Health

နားရှိပေမယ့် ကြားမိဖို့လိုသေးတယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နားလေး၊ နားထိုင်း၊ နားပင်း စသဖြင့် အသုံးအနှုံးမျိုးစုံက အကြားအာရုံချို့ယွင်းမှုကို ဖော်ပြတဲ့ ဝေါဟာရတွေ ပေါ့။ ကြားလိုက်ရင် အရေးပေါ် အသက်အန္တရာယ် အတွက် သိပ်ပြဿနာ မရှိသလိုမျိုး ထင်ရပေမယ့်  တကယ်တော့ နားထိုင်းပြီ ဆိုရင် လူအချင်းချင်း ဆက်သွယ်ရေးမှာ ကသိကအောင့်တွေ ဖြစ်ရပါတော့တယ်။ ပြောတာ တခြား ကြားတာတခြား ဖြစ်ရာကနေ ပေါင်းသင်း ဆက်ဆံရေး မချောမွေ့တာတွေ ဖြစ်ရသလို ကလေးသူငယ် အရွယ်တွေ အတွက် ပညာသင်ယူရာမှာပါ အခက်တွေ့ရ တော့တာပါ။ နားရဲ့ အကြားအာရုံ ထိခိုက်စေတဲ့ အကြောင်းတွေ ထဲက အဖြစ်များတဲ့ ကိစ္စတွေ ပြောပြချင်ပါတယ်။

အသံဆူညံတဲ့ လုပ်ငန်းခွင်

ဆက်တိုက် ဆူညံနေတဲ့ အသံတွေကို အချိန်ကာလ ကြာရှည် ခံစားနေရရင် နားမကြား ဖြစ်လာပါတော့တယ်။ အထူးသဖြင့် စက်မောင်းသံ ဆူဆူတွေကတော့ ဖြစ်လေ့ အရှိဆုံးပေါ့။ စက်ရုံအလုပ်သမားတွေ အဖြစ်များကြပါတယ်။ အဲသလိုပဲ မော်တော်ဆိုင်ကယ် စီးတာမျိုး ကာလရှည်ကြာရင်လည်း ဖြစ်လေ့ ရှိပါသတဲ့။ အဲသလို လုပ်ငန်းခွင်တွေမှာ မကြာခဏ အသံနဲ့ ဝေးရာမှာ နားပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ နားကို ပိတ်ဆို့တဲ့ ကိရိယာတွေ တပ်ဆင်ပြီး အလုပ်လုပ်တာ ပိုကောင်းပါတယ်။

ဖိအားနဲ့ ဒဏ်ရာ

ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့ ဒဏ်ရာရမှုတွေက နားရဲ့ အလယ်ပိုင်းက အရိုးတွေ နေရာလွဲစေတာ၊ အာရုံကြော ထိခိုက်တာတွေ ဖြစ်ရင် ရာသက်ပန် နားမကြားတဲ့ ဘဝကို ရောက်စေပါတယ်။ လေယာဉ်စီးတာလို လေဖိအား အပြောင်းအလဲ ရုတ်တရက် ဖြစ်တာတွေ ကလည်း နားစည်၊ အလယ်နားနဲ့ အတွင်းနားတွေကို ထိခိုက်ပြီး နားပင်းစေနိုင် ပါတယ်။ နားစည်မှာ ထိခိုက်မိတာမျိုးက ရက်သတ္တပတ် အနည်းငယ်လောက်နဲ့ ပြန်ပြီး ကောင်းတတ် ပေမယ့် အတွင်းနား ထိခိုက်မှုတွေ ကျတော့ ခွဲစိတ်မှုတွေ လုပ်ရပါတယ်။ နားကို ဂွမ်းလို တခုခုနဲ့ ပိတ်ထားတာမျိုးက လည်း နားစည် ပေါက်ပြဲပြီး အမြဲတမ်း နားထိုင်းသူ ဖြစ်စေပါတယ်။

ဆေးဝါး

တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး ကလည်း ယာယီ နားထိုင်းစေပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးတွေနဲ့ ကင်ဆာရောဂါ အတွက် သုံးတဲ့ ဆေးတွေ ပေါ့။ ဒီဆေးတွေနဲ့ ကုသနေစဉ်မှာ အကြားအာရုံ စမ်းသပ်မှုတွေ လုပ်ပေးဖို့ လိုပါတယ်။ တချို့ ကျတော့လည်း အမြဲတမ်း နားထိုင်းသွား စေတတ် ပါတယ်။ အက်စ်ပရင်၊ ပါရာစီတမောနဲ့ တခြား အကိုက်အခဲ ပျောက်ဆေးတွေ အမြဲ ပုံမှန်သောက်တာ မျိုးက နားလေးမှု ပိုဖြစ်စေပါတယ်။ တချို့ ဆေးတွေ ကျတော့ လည်း ဆေးဖြတ်လိုက်ရင် နားလေးတာ ပြန်ကောင်းလာ တတ်ပါတယ်။

နာတာရှည်ရောဂါ

တချို့ နာတာရှည် ရောဂါတွေက နားနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နားထိုင်းမှု ဖြစ်စေပါတယ်။ အတွင်းနာ ဒါမှ မဟုတ် ဦးနှောက်ကို သွားတဲ့ သွေးစီးကြောင်းကို ပြတ်တောက်စေရာက ဖြစ်လာတတ်တာမျိုး ပါ။ နှလုံးရောဂါ၊ လေဖြတ်၊ သွေးတိုးနဲ့ ဆီးချိုတွေက နားထိုင်းစေပါတယ်။ တချို့ Rheumatoid arthritis လို လေးဘက်နာ ရောဂါမျိုး ကလည်း နားထိုင်းမှုနဲ့ ဆက်စပ်နေတတ် ပါတယ်။

နားရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံ

အသံလှိုင်းတွေက အပြင်နားကနေ နားပြွန်တလျှောက် ဖြတ်သန်း ဝင်လာတာပါ။ အဲဒီကနေ အလယ်နားမှာ ရှိတဲ့ နားစည်နဲ့ အရိုး သေးသေးလေးတွေကို တုန်ခါစေပါတယ်။ အဲဒီတုန်ခါမှုက အတွင်းနားထဲက အရည်တွေကို ဖြတ်သန်းပြီး သေးငယ်တဲ့ အမွေးအမျှင် လေးတွေက ဦးနှောက်ကို သတင်း ပို့ပေးတဲ့အခါ အသံကိုကြားရတာပါ။ အဲဒီ လမ်းကြောင်း တလျှောက် တနေရာရာမှာ ထိခိုက် ပိတ်ဆို့မှု ဖြစ်ရင် နားထိုင်းစေတာပါပဲ။

အလုံးအကြိတ်

ကင်ဆာ မဟုတ်တဲ့ Osteoma , Exostoses , Polyps စတာတွေက နားပြွန်ကို ပိတ်ဆို့စေရင်လည်း နားထိုင်းတာပါပဲ။ အဲဒါတွေ ဖယ်ရှားလိုက်ရင် ပြန်ကြားတတ်ပါတယ်။ အတွင်းနားမှာ ဖြစ်တတ်တဲ့ အလုံးအကြိတ် ဖြစ်တဲ့ Acostic neroma ကတော့ နားထိုင်းတာရော၊ ဟန်ချက်ထိန်းမှု ပျက်ယွင်းတာပါ ဖြစ်စေပါတယ်။ မျက်နှာတွေ ထုံကျဉ်တာ၊ ဟန်ချက်ထိန်းဖို့ ခက်တာ၊ နားအူတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ကုသလိုက်ရင်တော့ နားပြန်ကြားတတ်ပါတယ်။

ပေါက်ကွဲသံ

တခါတရံ ရုတ်တရက် ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားရတာကလည်း နားထိုင်းစေတာ ပါပဲ။ သေနတ်သံ၊ ဗုံးကွဲသံနဲ့ အသံကျယ်လောင်တဲ့ တခြား ပေါက်ကွဲမှုတွေက ပြင်းအားမြင့် အသံလှိုင်း ဖြစ်စေပြီး နားစည် ဒါမှမဟုတ် အတွင်းနား ကို ထိခိုက်ပျက်စီးစေတာပါ။ Acoustic trauma ခေါ်ပါတယ်။ ချက်ချင်း နားထိုင်းသွားပြီး ရာသက်ပန် ပြန်မကြားတော့ တာမျိုး ဖြစ်တတ်ပါတယ်။

နားကြပ် (Earphone)

အခုခေတ်မှာ အတွေ့ရ များလာတဲ့ နားမှာ နားကြပ်တန်းလန်း နားထောင်နေကြ တာတွေကလည်း နားထိုင်းမှု ဖြစ်စေပါ သတဲ့။ အသံကို ကျယ်ကျယ်ဖွင့်တတ်လေ ဆိုးလေပါတဲ့။ အသံကျယ်ကျယ်နဲ့ အချိန်ကြာကြာ နားထောင်လေ ယာယီ ဒါမှမဟုတ် ထာဝရ နားထိုင်းဖို့ အခွင့်အလမ်း များလေပါပဲ။ အသံတိုးတိုးနဲ့ အချိန်တိုတို နားထောင်တာမျိုးနဲ့ ကာကွယ် နိုင်ပါတယ်။

ကလေးဘဝ ရောဂါဘယ

ကလေးဘဝမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အများစုက အကြားအာရုံ ထိခိုက်စေတတ် ပါတယ်။ နားမှာ ရောဂါပိုး ဝင်ရောက်တဲ့ အခါ  အလယ်နားထဲမှာ အရည်တွေ ပြည့်ပြီး နားထိုင်းလာတတ် ပါတယ်။ ရောဂါပျောက်လို့ အရည်တွေ မရှိတော့ရင် ပြန်ကောင်းလာ တတ်ပါတယ်။ အလယ်နား ဒါမှမဟုတ် အတွင်းနားကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ ကျတော့ ထာဝရ နားထိုင်းသွား တတ်ပါတယ်။ အကြားအာရုံ ထိခိုက်စေတဲ့ ရောဂါတွေမှာ ရေကျောက်၊ တုပ်ကွေး၊ ဝက်သက်၊ ဦးနှောက်ရောင်၊ ဦးနှောက် အမြှေးရောင်နဲ့ ပါးချိတ်ရောင်တဲ့ ရောဂါတွေ ပါဝင်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးနံှထားတာက ထိရောက်တဲ့ ကာကွယ်နည်းပေါ့။

မွေးဖွားစဉ် ကတည်းက နားထိုင်းတတ်သလား

တချို့က မွေးရာပါ နားထိုင်း လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကူးစက်ရောဂါ တခုခုဖြစ်တာ၊ မိခင်မှာ ဆီးချိုရောဂါ ရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မွေးဖွားနေစဉ် ထိခိုက်ဒဏ်ရာ ရတာမျိုးနဲ့ အသားဝါတာကလည်း မွေးကင်းစ နားထိုင်းမှု ဖြစ်စေပါတယ်။

အသက်အရွယ်

အသက်ကြီး လာတာနဲ့အမျှ အကြားအာရုံ အားနည်း လာတတ်ပါတယ်။ နားကို ဘယ်လိုပဲ ဂရုစိုက်ကာကွယ် စေဦးတော့ ဒါက ရှောင်မရပါဘူး။ အတွင်းနားထဲက အကြားအာရုံ ပို့ပေးတဲ့ ဆံခြည်မျှင်လေးတွေ လျော့ပါး လာတာ ကြောင့်လို့ ဆိုပါတယ်။ ဒါက ကာကွယ်လို့ မရပေမယ့် သက်သာအောင်တော့ နားဆရာဝန်များက ကူညီပေးနိုင်ပါ လိမ့်မယ်။
အာရုံတွေထဲမှာ ပေါင်းသင်းဆက်သွယ်ရေး အတွက် အရေးကြီးတဲ့ နားအကြားအာရုံကို တတ်နိုင်သမျှ ဂရုပြု ကာကွယ်ကြမှ နားပင်းနားထိုင်း ဘဝက လွတ်ကြရမှာပါ။ ပြောသမျှ ကြားဖို့၊ ကြားသမျှ ပြန်ပြောဖို့ နားကို စောင့် ရှောက်ကြရမှာ ပါ။ တချို့ ကျတော့လည်း အတ္တကြိမ်နှုန်း မြင့်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ပိတ်ဆို့ နေလိုက်ကြ တာ၊ ဘယ်လိုပြောပြော မကြားသလို လုပ်တတ်ကြ ပြန်ပါတယ်။ အဲဒါကျတော့ ရူးချင်ယောင် ဆောင်တယ်လို့ ပြောကြ တယ် မဟုတ်ပါလား။    ။

Did you find apk for android? You can find new Free Android Games and apps.
Loading