ခန္ဓာရှိရင် ဝေဒနာရှိတယ် ဆိုတဲ့ စကားက ငြင်းလို့မှ မရနိုင်ပေပဲ။ ပုထုဇဉ်အတွက် ဝေဒနာမဲ့ ငြိမ်းချမ်းနေတဲ့ အချိန်ကာလ ဆိုတာ မရှိနိုင်ပါဘူး။ ရုပ်မှာ၊ စိတ်မှာ တစုံတရာတော့ ခံစားနေကြရတာပဲ မဟုတ်လား။ ခန္ဓာကိုယ်မှာ အဖြစ်များဆုံးလို့ ဆိုရမယ့် ဝေဒနာ ကတော့ နာကျင်တာ၊ ကိုက်ခဲတာ လို့ ဆိုရင် လက်ခံကြမယ် ထင်ပါရဲ့။
ခေါင်းကိုက်တယ်၊ အဆစ်အမြစ်တွေ ကိုက်တယ်၊ ကိုယ်တွေ လက်တွေ နာကျင်တယ်ဆိုတာက လူတိုင်းနီးပါး ကြုံနေကြရ တာပါပဲ။ အဖျားကြောင့်၊ အနာတရကြောင့် ကိုက်ခဲနာကျင်တာ သာမက အကြောင်းမဲ့ နာကျင်ကိုက်ခဲမှုတွေကိုလည်း ကြုံနေကျ ဖြစ်မှာပါ။
ဒီတော့ အဲဒီလို အဖြစ်များလှတဲ့ အကိုက်အခဲ ဝေဒနာ အတွက် သက်သာပျောက်ကင်း စေမယ့် အကိုက်အခဲ ပျောက်ဆေးတွေ ပေါ်ပေါက်လာကြတာပေါ့။ သာမန် ပါရာစီတမောလ်လို ဆေးတွေကနေ ပိုပြီးထိရောက်တဲ့ စတီရွိုက်ဟော်မုန်း မပါတဲ့ နာကျင် ကိုက်ခဲ ပျောက် ဆေးတွေက ကွမ်းယာဆိုင်လိုမျိုးတွေ အထိပါ တွင်ကျယ်လာကြ ပါတယ်။
ဒီနိုင်ငံမှာကလည်း ဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့မှ ရောင်းရတယ်လို့ ပြောရင် စိတ်မှ မှန်ရဲ့လားလို့ အထူးအဆန်း တအံ့တဩ ပြန်ကြည့်တတ်တဲ့ တိုင်းပြည် ဖြစ်လေတော့ လမ်းဘေး ကွမ်းယာဆိုင်က အစ ဆေးဆိုင်အကြီးကြီးတွေ အဆုံး လိုချင်တဲ့ ဆေးကို လိုသလို ဝယ်လို့ရနေတာ မဆန်းပါဘူး။
မူးယစ်ဆေးနဲ့ နွယ်တာတွေကိုသာ လက်သိပ်ထိုး ရောင်းကြပြီး ကျန်တာကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ တခါတလေ ဆေးဝယ် သူက ဝေဒနာပြော၊ ကျန်းမာရေးဝန်ထမ်း မဟုတ်တဲ့ ဆေးရောင်းသူက စိတ်ထင်တာ စပ်ဟပ်ပေးပြီး ရောင်းသူ ဝယ်သူ ဟုတ်နေကြပြန် ပါရော။
တကယ်တော့ စတီးရွိုက် မပါတဲ့ ကိုက်ခဲနာကျင်မှု သက်သာစေတဲ့ ဆေး (Non-steroidal Anti Inflammatory Drugs – NSAIDS) တွေက အစွမ်းထက်ပြီး ဆီလျော်တဲ့ ရောဂါကုသရာမှာ အဖိုးတန်လှ ပါတယ်။ ဒါပေမယ့် အဲဒီ ဆေးတွေကို ကိုယ့်ဘာသာ သောက်ရမယ့် ဆေးအဖြစ်တော့ မမှတ်ယူ စေချင်ပါဘူး။ ဒီဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ ရောဂါရဲ့ သဘာဝအပေါ် မူတည်ပြီး သောက်သုံးရမယ့် ကာလ၊ ပမာဏတွေကို ချင့်ချိန်တွက်ဆရ မှာပါ။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အဲဒီ အကိုက်အခဲပျောက် ဆေးတွေကလည်း သာမန်ဆိုးကျိုးကနေ အသက်အန္တရာယ် အထိ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ ပေးတတ်တာမို့ ကျွမ်းကျင်သူရဲ့ စောင့်ကြပ်ထိန်းသိမ်းမှု လိုအပ်တာ အမှန်ပါ။
မြန်မာနိုင်ငံမှာ အခုလက်ရှိအသုံးများပြီး အလွယ်တကူလည်း ဝယ်ယူလို့ရနိုင်တဲ့ အကိုက်အခဲပျောက် ဆေးအပြင်းစားတွေကို ကြည့် ရင် ဗော်လ်ထရင် (Diclofenac)၊ ဘရူဖင် (Ibuprofen)၊ အင်ဒိုဆင် (Indomethacin)၊ ဒေါ်လ်ဖီနယ်လ် (Mefenamic) တွေကို တွေ့ရမှာပါ။ ဒီဆေးတွေက ဆေးဆိုင်တွေမှာ အလွယ်နဲ့ ဝယ်ယူနိုင်ကြတဲ့ Over-the-counter (OTC) လို့ ခေါ်ကြတဲ့ စာရင်းဝင်တွေ ပါ။ ဒီဆေးတွေဟာ တကယ်တော့ ပါရာစီတမောလ်လို သာမန် ဖျားနာကိုက်ခဲ ပျောက်ဆေး မဟုတ်ကြပါဘူး။ သူတို့ရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ပြင်းထန်လေ့ ရှိပါတယ်။
အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးများ
ဒီဆေးတွေမှာ အတွေ့ရ အများဆုံး ဘေးထွက် ဆိုးကျိုးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါပဲ။ အဖြစ်များတာ တွေကို လေ့လာကြည့်ရင် –
• အစာမကြေဖြစ်တာ၊ ရင်ပူတာ
• အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အနာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ အစာအိမ် အနာကနေ နောက်ဆက်တွဲ အဖြစ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစေ ပါတယ်။ သွေးအန်ပြီး ကတ္တရာစေးလို ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။
• ကိုယ်တွင်း သွေးယိုစိမ့်မှုကနေ သွေးအားနည်းရောဂါ ရတတ်ပါတယ်။ အဲဒီအခါ မောပန်းလွယ်တာ၊ အသက် ရှူရ ခက်ခဲတာတွေ ဖြစ်လာတတ် ပါတယ်။
• အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်းမှာ ရှိတဲ့ အနာက ပေါက်ထွက်သွားတတ်ပါတယ်။
အသင့်အတင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများ
သုတေသနပြုချက် တွေအရ ဒီဆေးတွေ သောက်သုံးသူ ၁၀ ယောက်မှာ တယောက်က ခေါင်းကိုက်ဝေဒနာ ရတတ်ပါတယ်။ ခေါင်း မူးဝေ နောက်ကျိတာ၊ အိပ်ငိုက်တာတွေလည်း ကြုံတတ်တာမို့ ဆေးသောက်ပြီး ယာဉ်မောင်းတာ၊ စက်ကိရိယာတွေ မောင်းနှင်တာ မလုပ်သင့်ဘူး လို့ ဆိုပါတယ်။
ရှားရှားပါးပါး ဘေးထွက်ဆိုးကျိုးများ
အဖြစ် မများပေမယ့် တွေ့ရတတ်သေးတဲ့ ဘေးထွက်ဆိုးကျိုး တွေကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေလို့ ပါပဲ။ အဲဒီအခါ ကျရင် တွေ့ရတတ်တာတွေက
• နှလုံးရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ ခန္ဓာကိုယ် အနှံ့ကို သွေးညှစ်ထုတ်မှု ချွတ်ယွင်းတာ
• နှလုံးတိုက်ခိုက်ခံရတာ (သွေးကြောပိတ်ဆို့ တာမျိုးပေါ့)
• သွေးပေါင်ချိန်တက်တာ၊ သွေးတိုးတာ
• လေဖြတ်တာတွေ ပါပဲ။
အထူးသဖြင့် နှလုံးရောဂါအခံ ရှိနေသူတွေ၊ ကျောက်ကပ်နဲ့ အသည်းရောဂါ ရှိနေသူတွေမှာ ဒီဆေးတွေက ပိုပြီး ဒုက္ခပေးတတ် ပါတယ်။
အခုနောက် ပိုင်းမှာတော့ အဲဒီအန္တရာယ်တွေ နည်းပါးအောင် စီမံထားတဲ့ NSAID ဆေးတွေ ထုတ်လာကြ ပေမယ့် ရာနှုန်းပြည့် စိတ် ချ လက်ချ သောက်သုံးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်က ဆီလျော်အောင် စပ်ဟပ်ပြီး ညွှန်ကြားပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေ နည်းပါးအောင်တော့ လုပ်နိုင်ပါတယ်။ တချို့ ဘေးထွက်ဆိုးကျိုးတွေက သိပ်မဆိုးပေမယ့် တချို့ကျတော့လည်း ပြင်းထန်လွန်းတာကို အမြဲသတိချပ် နေရမှာပါ။
ဒီလိုဆိုးကျိုးတွေကြောင့် ဒီဆေးတွေကို လုံးဝရှောင်ကြဉ်ပစ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ရောဂါ အတွက် အစွမ်းထက် တဲ့ ဆေးတွေကို သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားရင်တော့ သောက်သုံးနိုင်ပါတယ်။ ဆရာဝန်တွေ ကလည်း ဒီဆေးတွေ ပေးတဲ့ အခါ အစာအိမ် ထိခိုက်နာကျင်မှု နည်းစေဖို့ အစာအိမ်အတွက် ကာပြီးပေးတဲ့ ဆေးတွေ တွဲစပ်ပေး ကြပါတယ်။
ဒါမှမဟုတ် အစာအိမ်ထိခိုက်မှုနည်းတဲ့ နောက်ပေါ်ဆေးတွေ သုံးကြပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို အစာနဲ့သာ သောက် သုံးဖို့ ကိုလည်း အမြဲစွဲမှတ်ထား စေချင်ပါတယ်။
ဆေးပမာဏကိုလည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကသာ ချိန်ဆပေးနိုင်မှာပါ။ ဒါ့အပြင် နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း ရောဂါတွေ ရှိနေရင်လည်း ဆေးပမာဏကို သာမန်ထက် လျှော့ချပေးရ လေ့ရှိပါတယ်။ နောက်ပြီး ဒီဆေးတွေက တခြား ဆေးတမျိုးမျိုး ဒါမှမဟုတ် ဆေးအများနဲ့ ဖြစ်စေ၊ တခြားအကိုက်အခဲပျောက် ဆေးတွေနဲ့ ဖြစ်စေ တွဲဖက်သောက်သုံးရင်လည်း မလိုလားအပ်တဲ့ ဓာတ်ပြုမှုနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။
အတွေ့အကြုံအရ ဆိုရင် ကွမ်းယာဆိုင်တွေနဲ့ တချို့ဆေးဆိုင်တွေမှာ NSAID အနည်းဆုံး ၂ မျိုး ၃ မျိုးနဲ့ အခြား စတီးရွိုက်တွေပါ ရောစပ်ပြီး အတွဲလိုက် ရောင်းနေကြတာ တွေ့ရသလို အဲဒီဆေးတွေကြောင့် အစာလမ်းကြောင်း သွေးယိုတာ၊ အစာအိမ်ပေါက်တာ တွေကို အသက်လုရတာတွေ၊ အချိန်မမီလို့ အသက်ဆုံးရှုံးရတာတွေ အများကြီး ကြုံခဲ့ဖူး ပါတယ်။
ဆရာဝန်သက်တမ်း အတွေ့အကြုံအရ ဘယ်လောက်ပဲ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်ဖို့ပြောပေမယ့် ဟောရင်းသာ ပျံတော်မူ မယ့်ကိန်း အမြဲကြုံနေရတဲ့ ဒီ အကိုက်အခဲ ပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် သောက်ရင် ဖြစ်စေ၊ ဆရာဝန် ညွှန်ကြားလို့ သောက်ရင်ဖြစ်စေ အထူးသတိပြုရမယ့် အခြေအနေတွေကို သိထားသင့် ပါတယ်။
• ဓာတ်မတည့် လက္ခဏာဖြစ်တဲ့ အသက်ရှူကျပ်တာ၊ အသက်ရှူရင် ရင်ကျပ်ပန်းနာလို တရွှီရွှီ အသံမြည်လာတာ၊ အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာတာ၊ မျက်ခွံတွေ ယောင်လာတာ၊ နှလုံးခုန်မြန်လာတာမျိုး၊
• အမြင်အာရုံ ဝေဝါးလာတာမျိုး၊
• ခေါင်းမူးဝေ ကိုက်ခဲလာတာ၊ စိတ်ရှုပ်ထွေး လာတာ၊ စိတ်ဓာတ်ကျလာတာ၊
• မျက်လုံးတွေ ဝါလာတာ၊
• ဆီးအရောင် နောက်လာတာ၊ သွေးပါလာတာ၊ ဆီး အရမ်းနည်းလာတာနဲ့ ခြေထောက်တွေ ဖောယောင်လာတာမျိုး ဖြစ်လာတာ
• အကြားအာရုံ ချွတ်ယွင်းပြီး နားတွေ အူလာတာ… စတဲ့လက္ခဏာတွေ ခံစားလာရရင် ချက်ချင်း အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ် လာပြီ ဆိုတာ သတိရှိပါ။
တကယ်လို့ ဒီဆေးတွေကို သောက်မယ့်သူဟာ ကိုယ်ဝန်ဆောင် ဆိုရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိနေပြီ ဆိုရင် လည်း ဒီဆေးတွေ သောက်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်က အရေးကြီးပါတယ်။
ဆိုခဲ့တဲ့အတိုင်း လွယ်လင့်တကူ ဝယ်လို့ရတယ် ဆိုပြီး ထစ်ခနဲ ကိုယ်လက်ကိုက်ခဲ နာကျင်တိုင်း အကိုက်အခဲပျောက် ဆေးတွေကို ပဲလှော်ဝါးသလို ဝါးနေတာဟာ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ ဆိုတာ သတိချပ်ကြ စေချင်ပါတယ်။
ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးသောက်ပါ။ ဆေးသောက်ရင်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာရင်လည်း ချက်ချင်း ကုသမှုခံယူဖို့ ဦးခေါင်းထဲမှာ အမြဲ စွဲမှတ်ထားကြရင်ဖြင့် အကိုက်အခဲပျောက် ဆေးတွေ ကြောင့် ကြုံရမယ့် အသက်ဘေးကို လျော့နည်းစေမှာပါ။
ကိုယ့်ရဲ့ ကျန်းမာရေးကို လမ်းဘေး ဆေးဆိုင်တွေမှာ ပုံအပ်ထားမယ့်အစား ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ကုသရင်း သက်ရှည်ကျန်းမာ နေနိုင်ကြပါစေကြောင်း။ ။