တနှစ်ထက် တနှစ်၊ တရာသီထက် တရာသီ နေရောင်ခြည်က ပူပြင်းလာလေရဲ့။ နိုင်ငံရေးစနစ်ရဲ့ ပဲ့တင်လား၊ သဘာဝ ပတ်ဝန်းကျင်ရဲ့ ဂယက်လေလား။ ပူတာကတော့ မခံစားနိုင်အောင် ပူလောင်လှပါတယ်။ သဘာဝ နေရောင်ခြည် ကလည်း ဟိုတုန်းကတော့ အထောက်အကူ အဖြစ်၊ အခုတော့ အန္တရာယ် အဖြစ် အသွင်ပြောင်းလာခဲ့တယ်။ နေရောင်ခြည်ကြောင့် လတ်တလော နေလောင်တာ ကနေ ကင်ဆာအထိ ဝေဒနာတွေ ဖြစ်စေပါတယ်။ လူသား ကလည်း ဒါကို ခုခံဖို့ နည်းလမ်း အမျိုးမျိုး ရှာကြံရပြန်ပါတယ်။ နေရောင်ခြည်နဲ့ သူ့ကို တားဆီးကာကွယ်မှုတွေ အကြောင်း ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်တယ်။
နေရောင်ခြည်ရဲ့ အန္တရာယ်
နေရောင် တိုက်ရိုက်ထိတွေ့ရင် ဦးဦးဖျားဖျား ခံစားရတာ ကတော့ နေလောင်တာ ပါပဲ။ နေရောင် တိုက်ရိုက် ထိထားတဲ့ အရေပြားကို မှန်ဘီလူးအောက်မှာ ကြည့်ရင် ဆဲလ်တွေ၊ သွေးကြောတွေ ထိခိုက်နေတာကို တွေ့ရမှာပါ။ ထပ်ခါထပ်ခါ နေလောင်ဖန် များလာရင် အရေပြားက ခြောက်သယောင်း လာတယ်၊ ရှုံ့တွ လာတယ်၊ အရောင်ပြောင်းပြီး သားရေစ လို ဖြစ်လာ ပါတယ်။ ထူထဲလာသယောင် ထင်ရပေမယ့် တကယ်က အားနည်းလာတာပါ။ ပိုပြီး ထိလွယ်ခိုက်လွယ် ဖြစ်လာ ပါတယ်။
နေရောင်ခြည်ရဲ့ အဆိုးဆုံး အန္တရာယ်ကတော့ အရေပြားကင်ဆာ ဖြစ်စေတာပါပဲ။ အခုကာလမှာ အဖြစ်များဆုံး ရေပန်းစားနေတဲ့ ကင်ဆာကလည်း အရေပြားကင်ဆာ ဖြစ်နေပါတယ်။ ဆေးပညာရှင် အများစုကတော့ နေရောင်ခြည် နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်တာကလည်း အရေပြားကင်ဆာ ကာကွယ်နည်းလို့ ယူဆကြပါတယ်။
နေရောင်ခြည်ရဲ့ ကောင်းကျိုး
ကလေးဘဝတုန်း ကတော့ သင်ခဲ့ကြရမှာပါ။ နေရောင်ခြည်သည် ရောဂါပိုးကို ကာကွယ်၏၊ အရိုးသန်မာ စေသည်.. စသဖြင့် ပေါ့။ တကယ်လည်း ဗီတာမင် ဒီ ဆိုတဲ့ အရိုး အတွက် အရေးပါတဲ့ဓာတ်က သဘာဝ အစားအစာတွေမှာ မပါတတ် ပါဘူး။ နေရောင်ခြည်က ခန္ဓာကိုယ်နဲ့ ထိတွေ့မှ ဗီတာမင် ဒီ ဖြစ်လာတာပါ။ အဲဒီတုန်းကတော့ နေရောင်ခြည် ကိုသာ အားကိုးခဲ့ကြတာ ပေါ့။
အခုတော့လည်း ဗီတာမင်ဒီကို အစာအာဟာရတွေထဲမှာ၊ အားဆေးတွေမှာ ထည့်သွင်း ထုတ်လုပ်လာနိုင်ပြီမို့ နေရောင်ခြည်ကို သိပ်အားပြုစရာ မလိုတော့ပါဘူး။ လူ့သဘာဝ အရတော့ နေရောင်ခြည်၊ ဒါမှမဟုတ် အပြင်မှာ နေရတဲ့ လွတ်လပ်မှုကို ခုံမင်တတ်ပါတယ်။ တင်းနစ်ရိုက်တာက တီဗီကြည့်တာထက် ကျန်းမာရေး ပိုကောင်းစေတာမျိုး ပေါ့။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ နေရောင်ခြည်ကြောင့် ထိခိုက်မှု မရှိအောင် စီမံနေထိုင်ကြဖို့ လိုလာပါပြီ။
နေရောင်ခြည်ကို ဘယ်လို ခုခံမလဲ
နေပူထဲ မသွားတာထက် ပိုကောင်းတဲ့နည်း မရှိပါဘူး။ ဒါပေမယ့် ဘယ်သူကများ ပြင်ပလောကနဲ့ ကင်းပြီး နေထိုင်နိုင် ပါ့မလဲ။ အဲဒီတော့ အပြင်ထွက်တဲ့ အခါ လိုက်နာရမယ့် နည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။
– နေရောင်ခံ sunscreen တခုခုကို အမြဲတမ်းသုံးစွဲဖို့က အရေးကြီးဆုံးပါပဲ။ နေ့စဉ်နေ့တိုင်း၊ အပြင်ထွက်တိုင်း နေရောင်ခံ တခုခု သုံးရမှာပါ။ နေ့စဉ် သွားတိုက်တာမျိုးလို မပျက်မကွက် လုပ်ပေးရမယ့် အလေ့အထ တခုလို့တောင် ဆိုပါတယ်။
– တနေ့တာရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီလောက်အထိ နေရောင်ကို တိုက်ရိုက် မထိတွေ့စေဖို့ အရေးကြီးပါတယ်။ ခရမ်းလွန်ရောင်ခြည်က အဲဒီအချိန်မှာ စွမ်းအင်အမြင့်ဆုံး မို့ပါ။
– နေ့လယ်နေ့ခင်းတွေမှာ အချိန်ရှည်ကြာ အပြင်ထွက်ရသူအတွက် အကာအကွယ် အဝတ်တွေ ဝတ်ဆင်ရမှာပါ။ လက်၊ ခြေ တွေပါ ဖုံးအုပ် စွပ်ထားရမှာပါ။ ဦးထုပ် အနားကျယ်ကျယ်တွေ ဝတ်မှလည်း ကိုယ်လုံးရဲ့ဧရိယာ နေရာများများကို ကာကွယ်ရာရောက်မှာပါ။
– ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ နေကာမျက်မှန်ကိုသာ သုံးသင့်ပါတယ်။
နေရောင်ခံ Sunscreen နဲ့ ပတ်သက်လို့
အခုဆိုရင် နေရောင်ခြည် ကာကွယ်ဖို့ Sunscreen တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာနေကြပါပြီ။ နေရောင်ခံ Sunscreen ဆိုတာက နေရောင်ခြည်မှာ ပါတဲ့၊ လူကို ဥပါဒ် ပေးတဲ့ ခရမ်းလွန်ရောင်ခြည်ကို ရောင်ပြန်ဖြစ်အောင် လုပ်တဲ့၊ ဒါမှမဟုတ် စုပ်ယူတဲ့ ဓာတုပစ္စည်းတွေနဲ့ စီမံထားတာပါ။ အရည်၊ ဂျယ်လီ၊ မှုတ်ဖျန်းဆေး၊ ကရင်မ်စသဖြင့် အမျိုးမျိုး လာပါတယ်။ အရေပြားပေါ် လိမ်းဖို့ပါပဲ။ အလှကုန် ပစ္စည်းဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ တွင်ကျယ်နေပါပြီ။
နေရောင်ခံတွေကို သုံးစွဲရာမှာ အရေးကြီးတဲ့ တချက်ကိုတော့ သိထားရပါမယ်။ SPF လို့ ခေါ်တဲ့ နေရောင်ခံ စွမ်းရည်ပါ။ နေရောင်ခံ ဆေးတွေမှာ အဲဒီ SPF ပါဝင်မှုကို ရေးထားလေ့ရှိပါတယ်။ အနည်းဆုံး SPF 15 အထက် သုံးမှသာ စိတ်ချရတဲ့ ပမာဏ ဖြစ်ပါတယ်။ နေလောင်တာသာ မက ကင်ဆာပါ ကာကွယ်ဖို့ အခုဆို SPF 30, 40 ရှိတဲ့ နေရောင်ခံတွေ ပေါ်နေပါပြီ။
သိပ်ပြီး နေမထိသူတွေအနေနဲ့SPF နည်းတာကို သုံးလို့ရမရ
နေမလောင်ဖို့ အတွက် လောက်ကတော့ ရပါတယ်။ ဒါပေမယ့် နေလောင်ခံတွေ သုံးရတာက နေလောင်ဒါဏ် အတွက် မဟုတ်ပါဘူး။ ရေရှည်မှာ နေရောင် တိုက်ရိုက် ထိတွေ့မှုကနေ ကင်ဆာ ဖြစ်မလာစေဖို့ အဓိကပါ။ ဒါကြောင့် တကယ် တမ်းတော့ အနည်းဆုံး SPF 15 ရှိတဲ့ နေလောင်ခံ လိမ်းဆေးတွေ သုံးမှ ဖြစ်မှာပါ။
နေလောင်ခံကို ဘယ်လိုလူတွေ သုံးသင့်သလဲ
အိမ်ပြင်ထွက်ပြီး နေရောင်နဲ့ ထိတွေ့နေသူ မှန်ရင် သုံးရမှာပါ။ ကလေး၊ လူကြီး မရွေးပါဘူး။ ယောက်ျား၊ မိန်းမ မရွေးပါဘူး။ အသားရောင် ဖြူတာ၊ မည်းတာ ဘာဖြစ်ဖြစ် လိမ်းရမှာပါ။ အထူးသဖြင့် နေပူထဲ တနေကုန် အလုပ်လုပ်ရ သူတွေ အတွက် မသုံးမဖြစ် အမြဲသုံးရမယ့် အရာပါ။
ကလေး ဘယ်အရွယ်မှာ သုံးရမလဲ
နေရောင်ခံတွေကို ကလေး ၆ လကျော်တာနဲ့ စိတ်ချလက်ချ သုံးလို့ ရနေပါပြီ။ ငယ်စဉ်ကတည်းက သုံးထားရင် ကြီးလာတဲ့ အခါ အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်တာပေါ့။ သုတေသနတွေ အဆိုအရတော့ ကလေးငယ်ငယ် ကနေ ၁၈ နှစ်လောက်အထိ ပုံမှန်သုံးရင် အရေပြားကင်ဆာ ဖြစ်နိုင်ချေ ၇၂% လောက်အထိ လျော့သွားစေတယ် လို့ ဆိုပါတယ်။
ဓာတ်မတည့်တာ ဖြစ်နိုင်သလား
တချို့ ဓာတုပစ္စည်းတွေ ကတော့ ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ နေရောင်ခံမှာ ပါတဲ့ ဓာတုပစ္စည်းကို မှတ်သားပြီး လွှဲဖယ်ဝယ်ယူလို့ ရပါတယ်။ အနည်းဆုံး ဓာတုပစ္စည်း ၅ မျိုး၊ ၆ မျိုးကို အခြေခံ ထုတ်လုပ် ထားကြတာမို့ ရွေးချယ်စရာ အများကြီးပါ။ သံသယ ဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးပါ။
ဒီလောက် ဆိုရင်ဖြင့် နေရောင်ခြည်ရဲ့ အန္တရာယ်ကို အန်တုဖို့ရာ နေရောင်တိုက်ရိုက် ထိတွေ့မှု မရှိအောင် နေထိုင်ဖို့၊ မလွှဲမရှောင်သာ နေရောင်ထဲ သွားရ၊ လုပ်ရသူ အတွက်လည်း နေရောင်ခံ Sunscreen တွေ အသုံးပြုဖို့က မဖြစ်မနေ အရေးပါတာကို သတိပြုပြီး လိုက်နာကြဖို့ အသိပေးလိုက်ပါတယ်။
Sunscreen ကို ဘယ်လို လိမ်းမလဲ
· အပြင်မထွက်မီ နာရီဝက် လောက် ကြိုလိမ်းပါ။
· ၃ နာရီလောက် တောက်လျှောက် နေရောင်မှာ နေပြီးရင် ထပ်လိမ်းပေးပါ။ တနေကုန် ခံပါတယ်လို့ စာရေးထားစေဦးတော့၊ နေရောင်ထိတာများရင်တော့ တနာရီ တခါလောက် လိမ်းပေးသင့်ပါတယ်။
· နေရောင် တိုက်ရိုက်ထိနိုင်တဲ့ မျက်နှာ၊ နားရွက်၊ နှုတ်ခမ်း၊ လက် စတာတွေကို လိမ်းထားရမှာပါ။ လိမ်းဆေးရည် ၃၀ စီစီ လောက်ကို ခပ်ပါးပါးလေး ဖျန်းထားရုံဆို အဆင်ပြေပါတယ်။ အရမ်းပွတ်လိမ်းတာမျိုး မလုပ်သင့်ပါဘူး။
· အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်အောက်မှာ နေလောင်ခံကို အရင်လိမ်းသင့်ပါတယ်။ အစိုဓာတ်က နေရောင်ခံတွေကို အာနိသင် ပြယ်စေတတ်တာကိုလည်း သတိပြုပါ။