ဆေးမင်ကြောင်ကို ရူးသွပ်မှုက ဗီဇနဲ့ ဆိုင်လား၊ ပတ်ဝန်းကျင်နဲ့ ဆိုင်လား၊ ဘယ်သူ မှလည်း အပင်ပန်းခံ စဉ်းစားမယ် မထင်ပါ။ တိုးတက်လာတဲ့ ခေတ်တွေမှာ ပြန်ဖျက်လို့ ရတဲ့ ဆေးမင်ကြောင်တွေ ထိုးကြတာက ထားလိုက်ပါဦး။ “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး” ဆိုတဲ့ ပြန်ပြီး ပြင်ဖျက်မရတဲ့ ကိစ္စတွေ အဖြစ် ဆိုထုံး ဖွဲ့ခဲ့ကြတဲ့ ခေတ် အဆက် ဆက်မှာလည်း ဆေးမင်ကြောင်ကို နှစ်သက် ခဲ့ကြတာပါပဲ။
ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နေရာမှာမှ ရောဂါ ထနေတာလား ဆိုတော့လည်း ကမ္ဘာပေါ်မှာ ဆေးမင်ကြောင် မထိုးတဲ့ တိုင်းပြည် တောင် ရှိမှ ရှိပါလေရဲ့လား မသိနိုင်အောင် စကြဝဠာ ယဉ်ကျေးမှုကြီး ဖြစ်လို့ နေပြန် ပါတယ်။ သာမန် ကိုယ့်ရဲ့ အမည်နာမ တလုံး တလေ ကနေ ကျောတပြင်စာ အပြည့် ထိုးနေကြတဲ့ တက်တူး (Tattoo) ခေါ်တဲ့ ဆေးမင်ကြောင်ကို ခေတ် စနစ်တွေ၊ ပထဝီ အနေ အထားတွေက လွှမ်းမိုး ခြယ်လှယ်နိုင်စွမ်း ရှိကြပုံ မရပါဘူး။
ခန္ဓာကိုယ် ပေါ်က သေရာပါ အနုပညာ လက်ရာ ကိုမှ ရူးသွပ်နေတယ် ဆိုရင် တော့လည်း ဟန့်တားမှု တွေက ထိရောက်ခဲ့ပုံ မရပါဘူး။ ဒီတော့လည်း ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ပဲ နှစ်သိမ့်ခဲ့ကြရ ပုံပါ။ ကိုယ့်ဆုံး ဖြတ်ချက်နဲ့ ကိုယ် ဆေးမင်ကြောင်ကိုမှ နှစ်လိုနေရင် လည်း အလွယ်တကူ ထိုးနှံပစ်လိုက်ဖို့တော့ မလုပ်ပါနဲ့။ ဖြစ်နိုင်ခြေ ရှိတဲ့ အန္တရာယ်တွေကို သိနားလည်ပြီး လုံခြုံစိတ်ချရတဲ့ အခြေ အနေတွေ ဖန်တီးပြီးမှ သေရာပါ တံဆိပ်ကို ခတ်နှိပ်သင့် ကြတယ် မဟုတ်ပါလား။
ဆေးမင်ကြောင် ဘယ်လိုထိုးကြသလဲ
ဆေးမင်ကြောင် ဆိုတာက အရေ ပြားပေါ်မှာ ထာဝရ စွဲထင်နေမယ့် အမှတ်အသား၊ ဒီဇိုင်းတခုခုကို အရေပြားရဲ့ အပေါ်ဆုံးလွှာကို ဖောက်ပြီး အရောင်ထည့်သွင်း တာပါပဲ။ ပုံမှန်အားဖြင့် မင်ကြောင်ထိုး ပညာရှင်တွေက အပ်ချုပ်စက်လို လက်ကိုင်စက်တွေနဲ့၊ ဒါမှမဟုတ် ရိုးရိုးအပ်ကို ကိုင်ပြီး ဖြစ်စေ အရေပြားကို အဖန်တလဲလဲ ဖောက်တာ ပါ။ ပြီးတော့မှ အဲဒီ အပေါက်တွေမှာ ဆေးရောင် မင် ရည် အစက်ကလေးတွေ ချန်ရစ်ခဲ့တာပေါ့။ ဒါက ထုံဆေးတွေ၊ မေ့ဆေးတွေ သုံးပြီး လုပ်တာမျိုး မဟုတ်တဲ့အတွက် သွေး နည်းနည်း ထွက်သလို နာကျင်မှုလည်း ခံစားရစေပါတယ်။
သိထားသင့်တဲ့ အန္တရာယ်တွေ
တက်တူး ထိုးတာက အရေပြားကို ထိုးဖောက်တာ ဖြစ်လေတော့ ရောဂါပိုး ဝင်ရောက်တာနဲ့အတူ တခြား အန္တရာယ်တွေ ဖြစ်စေ တာတော့ အမှန်ပါ။
ဓာတ်မတည့်ခြင်း – ဆေးမင်ကြောင်မှာ သုံးတဲ့ အရောင်တွေ၊ အထူးသဖြင့် နီ၊ စိမ်း၊ ဝါ၊ ပြာတွေက အရေပြားမှာ ဓာတ်မတည့်မှု ဖြစ် စေတတ် ပါတယ်။ ထိုးတဲ့ နေရာမှာ နီရဲ ယားယံလာတာမျိုးတွေက နှစ်တွေ အတော်ကြာမှ ထပြီး ဖြစ်စေပါတယ်။
အရေပြားတွင် ပိုးဝင်ခြင်း – ထိုးပြီးစအချိန်တွေမှာပဲ နီရဲလာတာ၊ ရောင်ရမ်းလာတာ၊ ကိုက်ခဲနာကျင်တာနဲ့ ပြည်တွေ ထွက်လာတာမျိုး ကြုံရပြီဆိုရင်တော့ အရေပြားမှာ ရောဂါပိုး ဝင်ရောက်လို့ ပါပဲ။
တခြား အရေပြားပြဿနာ – တက်တူးထိုးတဲ့ မင်ရာပတ်ဝန်းကျင်မှာ နီရဲရဲ အသားမာ ကြွတက် နေတာမျိုး တွေ့နိုင်သလို၊ ရုပ်ပျက် ဆင်းပျက် အမာရွတ် လုံးကြွကြီးတွေလည်း ဖြစ်ကျန်ခဲ့တတ်တာ မြင်ဖူးကြမှာပါ။
သွေးမှ တဆင့်ကူးစက်တဲ့ ရောဂါတွေ – ရောဂါရှိသူကို ထိုးနှံထားတဲ့ ပစ္စည်းတွေကို ပိုးမသတ်ဘဲ နောက်လူ အဆက်ဆက် ထိုးမိပြီ ဆိုမှဖြင့် ရောဂါတွေ သံသရာလည်တော့ မှာပါ။ မေးခိုင်ပိုး ဝင်တာကစပြီး အသည်းရောင် အသားဝါနဲ့ အေအိုင်ဒီအက်စ်လို ရောဂါမျိုးတွေအထိ ကူးစက်ပြီး တဖန် ကိုယ့်ဆီကနေလည်း အခြားသူတွေကို ထပ်မံ ကူးစက်စေတော့မှာပါ။
ရှားရှားပါးပါး နောက်ပိုင်း တွေ့လာရတဲ့ အချက် တခုကတော့ သံလိုက်ရောင်ခြည် ဓာတ်မှန် (MRI) ရိုက်တဲ့အခါ တက်တူးရဲ့မင်တွေက အနှောင့်အယှက် ဖြစ်စေပြီး ရောဂါ ခန့်မှန်းဖို့ ခက်ခဲစေတယ် လို့ ဆိုပါတယ်။
တက်တူးကြောင့် အန္တရာယ်တွေ ဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှုတွေ လုပ်ရတော့မှာ ဖြစ်သလို ဓာတ်မတည့်တာနဲ့ တက်တူး နေ ရာ တဝိုက်မှာ ပိုးဝင်တာမျိုးတွေ ဖြစ်ပြီဆိုရင်တော့ ပြန်ပြီး ဖျက်ပယ်ပစ်တဲ့အထိ ကုသရပါလိမ့်မယ်။
တကယ် ဆုံးဖြတ်ချက် သေချာမှ ထိုးပါ
တက်တူး ထိုးတော့မယ် ဆိုရင် ကိုယ်တကယ်ပဲ ဒီ သေရာပါ အမှတ်အသားကြီးကို မရမနေနိုင် ရူးသွပ် စွဲလမ်းနေတာ သေချာပြီလား လို့ ကိုယ့်ဘာသာ အချိန်ယူ မေးမြန်းပါ။ ဇဝေဇဝါ ဖြစ်နေရင်၊ နောင်တချိန်မှာ နောင်တရစရာ ဖြစ်နေမယ် ဆိုရင်တော့ အဲဒီ ဆန္ဒကို အလွယ်တကူ စွန့်လိုက်ပါ။ စိတ်ဖိအား တခုလိုမျိုး ဖြစ်မနေပါစေနဲ့။ အရက်တွေ၊ ဆေးတွေ အရှိန်နဲ့ မူးကြောင်ရူးကြောင် အချိန်မှာ ထိုးလိုက်တာမျိုး မဖြစ်ပါစေနဲ့။
ကိုယ်က ထိုးချင်စိတ်ကို ပြင်မရအောင် ခိုင်မာနေပြီ ဆိုရင်တော့ ပထမဆုံး နေရာရွေးတာ သေချာပါစေ။ အမြဲတမ်း မြင်သာတဲ့ နေရာ မှာ ထိုးမလား၊ အဝတ်အစား လှန်တင်မှ မြင်ရမယ့် နေရာမှာ ထိုးမလား၊ ခန္ဓာကိုယ် ပုံစံပြောင်းလို့ ရုပ်ပုံပြောင်းတာမျိုး ဖြစ်လာနိုင်တာ ကိုလည်း သတိရှိသင့် ပါတယ်။ ဝလာရင်၊ ကိုယ်ဝန် ရှိလာရင် ပုံပျက်သွားတတ်တာတွေ ရှိပါတယ်။
အန္တရာယ်ကင်း လုံခြုံစိတ်ချရစေဖို့
တက်တူးထိုးရာမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်း စေဖို့ ဆိုရင် –
• ကိုယ့်ဘာသာ ကြုံရာ နေရာမှာ ထိုးလိုက်တာမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းတွေက ထိုးပေးတာမျိုးကိုလည်း မခံပါနဲ့။ အမှန်တကယ် တက်တူး ထိုးနည်းကို သေသေချာချာ သင်ယူတတ်မြောက်ပြီး အသက်မွေးဝမ်းကျောင်း ပီပီပြင်ပြင် လုပ်နေသူထံမှာသာ ထိုးပါ။ ဒါပေမယ့် ရွှေပြည်ကြီးမှာ တက်တူးနဲ့ ပတ်သက်ပြီး တိကျတဲ့ လိုင်စင်တို့ ဘာတို့ ဆိုင်ရာ ဥပဒေတွေလည်းရှိသေးပုံ မရလေတော့ ဘုရား ပွဲတွေမှာကို မှိုလိုပေါက်အောင် ထိုးနေကြတာက ကြောက်စရာ ကောင်းလှပါရဲ့။
• တကယ်ဆိုရင်တော့ တက်တူးပညာရှင်က လက်အိတ်သုံးတာမျိုးလို အခြေခံ ကျန်းမာရေး အသိတော့ ရှိသင့်ပါတယ်။
• အပ်ကို အပ်နေရာ၊ ဆေးရည်သွင်းမယ့် ပိုက်ကို ပိုက်နေရာ၊ သီးသန့်အသုံးပြုသူ ဖြစ်သင့်ပါတယ်။ ပစ္စည်း ထည့်သိုတာက အစ စနစ်ကျနေမှသာ ပညာရှင် တက်တူးထိုးသမားလို့ ယုံကြည်ရမှာပါ။
• အရေးအကြီးဆုံး အချက်ကတော့ တက်တူး ထိုးရာမှာ သုံးမယ့်၊ အရေပြားကို ထိုးဖောက်မယ့် ပစ္စည်းတွေကို ပိုးသတ်ရဲ့လား ဆို တာပါပဲ။ တခါသုံး ကိရိယာတွေ သုံးတယ်၊ စနစ်တကျ ပေါင်းအိုးတွေ၊ ပိုးသတ်ဆေးတွေ သုံးပြီး ပိုးသတ်သန့်စင်တယ် ဆိုမှသာ စိတ်ချလက်ချ ထိုးသင့်ပါတယ်။
တက်တူးထိုးပြီးရင် ဂရုစိုက်ရမယ့် အချက်တွေ
တခြားထိခိုက်ဒဏ်ရာတွေ ရသလိုမျိုးပါပဲ။
• တက်တူးထိုးထားတဲ့ ဒဏ်ရာကို ပတ်တီးလေး အုပ်ထားပြီး ၂၄ နာရီ ကြာမှ ဖယ်ပစ်ပါ။ ပိုးသတ်ဆေး အဆီလေး တခုခု လိမ်း ထားပါ။
• တက်တူး ထိုးထားတဲ့ အရေပြားကို သန့်ရှင်းနေအောင် ဂရုစိုက်ပါ။ ဆပ်ပြာနဲ့ ရေသုံးပြီး တို့ပေးပါ။ မပွတ်ပါနဲ့။
• အရေပြား စိုစွတ်စေမယ့် ဆေးရည် တမျိုးမျိုး ခဏခဏ ဆွတ်ပေးပါ။
• ရက်သတ္တပတ် အနည်းငယ် လောက်တော့ နေရောင် လုံးဝ မထိမိ ပါစေနဲ့။
• ရေချိုးတာ၊ ရေကူးတာ၊ ရေစိမ်တာတွေ မလုပ်မိပါစေနဲ့။
• တက်တူးထိုးတဲ့ နေရာကို ထိကပ်နေမယ့်၊ ထိခိုက်စေမယ့် အဝတ်တွေ မဝတ်ပါနဲ့။
• အနည်းဆုံး ၂ ပတ် လောက်တော့ အနာကျက်အောင် အချိန်ပေးပြီး အဲဒီအတွင်းမှာ အနာဖေးတွေ ခွာတာ၊ ဆိတ်တာဆွတာတွေ မလုပ်ဖို့ အထူးဂရုစိုက်ပါ။
• တက်တူး ထိုးထားတဲ့ နေရာမှာ ပိုးဝင်တဲ့ လက္ခဏာတွေ ရှိတယ်လို့ သံသယဖြစ်ရင်၊ အနာ မကျက်ရင် ဆရာဝန်ဆီသာ ပြေးပါတော့။ တက်တူးကို ဖယ်ချင် ဖျက်ချင်လာပြီ ဆိုရင်လည်း အရေပြား အထူးကုနဲ့ တိုင်ပင် ဖယ်ရှားပါ။ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာ မလုပ်ပါနဲ့။
အချုပ် ဆိုရရင်တော့ ယာယီနှစ်သက်မှုကို တသက်တာ အမှတ်အသားအဖြစ် စွဲထင်စေတာက တချိန်မှာ နောင်တနဲ့ ကြုံရနိုင် ပါတယ်။ ကိုယ့်စိတ်ကိုယ် သေချာလို့ ဆေးမင်ကြောင်ကို အတွေးငင် နှောင်ဖွဲ့မိပြီ ဆိုရင်လည်း အန္တရာယ်ကင်း စိတ်ချရစေဖို့ အဓိက တွေးဆပြီး ထိုးနှံပါ။ ထိုးပြီးဖြစ်လာတဲ့ အခြေအနေတွေ အတွက်လည်း တွန့်ဆုတ်မနေဘဲ ကျွမ်းကျင်သူနဲ့ တိုင်ပင်၊ လုပ်သင့်တာတွေ မဆိုင်း မတွ လိုက်နာပါ။ မိမွေးတိုင်း ဖမွေးတိုင်း အပေါ်မှာ ဆင်လိုက်တဲ့ ဒီဇိုင်းတွေက အမြင် မရိုင်းမှ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကင်းမှသာ ကာယကံရှင်လည်း စိတ်ချမ်းမြေ့ရ လိမ့်မယ် မဟုတ်ပါလား။ ။