[irrawaddy_gallery]
CMF (Christian Music Fellowship) ခရစ်ယာန် တေးဂီတ အဖွဲ့ကနေ ဦးစီးပြီး ရန်ကုန် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ မှာ ဇွန် ၂၇ ရက်နေ့က ကျင်းပတဲ့ ဈေးပွဲတော်မှာ သွားရောက်ပြီး ဖျော်ဖြေ တင်ဆက် ခဲ့ကြပါတယ်။
CMF အဖွဲ့မှာ သိက္ခာတော်ရဆရာတော် ဦးဂွမ်လာ၊ ကိုအောင်ဒူး (စတူဒီယို D)၊ ကိုတွတ်ကီ (မဇ္ဈိမလှိုင်း ဒရမ်မာ)၊ တေးသံရှင် အက်စ် ကဲနက်၊ တေးသံရှင် ကေဂျာနူး တို့က ဦးစီးဦးဆောင်ပြုပြီး ၁၉၉၉ ခုနှစ်ကတည်းက အခုလို စိတ်ကျန်းမာရေး ဆေးရုံရဲ့ နိဗ္ဗာန်ဈေး ပွဲတော်မှာ ပါဝင် ကူညီခဲ့ကြတာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆေးရုံမှာ နှစ်စဉ် ဇွန်လတိုင်း နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပခဲ့ကြပြီး အလှူရှင်တွေက စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနဲ့ လူနာတွေကို လာရောက်လှူဒါန်းကြတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ CMF အနေနဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ လာရောက်ဖျော်ဖြေကြတာ ဒုတိယမြောက် ဖြစ်ပြီး ခရစ်စမတ်မှာလည်း ထပ်မံလာရောက် ဖျော်ဖြေကြဦးမယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲမှာ CMF အဖွဲ့ဝင် တေးသံရှင်တွေ၊ ပါဝင် ကူညီကြတဲ့ တေးသံရှင်တွေ အပြင် စိတ်ကျန်းမာရေး ဆေးရုံက လူနာတွေကလည်း သီချင်းတွေနဲ့ ပြန်လည် ဖျော်ဖြေ တင်ဆက် ကြတာ တွေ့ရပါတယ်။
ဒီလို နှစ်စဉ် လာရောက် ဖျော်ဖြေပေးနေတဲ့အတွက် လူနာတွေအတွက် Music Therapy ကုထုံး တခုလည်းဖြစ်ပြီး တခါတရံ ဆေးဝါးတွေထက် ပိုပြီး အကျိုးရှိတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုး (Medical Superintendent) က ပြောပါတယ်။
“ဒီလို လာပြီး ဖျော်ဖြေပေးတာဟာ လူနာတွေအတွက် အကျိုးအမြတ် သိပ်ရှိတာပေါ့။ စိတ်ရောဂါနဲ့ ပတ်သက်ပြီး ကုသတဲ့ အခါမှာ ဆေးဝါးနဲ့ကုတာရှိတယ်၊ ဆေးဝါးမဟုတ်တဲ့ ကုနည်းနဲ့ ကုသတာ ရှိတယ်။ ဆေးဝါး ကုနည်းကတော့ ဆရာတို့ဘက်က အမြဲ လုပ်နေတဲ့အရာပါ။ ဆေးဝါးမဟုတ်တဲ့ ကုနည်းက အဓိက အရေးအကြီးဆုံး အချက်က သူတို့ကို နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးဖို့၊ နားလည်လက်ခံပေးဖို့ အရေးအကြီးဆုံးပဲ။ အမေရိကန်က စိတ်ကျန်းမာရေး ဆရာဝန်ကြီး တယောက် ပြောတာ ရှင်းပါတယ်၊ စိတ်ဝေဒနာရှင် တွေကို ဘယ်လို မြင်ရမှာလဲ ဆိုရင် “The Man With The Difficult Time” တဲ့၊ ခက်ခဲတဲ့ အချိန်ကို ကြုံနေရတဲ့ လူတွေပါတဲ့။ အရေးအကြီးဆုံးက မိသားစုတွေ၊ အသိုင်းအဝိုင်းတွေ၊ လူမှုအဖွဲ့ အစည်းတွေက အရှိကို အရှိအတိုင်း မြင်ပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံပေးမယ် ဆိုရင် အရမ်း အကျိုးရှိပါတယ်။ အခုလို အချိန်အတိုင်းအတာ အတိုလေးမှာပဲ ဖြစ်ဖြစ် စင်ပေါ်တက်လို့ ရတယ်၊ သီချင်း ဆိုလိုက်ရတယ်၊ ဖွင့်ဟလိုက်ရတယ်၊ လက်ခုပ်သြဘာ သံတွေရတယ်၊ ဆုချီးမြှင့် ခံရတယ်ဆိုတော့ ဒီလိုလုပ်ပေးတာဟာ တခါတလေကျရင် ဆေးထက်တောင် တာသွားသေး သလိုပဲ” လို့ ဆေးရုံအုပ် ဆရာဝန်ကြီး ဦးကျော်စိုးက ရှင်းပြပါတယ်။
ဒီလိုပွဲမျိုးကို နှစ်စဉ် လာရောက် တင်ဆက်ပေးနေတဲ့ CMF အဖွဲ့နာယက တေးသံရှင်ကေဂျာနူးကလည်း ဒီပွဲမှာ ပါဝင်ဖြစ်ရတဲ့ အတွက် ပီတိဖြစ်ရကြောင်း၊ နှစ်စဉ် CMF အနုပညာ မောင်နှမတွေ အစဉ်အမြဲပါဝင်ကြတဲ့ ပွဲ ဖြစ်တဲ့အကြောင်း၊ ဒီကလူနာတွေ လည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်လို့ ပျော်ရတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။
“၁၉၉၉ ကနေ ဒီနေ့အထိ နှစ်စဉ် လုပ်ခဲ့တာပါ။ CMF ထောင်ဖြစ်ခဲ့တာက ၁၉၉၆ သြဂုတ်လမှာ စပြီးဖွဲ့ဖြစ်ခဲ့တယ်။ စဖွဲ့ တုန်းကတော့ အနုပညာရှင် ၁၀၀ ကျော်လောက်က စဖွဲ့ဖြစ်ခဲ့တယ်။ အခုတော့ အနုပညာရှင်တွေ အများကြီးပဲ ပါဝင်ကြ ပါတယ်။ CMFအနေနဲ့ ကတော့ ဓမ္မတေးတွေနဲ့ ဘုရားသခင် ဘုန်းတော်ထင်ရှားစေတယ် အဲဒါ ပထမ ရည်ရွယ်ချက်ပါ၊ ဒုတိယကတော့ အားငယ်နေတဲ့ သူတွေ၊ လိုအပ် နေတဲ့သူတွေကို ကျမတို့ရဲ့ Music အင်အားနဲ့ ကူညီပေးတယ်၊ဒီ စိတ်ကျန်းမာရေးကို ကျမတို့က ဂီတကုထုံး အနေနဲ့ လုပ်ပေးတာပါ။ ကျမတို့က ဂီတကုထုံး အစစ်တော့ မဟုတ်ဘူး။ ပါဝင်တဲ့ သူတွေကလည်း အားရပါးရ စိတ်ပျော်ရွှင်စွာ ပါဝင်ကြတယ်၊ အားငယ် ဒုက္ခရောက်သူတွေ၊ စိတ်ဓာတ်ကျနေတဲ့ သူတွေ အတွက် အားပေးတဲ့ သဘောပါ။ အရင်ကဆို အနာကြီးရောဂါ သည်တွေအတွက် ရန်ပုံငွေ ရှာပေးတယ်။ သီချင်းတွေဆို ရန်ပုံငွေ ရှာပေးတာပေါ့။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ပူးတွဲ လုပ်ပေးပါတယ်။ တတ်နိုင်သမျှ အင်အားနဲ့ ပါဝင် လုပ်ဆောင်ပေးပါတယ်။ အဖွဲ့မှာ အန်တီ ကေဂျာနူးက နာယက အနေနဲ့လုပ်ပါတယ်။ ကိုစောအောင်ဒူး (ကီးဘုတ်) ကတော့ ဥက္ကဋ္ဌ အနေနဲ့ လုပ်ပါတယ်။ ကိုတွတ်ကီက ဒုဥက္ကဋ္ဌ၊ ကိုဝေလျံက အတွင်းရေးမှူး၊ ဆရာတေးရေး စောဂျိုးဂျိုက အတွင်းရေးမှူး၊ဘဏ္ဍာထိန်း အနေနဲ့ ဆရာမ ကေဂျာဆန်နဲ့ မဆိုင်းပန်တို့က လုပ်ပါတယ်။ ကျန်တဲ့ ကိုဖိုးဖိုးတို့၊ စပယ်သင်းတို့ကတော့ ကော်မတီဝင်တွေ ပေါ့နော်။ ကော်မတီမှာလည်း လူငယ်လူကြီး အဲဒီလိုလေး တွဲထားပါတယ်။ အလုပ်လည်း သင်ရင်းနဲ့လုပ်တာပေါ့။ ကော်မတီ လေးကို ၁၅ ယောက်လောက်နဲ့ လုပ်ထားပါတယ်။ အခုကျော်ကြားနေတဲ့ ခရစ်ယာန် အနုပညာရှင်တွေ အမြဲတမ်း အလျဉ်းသင့်သလို ဆိုပေးကြပါတယ်” လို့ ဒေါ်ကေဂျာနူးက ရှင်းပြပါတယ်။
ပါဝင်ကူညီတဲ့ တေးသံရှင် ဘိုဘိုဟန်ကလည်း သားဖြစ်သူ ကိုရင်ဝတ်တဲ့ ပွဲကိုတောင် မသွားဘဲနဲ့ အခုပွဲကို လာရောက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
“ဦးက ဒီလိုပွဲတွေ ဆိုနေတာ နှစ်ပေါင်းတော်တော် များများရှိနေပါပြီ။ အထူးသဖြင့် ဒီလို ပရဟိတ ပွဲလေးတွေပေါ့။ အဲဒီလို ပွဲတွေ အများဆုံး ဆိုဖြစ်တယ်။ ဦးအနေနဲ့ကတော့ ပရဟိတ ပွဲတွေပဲ အခုနောက်ပိုင်း အများဆုံး ဆိုဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
အမေရိကန်ကနေ မိခင်ကျန်းမာရေးကြောင့် ၆ ရက်ကြာ ရောက်ရှိနေတဲ့ ေတေးသံရှင် မီမီဝင်းဖေကိုလည်း ဒီပွဲမှာ လာရောက် ဖျော်ဖြေတာ တွေ့ခဲ့ ရပါတယ်။ ဇွန် ၂၈ မှာ အမေရိကန် ပြန်သွားမယ့် မီမီဝင်းဖေက ဇွန် ၂၇ မှာ သွားဖို့ မပြင်ဆင်ဘဲ ဒီပွဲကို လာရောက် ဖျော်ဖြေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မီမီဝင်းဖေက “ဒီမှာ ဖျော်ဖြေတာက ဖျော်ဖြေနေကျပါ။ ဒါက အစ်မတို့ လုပ်ကိုလုပ်ရမယ့် အလုပ်တခုလို့ ခံစားပြီး လာတာပါ။ ဒီမှာ အခုနေတာက ၆ ရက်ပဲပေါ့။ လာတုန်းက ကိုတိုး (ခင်မောင်တိုး) အမှတ်တရ အခွေ သွင်းဖို့နဲ့ တခြားကိစ္စလေး တခုရယ် ပေါင်းပြီးလာတာ။ ဒီနေ့ ဒီနေရာမှာ ဆိုချင်လို့ ပြေးလာတာ။ အစ်မက မနက်ဖြန်ပြန်မှာပါ” လို့ ပြောပါတယ်။
CMF အဖွဲ့ရဲ့ ဦးစီးသူ လူကြီး တဦးဖြစ်တဲ့ တေးသံရှင် အက်စ်ကဲနက်က “အခုလို ပွဲလေးလုပ်ပေးရတော့ ပီတိ ဖြစ်မိပါတယ်။ အစဉ်အလာ တောက်လျှောက် နှစ်တိုင်း လုပ်ခဲ့တာကိုး။ ဟိုးတံတားလေးမှာ ကတည်းကလေ။ အမြဲတမ်းလည်း လုပ်ပေးမှာပါ။ ဒီနှစ်အတွက် အလှူရှင်တွေ တိုးလာတယ် ထင်တယ်။ ပီတိဖြစ်ရပါတယ်” လို့ ပြောပြပါတယ်။
CMF အဖွဲ့ကို ဦးစီးသူ သိက္ခာတော်ရ ဆရာတော် ဦးဂွမ်လာကလည်း ဒီပွဲကို CMF စတင်ကတည်းက ၁၉၉၉၊ စက်တင်ဘာ လမှာ ၈ မိုင်က တံတာလေး စပြီး သန္ဓေတည်ခဲ့တယ်လို့ ပြောပါတယ်။
“အရင် တံတားလေးမှာ တုန်းက တလတကြိမ်၊ တနှစ်ကို ၇ ခါလောက် ရောက်ပါတယ်။ အခုတော့ ဇွန်လ တကြိမ်၊ ခရစ်စမတ် တကြိမ် တနှစ်ကို ၂ ကြိမ်တော့ ရောက်ကြပါတယ်။ ဇွန်လမှာ ဆေးရုံ နိဗ္ဗာန်ဈေး နှစ်ပတ်လည်နေ့ လုပ်ကြတယ်။ နိဗ္ဗာန်ဈေးနေ့မှာ ကုမ္ပဏီတွေက လာပြီးအလှူဒါန လုပ်ကြတာပေါ့။ စက်ပိုင်း ဆိုင်ရာမှာလည်း ကိုတင်လှိုင်က ကျနော်တို့ အဖွဲ့မှာ ကူညီပေးတယ်။ အဆိုတော်တွေ ကလည်း သူတို့စရိတ်နဲ့သူတို့ ပါဝင် ကူညီကြတယ်။ ဒီကို တခါလာတိုင်း လူနာတွေ တိုးတက်လာတာ တွေ့ရတယ်။ ဆရာဝန် ဆရာမတွေလည်း တက်တက်ကြွကြွပဲလေ။ အရမ်းဝမ်းသာပါတယ်” လို့ ဆရာတော်က ပြောပြပါတယ်။
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ ပြုလုပ်တဲ့ နိဗ္ဗာန်ဈေးပွဲတော်ကနေ အလှူငွေ ကျပ် ၁၉ သိန်းကျော်နဲ့ ပစ္စည်း စုစုပေါင်းတန်ဖိုး သိန်း ၆၀ ကျော် ရရှိခဲ့ကြောင်း၊ ဖျော်ဖြေရေးအတွက် လာရောက် ကူညီလိုသူတွေကိုလည်း ကြိုဆိုလျက်ရှိကြောင်း ဆေးရုံအုပ် ဆရာဝန်ကြီး ဦးကျော်စိုးက ဆိုပါတယ်။