“ကြွက်သား အဖုအဖု၊ ထုထုပြီး ခရာချင်စရာကွယ်” ဆိုတဲ့ ရှေးသီချင်း တပုဒ်ရဲ့ စာသားတွေ ကြားရင် တောင့်တင်းသန်မာ ပြီး ကြွက်သားတွေ အမြှောင်းမြှောင်း ထလို့ ခန့်ထည် ဝင့်ကြွားနေတဲ့ ဗလမောင်ကြီးတွေကို ပြေးပြီး မြင်မိကြမှာပါ။ ဒါပေမယ့် ကြွက်သား မဟုတ်ဘဲ တခြား အဖုအဖုတွေ ကျတော့လည်း စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးဆုံမှာ၊ အရေပြား အောက်က အထစ်အထစ်တွေ၊ အမြှောင်း အရစ်ရစ်တွေ ဖြစ်နေတာကို မြင်ဖူးကြမှာ ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ဒါကို Cellulite လို့ခေါ်ပါတယ်။
တကယ်တော့လည်း ဒါက ပုံမှန်ဖြစ်လေ့ ရှိတာပါ။ ဒါပေမယ့် တချို့ အလှအပ ခုံမင်သူတွေ အတွက်တော့ ရှက်သွေးဖျန်း စရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်နေပါတော့တယ်။ အဲဒီအဖုအထစ်တွေကို ပြေရာပြေကြောင်း၊ ထင်သာမြင်သာ မရှိတဲ့ အနေအထား ရောက်အောင် လုပ်လို့ရတဲ့ နည်းနာတွေ ရှိပါတယ်။ ကိုယ့်ကိုယ်လုံးကို ပြန်ကြည့်ပြီး ဒါတွေ ရှိလို့ စိတ်ညစ် နေရင် စတင်ကြည့် ကြရအောင်ပါ။
ကိုယ်လက်လှုပ်ရှား
မပြော မရှိပါနဲ့၊ အဲဒီ ရုပ်ဆိုးတဲ့ အဖုအထစ်တွေ အတွက် ပြေပျောက်စရာ အကောင်းဆုံးနည်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပါပဲလို့ ဆိုပါတယ်။ ပျင်းနေသူတွေ လည်း လှချင်ရင်တော့ လှုပ်ရှားရပါလိမ့်မယ်။ လေ့ကျင့်ခန်းတွေ ကြောင့်တော့ အဲဒီ အဖုအထစ်တွေ ပျောက်သွားတာ မဟုတ်ပါဘူး။ အဖုအထစ်တွေ အောက်က ကြွက်သားတွေ သန်မာ တောင့်တင်းလာတဲ့ အခါ အရေပြားကလည်း အမြင်မှာ လျော့လျဲမှုတွေ ပြယ်လာတဲ့ သဘောပါပဲ။ ဒါပေမယ့်လည်း ထုံးစံ အတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ၊ ခပ်ကြမ်းကြမ်း လေ့ကျင့်ခန်းတွေနဲ့ ကြွက်သား ခိုင်မာစေတဲ့ လေ့ကျင့်ခန်း တွေ တွဲလုပ်တာက ပိုပြီး ထိရောက်တာကို ဂရုပြုစေချင်ပါတယ်။
အကြမ်းထည်တွေ စားပါ
အလှအပ မက်ရင် အနေကြမ်း သလို အစားလည်း ကြမ်းရ ပါလိမ့်မယ်။ အစားကြမ်းရမယ် ဆိုတာက ဒရောသောပါးနဲ့ မဆန့်ရင်ကာ စားတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အမျှင်ဓာတ်တွေ များများ ပါဝင်တဲ့ ဆန်၊ ဂျုံ အကြမ်းတွေ၊ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ စားကြဖို့ ပြောတာပါ။ ပေါင်မုန့် အချောတွေ၊ သကြားလုံးတွေ၊ အချိုရည်တွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ် တွေက လူကို ပိုပြီးဝစေတာမို့ အဖုအထစ်တွေ ပိုပြီး ဖြစ်စေပါတယ်။ သဘာဝ အကြမ်းထည် အစာတွေ စားတာက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်ပြည့်ဝတာမို့ ကျန်းမာရေးရော၊ အလှအပအတွက်ပါ အကျိုးများလ့ို ပါပဲ။
ဝိတ်လျှော့
အရိုးပေါ်အရေတင် ဖြစ်စေ၊ ပါးလျသေးသွယ် နေတာဖြစ်စေ၊ အဲဒီ အဖုအထစ်တွေ ကိုတော့ ရှောင်လို့ မရနိုင်ပါဘူး။ အဆီ နည်းနည်း ထူလာတာနဲ့ မြင်ရမှာပါ။ ဒါပေမယ့် ရှိသင့်တာထက် ပိုပြီး ဝလေလေ အဲဒီ အဖုအထစ်တွေက မြင်သာအောင် ဖောင်းကားလာလေ ဖြစ်မှာပါ။ ကိုယ်က ရှိသင့်တာထက် ပိုပြီး အလေးချိန် ပိုနေသူ ဆိုရင် ဝိတ်လျှော့ဖို့ ကြိုးစားတဲ့အခါ အဖုအထစ်တွေပါ အမြင်မှာ လျော့ကျလာတာ တွေ့ရမှာ ပါ။ သိပ်ပြီး လောဘကြီးလို့တော့ မဖြစ်ပါဘူး။ တဖြည်းဖြည်း လျှော့ချတဲ့ နည်းကို သုံးရမှာပါ။ ဝိတ်ကို အမြန်ကျအောင် ချလိုက်ရင်လည်း ရုတ်တရက် လျော့ကျရှုံ့တွ သွားတဲ့ အရေပြား ကြောင့် အဖုအထစ်တွေ ပိုပြီး မြင်သာ တတ်ပါတယ်။
ဆေးလိပ်ဖြတ်
ခန္ဓာကိုယ် ကျန်းမာရေးကို ဘက်ပေါင်းစုံက ထိခိုက်စေတဲ့ ဆေးလိပ်က အဲဒီ အဖုအထစ်တွေ ဖြစ်တဲ့ နေရာ မှာလည်း ပါဝင်နေပြန် ပါတယ်။ ဆေးလိပ် သောက်တာက သွေးကြောတွေကို ထိခိုက်၊ အဲဒီကနေ အရေပြားကို သွေးသွားလာမှု အနှောင့်အယှက်တွေ ဖြစ်တော့ အရေပြားတွေ လျော့လျဲ တွဲကျ လာပါတော့တယ်။ အဲဒီ အခါကျတော့ လက်မောင်း၊ ပေါင်၊ တင်ပါးလို နေရာတွေမှာ အဖုအထစ်တွေက ထင်ရှားမြင်သာ ဖြစ်လာပါတော့တယ်။ ဆေးလိပ်ဖြတ်ဖ့ို ကတော့ ခက်သူခက်၊ လွယ်သူလွယ် ပေါ့။ လိုအပ်ရင် ဆေးပညာ နည်းနာတွေနဲ့ ဖြတ်လို့ ရပါတယ်။
အချိုင့်တွေကို နှိပ်နယ်
အဖုအထစ်တွေ တခုစီကြားမှာ ချိုင့်နေတဲ့ နေရာတွေ မြင်ရမှာပါ။ အဲဒီနေရာတွေကို မိနစ် အနည်းငယ်လောက် နေ့စဉ် နှိပ်နယ် ပေးတာက အဆင်ပြေတယ် လို့ ဆိုပါတယ်။ ရေချိုးချိန်လို မျိုးမှာ ဖြစ်စေ၊ ဒါမှမဟုတ်လည်း နားနေချိန်မျိုးမှာ ပေါ့။ နှိပ်နယ် ပေးတာက သွေးအသွား အလာ ကောင်းစေပြီး မလိုအပ်တဲ့ ရေတွေကို ဖယ်ထုတ်ရာလည်း ရောက်ပါတယ်။ အဲဒီ အချိုင့်လေးတွေ ပြေလာရင် အဖုအထစ်တွေလည်း မြင်သာရာက လျော့လာမှာပါ။
အရေပြား တင်းရင်းစေတဲ့ လိမ်းဆေးတွေ
တချို့ အပင်တွေက ထုတ်တဲ့ ကရင်မ်တွေက အရေပြားကို ကြည့်ကောင်းစေ ပါတယ်။ ကော်ဖီလိုမျိုးက ထုတ်တဲ့ လိမ်းဆေးတွေ ဆိုရင် အချိန်တို တခဏမှာ အရေပြားတင်းရင်း ကြည့်ကောင်းစေတာ တွေ့ရတတ် ပါတယ်။ သဘာဝ အပင်ထွက် အရေပြား တင်းရင်းစေတဲ့ ဆေးတွေ စမ်းသုံးကြည့်ပါ။ ဘယ်ဟာက ထိရောက်သလဲ ဆိုတာတော့ ကိုယ်တိုင် အတွေ့အကြုံနဲ့ ဆုံးဖြတ်ရွေးချယ်ရမှာပါ။
Retinol ပါဝင်တဲ့ လိမ်းဆေး
အသားအရေ တင်းရင်းစေတဲ့ အထဲမှာတော့ retinol ပါဝင်တဲ့ ကရင်မ်တွေက အကောင်းဆုံးလို့ ညွှန်ကြပါတယ်။ ဒါက အခု ပြောနေတဲ့ အဖုအထစ်တွေ ပြေလျော့သွားတာ မဟုတ်ပါဘူး။ အရေပြားက တင်းရင်းပြီး အမြင်လှလာလို့ သူ့ကို ဖုံးကွယ် သွားစေတာ ပါ။ retinol 0.3% ပါဝင်တဲ့ ကရင်မ်တွေကို အနည်းဆုံး ၆ လ လောက် သုံးရင် သိသာလာလိမ့်မယ် လို့ ဆိုပါတယ်။ အပြင်က ဖုံးအုပ်ထားတဲ့ အရေပြားကို ထူပြီးတောင့်တင်းလာ စေတာက အောက်မှာ ရှိတဲ့ အဖုအထစ်တွေ ပြေလာစေတဲ့ သဘောပါပဲ။
အသားကပ် ဝတ်၊ ကိုယ်လုံးကျပ်စည်း
သိပ်ပြီး လိုအပ်တဲ့ အနေအထားတွေ ဆိုရင်တော့ အလှအပ အတွက် အသားကပ် အဝတ်အထည်တွေ ဝတ်ဆင်တာက လည်း အဖုအထစ်တွေ အတွက် နည်းလမ်းတခုလို့ ဆိုပါတယ်။ အသားကပ် အဝတ်တွေက မလိုလား အပ်တဲ့ အရည်တွေ စုမနေအောင် ကာကွယ်လို့ပါ တဲ့။ ဒါပေမယ့် နည်းနာကောင်းကောင်း သိတဲ့ သူတွေနဲ့ တိုင်ပင်ပြီး ၁နှစ်၊ ၂ နှစ်တော့ ကြိုးစား လုပ်ရတယ် လို့ ဆိုပါတယ်။ အလှပြင်ခန်းတွေမှာ တန်ဖိုးကြီးပေးရတဲ့ ကျပ်စည်းနည်းတွေ ကလည်း အဆင်ပြေတယ် လို့ ဆိုလေရဲ့။
အဆီစုပ်ထုတ်၊ လေဆာ၊ ဓာတ်ရောင်ခြည်
ဒါတွေ ကလည်း အလွန်ဈေးကြီးတတ် ပါတယ်။ အဆီတွေ စက်နဲ့ စုပ်ထုတ်တာ၊ လေဆာနဲ့ ဓာတ်ရောင်ခြည်တွေ သုံးတာက အဖုအထစ်တွေ လျော့ပြေစေ ပါတယ်။ ဈေးကြီး သလို မကြာခဏ လုပ်ရပြီး အန္တရာယ် မရှိတဲ့ နည်းတွေ အဖြစ် အာမခံကြတယ် လို့ ဆိုပါတယ်။ တချို့ကတော့ လေဆာရောင်ခြည်ကို အရေပြား အောက်ထိ ထိုးသွင်းပြီး အဖုအထစ်တေ ကို ခွဲစိတ်လှီးဖြတ်တဲ့ အထိ လုပ်နိုင်ကြပါ သတဲ့။ ဒီနည်းတွေက အလွန်အမင်း ဝသူတွေနဲ့ အရမ်းများတဲ့ အဖုအထစ်တွေ ကိုတော့ လုပ်လို့ အဆင်မပြေဘူး ဆိုပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်ရေမြေမှာ လုပ်ဖို့ အဆင်မပြေဘူးပေါ့။
ကိုယ်လုံးပေါ်က ပုံမှန် ဖြစ်တတ်တဲ့ အဖုအထစ်တွေကို အလှအပ ခုံမင်စိတ်က အနိုင်ယူနေပြီ ဆိုမှဖြင့်၊ ကိုယ့်သဏ္ဍန်ကို လက်မခံနိုင် ဖြစ်လို့ စိတ်ညစ်နေရပြီ ဆိုမှဖြင့် သင့်လျော်တဲ့ နည်းလမ်းတွေ ရွေးချယ်ပြီး စမ်းသာ ကြည့်ကြ ပေရော့။