ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့ ရေစီးကြောင်းထဲ စုန်မျောခဲ့ကြတာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြတယ်။ ဆန့်ကျင်ဘက် လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ ဖြစ်လာသလို၊ သဘာဝအလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ အတူယှဉ်တွဲ လာပါတော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေးပြီးတော့ ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး နမ်းပါ” တွေကျော်လွန်လာတဲ့အခါ အထိအတွေ့
နွံ နစ်ကျွံသွားကြပါတော့တယ်။ “ချစ်သူများနေ့” ရဲ့ ချောကလက်တွေ နေရာမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေထဲက ရင်ခုန်သံတွေ နေရာယူလာ ကြပါတော့တယ်။
လူတဦးချင်းစီရဲ့ အတွေ့အကြုံ၊ အတွေးအမြင်အရ ဆန္ဒကို ထိန်းချုပ်နိုင်မှု၊ ဆင်ခြင်တုံတရားရဲ့ အားသာမှု၊ ရည်ရွယ်ချက် ကြီးမားမှုတွေက အထိအတွေ့နွံမှာ မကျွံအောင် စောင့်စည်းနိုင်ကြတာတွေ ရှိသလို၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ကျဉ်ဖို့ ပြင်ဆင်ကာကွယ်မှုတွေနဲ့ သာယာကြတာလည်း ရှိကြတာပေါ့။ ယဉ်ကျေးမှုစည်းရိုး အကျိုး အပေါက် များလာချိန်မှာ လိင်ဆိုင်ရာ လွတ်လပ်မှုကို အလွဲသုံးလာကြတာက ထင်သာမြင်သာ အဖြစ်ဆုံးအနေအထားကို ရောက်လာကြပါတယ်။ ဖျော်ဖြေရေး မီဒီယာတွေဆီကနေ အတုယူလာကြတာလည်း ပါတာပေါ့။ အလွဲချော်ဆုံး နားလည်မှု ကတော့ လူရှေ့သူရှေ့ မရှောင် ချစ်တင်းနှောမှုက ခေတ်မီပြီး နိုင်ငံတကာ ဆန်တယ် ထင်လာကြတာပါပဲ။ ပန်းခြံ၊ ကန်ပေါင် လူမြင်ကွင်း စည်ကားရာတွေမှာ ဖက်ရမ်းနမ်းရှုံ့ခြင်းက ဒိမိုကရေစီ ရပိုင်ခွင့်တခုလို ကျင့်သုံးလာကြတာတွေ ကူးစက်ပျံ့ပွား များပြားလာတာ သိသာလွန်းလှပါတယ်။
အကြောင်းရင်းခံ တွေကို ပြန်သုံးသပ်ကြည့်ရင် လူ့သဘာဝ အထိအတွေ့ကို သာယာမက်မော ကြတာက မူလလို့ ဆိုနိုင်ပေမယ့် စဉ်းစားရမယ့် ကိစ္စတွေတော့ အများကြီးပါပဲ။ ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတဲ့ အဟန့်အတားက သိမြင်သင့်
တာတွေကို ဖုံးအုပ်ပစ်လိုက်တာ မျိုးပေါ့။ သဘာဝတရားကို နားလည် သဘောပေါက်အောင် ရှင်းလင်းပြတာက မဆီလျော် ဘူးလို့ ယူဆကြတဲ့အခါ တကယ်တမ်းလည်း ဖုံးကွယ်မရနိုင်တာကို သိလာကြတာက အလွဲသိနဲ့ သိလာကြတာပေါ့။တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို လိင်ပညာပေး ကိစ္စကို အထိအရှ လွယ်နေကြတာကလည်း အကြောင်းတခုပါပဲ။ လူတွေရဲ့ အတွေးအခေါ် အမူအကျင့်တွေရဲ့ မူလအစ ဖြစ်တဲ့အိမ်မှာ၊ ကျောင်းမှာ ဒီအကြောင်းတွေကို ဆွေးနွေးသင်ပြဖို့ ရှောင်ကျဉ် နေကြတာ သိသာတဲ့ လက္ခဏာပါ။
သိတတ်စ အရွယ်ကတည်းက လူရဲ့ ခန္ဓာကိုယ်ဆိုင်ရာ ဖွဲ့စည်းမှု၊ ဒါတွေရဲ့ လုပ်ငန်းဆောင်တာ၊ ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ အကြောင်းအရာ ဆိုတာတွေ နားလည်ထားရင် စိတ်အလိုကို ဆင်ခြင်တုံ တရားနဲ့ဘောင်ကွပ် ထားနိုင်ကြမှာပါ။ အရွယ်နဲ့အမျှ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စား သာယာမှု ဆိုတဲ့ ဟော်မုန်း အပြောင်းအလဲဆိုင်ရာတွေ နားလည်ထားကြရင် ကိုယ်ဖြစ်နေတဲ့ စိတ်ခံစားမှုအပေါ် ခွဲခြမ်း စိတ်ဖြာနိုင်ကြမှာပါ။ နောက်ဆုံး အမှားအယွင်း ဖြစ်ခဲ့ရင်တောင် အသိတရားလေးနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှောင်ရှား နိုင်ကြမှာပါ။
အမူအကျင့် ပြောင်းလဲရေး ဆိုတာကလည်း အလွန်မလွယ်တဲ့ လုပ်ငန်းပါ။ လူမှုရေး အဖွဲ့အစည်းတွေကလည်း မျိုးဆက်ပွား ကျန်းမာရေး ပညာပေး အစီအစဉ်တွေနဲ့ ဝိုင်းကြဝန်းကြပေမယ့် ထိရောက်မှုက အားနည်းပါသေးတယ်။ တခုပိုဆိုးတာက လိင်ဆိုင်ရာ သာယာခြင်းက တခြား မူးယစ်သောက်စား၊ လောင်းကစားတွေနဲ့ မတူတဲ့ အကြောင်းပြချက် တခုအဖြစ် အချစ် ဆိုတဲ့ အရာနဲ့ နွှယ်ယှက် နေလိုက်သေးတာကြောင့်ပါ။ အခြေအနေတွေ ပေးလာကြပါတယ် (အချိန်ပိုင်းနဲ့ တည်းခိုစရာတွေ)၊ လှုံ့ဆော်နှိုးဆွမှုတွေ ပိုလာပါတယ် (အရက်နဲ့ မူးယစ်ဆေးဝါးတွေ ပေါပေါလောလော သုံးနိုင်ကြတာတွေ၊ အပြာ ဇာတ်လမ်း တွေကို အလွယ်တကူ ကြည့်နိုင်လာကြတာတွေ)၊ လိင်အရ တက်ကြွတဲ့ အရွယ်တွေမှာ အလုပ်အကိုင်နဲ့ ပညာအတွက် အုပ်ထိန်းသူ အသိုင်းအဝိုင်းနဲ့ အဝေးမှာ လွတ်လပ်တဲ့ နေထိုင်မှုပုံစံတွေ ပေါ်ပေါက်လာကြတယ် (တိုက်ခန်း ငှားပြီး နေထိုင် ကြတာတွေ)၊ ဒါတွင်မက အညှီရှိရာ ယင်အုံစရာ မော်ဒယ်လ်လောကတို့၊ စပွန်ဆာတို့တွေ ပေါ်ပေါက် လာကြတာတွေရောပေါ့။
ဆိုလိုတာက လိင်ဆိုင်ရာ အတုယူမှားမှုတွေ၊ အလွဲသုံးစားမှု ပြုစရာတွေ ပွားများ လာနေကြတာပါ။ အထူးသဖြင့် သိပ်ငယ်ကြသေးတဲ့ လူငယ်လေးတွေ၊ ဆယ်ကျော်သက်၊ မြီးကောင်ပေါက် တွေမှာ အမှားအယွင်းတွေ များလာပြီ ဆိုရင် မျိုးဆက်ရော၊ အနာဂတ်ပါ ထိခိုက်လာကြတော့မှာပါ။ ဒီအချိန်မှာ သိသင့်သိထိုက် တာတွေကို သိအောင် လုပ်ပေးဖို့ တာဝန်ရှိလာကြပါပြီ။ အိမ်က မိဘ၊ ကျောင်းက သင်ရိုး၊ မီဒီယာတွေက ပညာပေး အစီအစဉ်တွေနဲ့ ဘဝဆိုင်ရာ ကျွမ်းကျင်စရာတွေ သင်ပြပေးမှုမှာ လိင်ပညာပေး ကဏ္ဍက နေရာယူသင့် လာပါပြီ။
အရင်ဆုံးတော့ လိင်ဆိုင်ရာ အင်္ဂါ အစိတ်အပိုင်းတွေ ဖွဲ့စည်းပုံ၊ အရွယ်ရောက် အပြောင်းအလဲတွေနဲ့ စတင်ပေးပြီး သွေးသား နှီးနှောခြင်းရဲ့ အကျိုးဆက်တွေ၊ အန္တရာယ်တွေကို သိစေတာက အမူအကျင့် ပြောင်းလဲရေးဆီ ဦးတည်ပေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် အရွယ်မတိုင်မီ လိင်မှုကိစ္စတွေ ပေါ်ပေါက်တဲ့အခါ နောက်ဆက်တွဲတွေက အဆုံးမဲ့ပါပဲ။
စနစ်တကျ စီစဉ်ထားတဲ့ ချစ်ခြင်းကို အိမ်ထောင်ပြုခြင်းနဲ့ ဆက်စပ်ကြတဲ့ သူတွေမှာက ဘာအကြောင်းနဲ့မှ ပြောစရာမရှိပေမယ့် မရည်ရွယ်ထားသေးဘဲ သာယာမှုနောက် စိတ်အလို လိုက်ကြရင်ဖြင့် ပြဿနာတွေ တန်းစီနေတော့မှာပါ။
လူမှုရေးပြဿနာများ
အမှတ်တမဲ့ ကိုယ်ဝန်ရှိသွားတာကနေ စတင်ရပါလိမ့်မယ်။ အိမ်ထောင်တခု တည်ဆောက်ဖို့ အသင့်မဖြစ်သေးသူတွေ၊နှစ်ဘက် အသိုင်းအဝိုင်းအကြား ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ သူတွေအတွက် အရေးပေါ် အိမ်ထောင် ပြုလိုက်ကြရတာဟာ ဘဝမှာ အတော် ကသီလင်တ နိုင်မှာပါ။ ပြည့်စုံဖူလုံမှရယ် မဟုတ်ပေမယ့် ပြင်ဆင်ထားကြပြီးမှ အိမ်ထောင်သည် ဘဝကို တည်ဆောက်ရတာ အဆင်ပြေမှာပါ။ စားဝတ်နေရေးက အစ မွေးဖွားဖို့၊ ကလေးကို ပျိုးထောင်ဖို့ ဆိုတာတွေနဲ့ လုံးလည်ချာလည် လိုက်ပြီး အနာဂတ်က မလှနိုင်တော့ပါဘူး။ ပညာတပိုင်းတစတို့၊ ဘဝတက်လမ်း ရှာဖွေနေချိန်တို့ ဆိုရင် ပိုဆိုးတာပေါ့။
အဲဒီထက်ဆိုးတာက အကြောင်းကြောင်းကြောင့် မပေါင်းသင်းဖြစ်ခဲ့ရင် အဲဒီ ကိုယ်ဝန် တလုံးနဲ့ ကိုယ်နေထိုင်ရာ လူ့အဖွဲ့ အစည်းရဲ့ တင်းကျပ်တဲ့ စည်းဘောင်တွေကြားမှာ စိတ်ဒုက္ခပေါင်း များစွာ ခံရမှာက မတွေးရဲစရာပါ။ အရွယ်မတိုင်မီ အိမ်ထောင်ပြုလိုက် ကြရတာက ဆင်းရဲခြင်းရဲ့ အကြောင်းထဲမှာ တချက် ပါဝင်နေတာကိုလည်း သတိပြုရမှာပါပဲ။
ကျန်းမာရေးပြဿနာများ
အသက် (၁၈) နှစ်အောက် ကိုယ်ဝန်ဆောင်ဆိုတာ အန္တရာယ်ရှိတဲ့ သတ်မှတ်ချက်ထဲမှာ အကျုံးဝင်ပါတယ်။ နောက်ပြီး စိတ်အလိုလိုက်မှုကြောင့်၊ ကြေးစားဘဝကြောင့် ရလာတဲ့ ကိုယ်ဝန်ကို မလိုအပ်တဲ့ ကိုယ်ဝန်အဖြစ် သတ်မှတ်ပြီး ကိုယ်ဝန် ဖျက်ချဖို့ ကြိုးစားကြတော့တာပါပဲ။ အဲဒီလို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်ချမှုတွေက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုတွေထဲမှာ တွေ့ရများတဲ့ ရောဂါပါပဲ။
နောက်ပြီးတော့ သွေးသားနှီးနှောမှုတွေမှာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက အလွယ်တကူ ဝင်ရောက်လာကြမှာပါ။ သာမန်အားဖြင် မျိုးပွားအင်္ဂါမှာ ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ အနာလိုမျိုးကအစ ဆီးလမ်းကြောင်း၊မျိုးပွားအင်္ဂါ လမ်းကြောင်း တွေမှာ ပိုးဝင်တတ်တဲ့ ကာလသားရောဂါ ပေါင်းစုံ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို)၊ နောက်တော့ အသည်းရောင်အသားဝါ ဘီ၊စီ အစရှိတာတွေက ကျန်းမာရေးချို့တဲ့မှု အသေးစားကနေ အသက်အန္တရာယ် အထိ ဖြစ်စေတာပါ။ အဆိုးဆုံးကတော့ အခုခေတ် လူတိုင်းကြောက်ရွံ့ကြရတဲ့ HIV/ AIDS လို သေမိန့်ကျ ရောဂါကလည်း လိင်ကတဆင့် ကူးစက်စေတာပါပဲ။
ကာကွယ်တားဆီးမှု ဘယ်လိုလုပ်ကြမလဲ
အကောင်းဆုံးကတော့ ရှောင်ကျဉ်နိုင်သမျှ ရှောင်ကျဉ်ကြဖို့၊ စိတ်ကိုထိန်းချုပ် နိုင်အောင် ကြိုးစားကြတာပဲ ဖြစ်မှာပါ။ လိင်ကိစ္စ သာယာမှုကို တခြား အကျိုးရှိ အပြုသဘောဆောင်တဲ့ စိတ်ဝင်စားဖွယ် တွေဆီ အာရုံပြောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ဒါပေမယ့်လည်း အထက်က ဆိုခဲ့သလို ပုထုဇဉ် လိုင်စင်ရထားသူတွေမို့ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ စိတ်အလို လိုက်နေကြတာတွေ ရှိနေဦးမှာပါ။ တဒင်္ဂ အတွေ့အထိ မလွန်ဆန်နိုင်တာက အစ ဝါသနာပါလို့ လိုက်စားတဲ့ အထိ ဖြစ်စဉ်တွေက ရှိနေကြမှာပါ။
ဒီတော့လည်း ဆိုးရွားတဲ့ အကျိုးဆက်တွေ မဖြစ်အောင် တကိုယ်ရေ ဖြေဖျောက်နည်းတွေနဲ့ အန္တရာယ်ကင်းတာကို အချက်အလက် ပေးရပါလိမ့်မယ်။ မအောင့်အည်း မစောင့်စည်း နိုင်ကြပြီဆိုရင်လည်း ဒီကိစ္စအတွက် ထင်ထင်ပေါ်ပေါ် ထုတ်လုပ်လာပြီဖြစ်တဲ့ အကာအကွယ်တွေ ဆောင်ပြီး အသုံးပြုကြဖို့ကို တိုက်တွန်းရပါတော့မယ်။ ကိုယ်ဝန် မဆောင်ရအောင် တားဆီးထားတဲ့ နည်းလမ်းများစွာထဲက ရွေးချယ်ကျင့်သုံး စေကြရပါတော့မယ်။
ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် ကျွမ်းကျင်သူနဲ့သာ ကုသမှုခံယူဖို့တွေ တိုက်တွန်းရပါတော့မယ်။
နှစ်သိမ့်ဆွေးနွေး အကြံပေးမှုတွေကို အလေးဂရုထားစေဖို့ ဖိတ်ခေါ်ရပါတော့မယ်။
လတ်တလော ဖြေရှင်းနည်းအဖြစ် ဒီလို နည်းလမ်းတွေ သုံးသလိုပဲ ရေရှည်အတွက် လိင်မှု ပညာပေး အစီအစဉ်တွေကို ငယ်ရွယ်သိတတ်စ ကတည်းက စတင်ဖို့ လုပ်ပိုင်ခွင့် ရှိသူတွေကို တိုက်တွန်းကြရပါလိမ့်မယ်။ လူမှုရေးပြဿနာတွေ ဖြေရှင်းပေးဖို့ရာလည်း အစီအစဉ်တွေ အများကြီး လုပ်ဆောင်ကြရပါလိမ့်မယ်။
တကယ်တမ်းကျတော့လည်း လူတွင်ပါလို့ နွားကျားကိုက် ဖြစ်တဲ့ လိင်ဆိုင်ရာ ပြဿနာတွေအတွက် ကိုယ်တိုင် တာဝန်ယူမှုကသာ ကိုယ့်ကို ကာကွယ်ပေးမှာပါ။ မျိုးဆက်ပွား ကျန်းမာရေး ဗဟုသုတတွေ ဖြည့်ဆည်းပါ၊ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ပါ၊ ဖြစ်လာခဲ့ရင် အကောင်းဆုံး ဖြေရှင်းဖို့ နှစ်သိမ့်ဆွေနွေး အကြံပေးမှုတွေ ခံယူပါ။ အချစ်နဲ့ သွေးသား နှီးနှောမှုက ဆက်စပ်နေတတ်ပေမယ့် အချစ်က လိုအပ်ချက်ဖြစ်ပြီး သွေးသားကိစ္စကတော့ ဆန္ဒမျှသာဖြစ်တယ် ဆိုတာလေးကို လက်ခံသတ်မှတ်လို့ ချစ်သူအားလုံး နှလုံးမွေ့လျော်စွာ ချောကလက်ကလေးတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ချစ်ခြင်းအားဖြင့် တောင်းဆုပြုလိုက်မိပါရဲ့။