချည်းပဲ ချက်လို့ မရပါဘူးရှင်”
“ဒါပေမဲ့ MasterChef Kitchen ထဲမှာပဲဖြစ်စေ၊ MasterChef Kitchen ပြင်ပမှာပဲဖြစ်စေ အမြဲတမ်းတော့ မြန်မာ့ရိုးရာ၊ မြန်မာ့ အငွေ့အသက်ပါအောင် အမြဲတမ်း ပြင်ဆင်ပါတယ်။ စု အုန်းနို့ခေါက်ဆွဲနဲ့ White Apron ရတဲ့ အချိန်မှာ အားလုံးကို ကျေနပ်ပျော်ရွှင်မှုတခု ပေးနိုင်မယ်ဆိုတာ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အားလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ခက်ခဲနေကြတဲ့ အချိန်မျိုးမှာတောင်မှ စုကို အင်တိုက်အားတိုက်နဲ့ ချစ်ခင်ပေးကြတာ၊ အားပေးပေးကြမယ်လို့တော့ တကယ် မမျှော်လင့်ခဲ့ပါဘူး”
“စုရဲ့ Audition video ကို ကြည့်ပြီး ဂုဏ်ယူရတယ်၊ မျက်ရည်ကျရတယ်လို့ ပြောကြတဲ့အတွက် စုက အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဝမ်းသာ ကြည်နူးရလွန်းလို့၊ ကျေးဇူးတင်ရလွန်းလို့ မျက်ရည်ကျရတဲ့သူပါ။ မြန်မာတယောက်အနေနဲ့ မြန်မာအစားအစာကို ဒီလိုမျိုး ချက်ပြုတ် ပြင်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူရတဲ့သူပါ”လို့ စုက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ သတင်းတွေ အများကြီး ရှိနေတဲ့အတွက် စုက သူပါဝင်တဲ့ MasterChef ပြိုင်ပွဲကို အချိန်တကူးတက ပေးပြီး ကြည့်ရှုဖို့ မတောင်းဆိုဝံ့ဘူးလို့ ဆိုပါတယ်။
“စုထက် ပိုပြီးအရေးကြီးတဲ့ သတင်းတွေ အများကြီးရှိနေတဲ့အချိန်မှာ တကူးတကကြီး အချိန်တွေ ဖဲ့ပေးပြီး ကြည့်ရှုပေးပါလို့ မတောင်းဆိုရဲပါဘူး။ အခါအခွင့်သင့်လို့ စု ဟင်းချက်နေတာကို တွေ့ရင် ဒါ မြန်မာအမျိုးသမီးတယောက် MasterChef ပြိုင်ပွဲဝင်နေတယ်လို့ပဲ စိတ်အပန်းဖြေစရာ တခုအနေနဲ့ မြင်ပေးကြရင်ပဲ ကျေနပ်ပါပြီ”
“စုကိုပေးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ စိတ်ဓာတ်ခွန်အားတွေက အပြည့်အဝထက်ကို ပိုလျှံ ပြည့်လျှံပြီးရတဲ့အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ စုဘက်ကလည်း ဒီချစ်ခြင်းမေတ္တာတွေ အားလုံးကို ပြန်လည် တုံ့ပြန်ပါတယ်။ မျှဝေပါတယ်။ အောင်မြင်ပါစေ ဆုတောင်းပေးကြတာလည်း ကျေးဇူးတင်ပါတယ်။ စု အကောင်းဆုံး ကြိုးစားပါမယ့်ရှင်။ အားလုံး အေးချမ်းပါစေ”လို့ စုက ပြောထားပါတယ်။
You may also like these story:
“MasterChef Legends” မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး “စု”