ကျန်းမာရေးချို့တဲ့သော ရင်သွေးငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအတွက် စင်တင်ဖျော်ဖြေပွဲကို ဧပြီ ၆ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ရင်ပြင် ကစားကွင်း၌ မွန်းလွဲ ၂ နာရီမှ ည ၁၁ နာရီအထိ ကျင်းပခဲ့ရာ အလှူငွေ ကျပ်သိန်း ၂၀ ကျော်ရရှိခဲ့ကြောင်း ယင်းပွဲကို စီစဉ်ပေးသည့် လူရွှင်တော် ဦးမေတ္တာက ဧရာဝတီသို့ပြောသည်။
ဖျော်ဖြေပွဲကို ရန်ကုန် ကလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသော ကလေးငယ်များအတွက် ကျင်းပခြင်းဖြစ်ပြီး EVENING STAR တေးဂီတ အဖွဲ့မှ အဓိက တီးခတ်ကာ အနုပညာရှင် ၃၀ ကျော်က တေးသီချင်းဖျော်ဖြေခြင်း၊ လူရွှင်တော် ဦးမေတ္တာအဖွဲ့၏ ပြုံးပျော် ကြည်နူးဖွယ်ရာဟာသ အစီအစဉ်တင်ဆက်ခြင်းအပြင် Dancer အဖွဲ့များလည်းဖျော်ဖြေခဲ့သည်။
တေးသီချင်း ၂ ပုဒ်သီဆိုသွားသည့် သရုပ်ဆောင် ဆုပန်ထွာက “ အနုပညာနဲ့ ဖျော်ဖြေပြီး နေမကောင်းတဲ့ ကလေးတွေ အတွက် ကူညီပေးရတာ အရမ်းဝမ်းသာပါတယ်။ ကလေးတွေ မြန်မြန် နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်” ဟု စင်ပေါ်တွင် ပြောခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် သရုပ်ဆောင် ရာဇာနေဝင်းကလည်း ကလေးငယ်များအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ဲပြီး အနုပညာရှင်များကလည်း အလှူငွေများ တတ်အားသရွေ့ထည့် ဝင်ကြသည်ကိုတွေ့ရသည်။