သတ္တဝါဘုံမှာ ကာမဂုဏ် အာရုံက ခိုလှုံချင်စရာ အကောင်းဆုံးလို့ ပြောကြလေရဲ့။ ကျန်တဲ့ အစွဲအလန်းတွေ ထက် အဲဒီကိစ္စကို ပိုပြီး အားသန် လုံ့လပြုကြတာလည်း တွေ့ရပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်ပြုပြင်မှုတွေနဲ့ ကာမစွမ်းရည် မြှင့်တင်ရေးကို နိုင်ငံတော် ပြည်အရေးထက် ကြိုးစားကြပါသေးတယ်။ ကောင်းနိုးရာရာ ရှာဖွေကြ၊ လက်ဆင့်ကမ်းကြ ပေါ့။ ဒါပေမယ့် အများစုက အစားအသောက်ကို သိပ်ပြီး အာရုံမရောက်ကြဘဲ ဆေးဝါးတွေသာ ရှာဖွေနေကြတာပါ။ တကယ်တော့ အမျိုးသားတွေ အတွက် သဘာဝ အာဟာရတွေကနေ ဒီကိစ္စအတွက် အထောက်အကူ ပြုတာတွေ အများကြီး ရှိပါသတဲ့။ ကြားဖူးနားဝ ရှိချင်ရှိမယ်၊ အမှန်တကယ် သုံးစွဲ အလုပ်ဖြစ် နေသူတွေလည်း ရှိမယ်ထင်တဲ့ အစားအသောက်လေးတွေ ပြောပြချင်မိပါရဲ့။
ဖရဲသီး
ချိုမြပြီး လန်းဆန်းမှုပေးတဲ့ ဒီအသီးက သွေးကြောတွေကိုလည်း အာနိသင်ပေးတာမို့ ပန်းသေပန်းညှိုး အနေအထား တွေမှာ အဆင်ပြေပါသတဲ့။ လေ့လာမှုတွေက လိင်ကိစ္စ ပြန်လည် တွန်းအားပေးတဲ့ ဆေးတမယ် လို့ တင်စားကြပါ တယ်။ တကယ်တမ်း ဖရဲသီးမှာ ပါတာက ရေသာ အများစုပါ။ ဒါပေမယ့် Lycopene ခေါ်တဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာက နှလုံး၊ ဆီးကျိတ်နဲ့ အရေပြားတွေကိုပါ ကောင်းမွန်စေလို့ ပါပဲ။
ကမာ
ပင်လယ်စာ ဖြစ်တဲ့ ဒီ အခွံမာကောင်လေးကလည်း လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် မြင့်စေပါတယ်။ အဓိက အားဖြင့် ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏကို မြင့့်စေလို့ပါ။ ဒါ့အပြင် သူ့မှာက မရှိမဖြစ် ဇင့် သတ္တုဓာတ် ကလည်း ပါပြန်တာကိုး။ ဒါပေမယ့် ပြဿနာ တခုအတွက် ဖြေရှင်းရာက တခြားပြဿနာ ဝင်လာတတ်တာ သတိပြုပါ။ ကမာကို အသေအချာ ကျက်အောင် မချက်ပြုတ်ရင်တော့ ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်တာ အသေအချာမို့ ကမာစားပြီး စိတ်အား ထက်သန်နေကာမှ လူက ပက်လက်လန်နေ ပါဦးမယ်။
ကော်ဖီ
အိပ်ယာထ ကော်ဖီတခွက် သောက်လိုက်တာက လူကို လန်းဆန်းသွားစေတယ် လို့ ခံစားရပါသလား။ အကျိုး ကျေးဇူးက ဒီလောက် မကပါဘူး။ ချစ်တင်းနှောစရာ အင်အားတွေလည်း ရပါသတဲ့။ တနေ့မှာ ကော်ဖီ နှစ်ခွက်ကနေ သုံးခွက်လောက် သောက်တဲ့ အမျိုးသားတွေမှာ လိင်ဆိုင်ရာ နိုးကြားမှုရစေတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။ ကဖင်းက သွေးလည်ပတ်မှုကို ချောမွေ့စေတာကြောင့်လို့ ပြောကြပါတယ်။ ကော်ဖီမှ မဟုတ်ဘူးပေါ့၊ ကဖင်းပါတဲ့ တခြား လက်ဖက်ရည်၊ ဆိုဒါနဲ့ အချိုရည်တွေမှာလည်း ဒီအာနိသင် ရနိုင်တာပေါ့။
ချောကလက် အမည်း
တပတ်မှာ တအောင်စလောက် စားပေးရုံနဲ့ သိသာတဲ့ အာနိသင်ရှိပါသတဲ့။ ချောကလက်အမည်းမှာ ကြွယ်ဝစွာ ပါဝင်တဲ့ Flavonol ခေါ်တဲ့ အပင်ထွက် အာဟာရက သွေးစီးဆင်းလည်ပတ်မှု အလွန်ကောင်းစေပြီး နှလုံး အတွက် ရော၊ တခြား အစိတ်အပိုင်း တွေကိုပါ ကောင်းမွန်စေပါတယ်။ သွေးတိုး ကျစေနိုင်ပါသေးတယ်။ ဒါတင်မက ကိုယ်ထဲမှာ နိုက်ထရစ် အောက်ဆိုဒ်တွေ များလာစေတာက ပန်းသေ၊ ပန်းညှိုး သမားတွေအတွက် ကုထုံးတခု ဖြစ်နေပါတော့ တယ်။
ခွံမာသီး အစေ့အဆံတွေ
သစ်ကြားသီးမှာဆိုရင် Arginine ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါတာက နိုက်ထရစ်အောက်ဆိုဒ်တွေ ပိုထုတ်စေပါတယ်။ အဲဒီလိုပဲ အစေ့အဆံတွေမှာ ဗီတာမင်အီး၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝ ပါတယ်။ တနေ့တာမှာ လက်တဆုပ်စာထက် မပိုတဲ့ အစေ့အဆံတွေ စားသင့်ပါတယ်။ အများကြီး စားရင်တော့ ကယ်လိုရီတွေ ပိုကုန်ပါလိမ့်မယ်။
ဖျော်ရည်
သဘာဝ သစ်သီးဖျော်ရည်တွေကလည်း အမျိုးသားစွမ်းရည် မြင့်စေတာတွေ ရှိပါတယ်။ အထူးသဖြင့် စပျစ်သီး ဖျော်ရည်က လိင်နိုးကြွစေတဲ့ နိုက်ထရစ် အောက်ဆိုဒ်တွေ များစေလို့ ပါ။ စပျစ်သီးဖျော်ရည် မကြိုက်သူတွေ အတွက်တော့ ပင်မှည့်သီး ခေါ်တဲ့ သလဲသီး ဖျော်ရည်ကလည်း အဆင်ပြေပါသတဲ့။ အာနိသင်ချင်း တူပါတယ်လို့ ဆိုလေရဲ့။
ကြက်သွန်ဖြူ
အနံ့ပြင်းလှတဲ့ ကြက်သွန်ဖြူကလည်း အကျိုးပြုတယ် လို့ ဆိုပါတယ်။ သွေးကြောနံရံတွေမှာ အဆီချိုးတွေ ကပ်ပြီး သွေးစီးဆင်း လည်ပတ်မှု နှေးကွေးပြတ်တောက်မှုတွေ ဖြစ်ရင် အမျိုးသားများ ချစ်တင်းနှောဖို့ရာ အဆင်မပြေ ခွေလျော့ နေတတ်ပါတယ်။ ကြက်သွန်ဖြူက အဲဒီ ချိုးတွေ ရှင်းလင်းပေးပြီး သွေးလည်ပတ်မှု ပုံမှန်ဖြစ်အောင် ကူညီ ဖြည့်ဆည်း ပေးပါလိမ့်မယ်။
ငါး
အဆီပါတဲ့ငါးတွေက နှလုံးအတွက် သင့်လျော်ပါတယ်။ သူတို့မှာ ပါတာက ကောင်းတဲ့ အဆီခေါ်တဲ့ အိုမီဂါ – ၃ အဆီဆက်ဆစ်တွေမို့ ပါ။ သူတို့ကလည်း လိင်ရေးလိင်ရာ နိုက်ထရစ်အက်ဆစ် တိုးပွားစေလို့ ပါ။ သွေးတိုးကျ စေပြီး သွေးကြောထဲ သွေးခဲတာ၊ နှလုံးတိုက်ခိုက် ခံရတာတွေလည်း ကာကွယ်ပေးပါတယ်။ ဆော်လ်မွန်၊ တူနာ၊ ငါးကွမ်းရှပ်၊ ဆာဒင်းခေါ်တဲ့ ငါးသေတ္တာငါးတွေ တပတ်မှာ ၈ အောင်စလောက် စားပေးရင် နှလုံးအတွက်ရော၊ ချစ်မှုရေးရာပါ အဆင်ပြေပါ သတဲ့။
သစ်ရွက်စိမ်းစိမ်း
ကိုက်လန် ကတော့ နိုက်ထရစ်အက်ဆစ် တိုးပွားစေရာမှာ ဆရာကြီးတဆူလို့ ပြောပါတယ်။ ဒါပေမယ့် တခြား အစိမ်းရင့် ဟင်းရွက်တွေ အားလုံးကလည်း လိင်ဆိုင်ရာ ကိစ္စတွေအတွက် စွမ်းအင် စက်ရုံတွေလို့ တင်စားကြပါတယ်။ ဟင်းသီး ဟင်းရွက် သက်သက်မို့ အထင်သေးစရာတော့ မဟုတ်ဘူးပေါ့နော်။
အပူအစပ်
အပူအစပ်တွေ ကလည်း ချစ်တင်းနှောဖို့ အင်အားပါတဲ့။ အထူးသဖြင့် တချို့ ငရုတ်ပွတွေ၊ ငရုတ်ကောင်းတွေက သွေးကြောနဲ့ နှလုံးတွေကို ထောက်ကူပေးပါတယ်။ သွေးစီးဆင်း လည်ပတ်မှု တကိုယ်လုံးကို ကောင်းမွန်စေတာမို့ လိင်အင်္ဂါ အပါအဝင် အားလုံးကို နိုးကြားစေတာပေါ့။ သွေးတိုးကျဖို့၊ သွေးမခဲဖို့နဲ့ ကိုလက်စထရော ကျဖို့လည်း အပူအစပ်တွေက ကူညီပါတယ်။
သံလွင်ဆီ
သံလွင်ဆီကတော့ ကျားဟော်မုန်း တက်စတိုစတီရုန်းတွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ နောက်ပြီးတော့ မကောင်းတဲ့ ကိုလက်စထရောတွေ ဖယ်ထုတ်ပေး ပြန်ပါတယ်။ အထူးသဖြင့် ဓာတုပစ္စည်းတွေ မပါ၊ အပူချိန် အရမ်းမြင့် မနေရင် ပိုပြီး အာနိသင်ဖြစ်စေပါတယ်။
အဲဒီ အစားအသောက်တွေက ဝါသနာရှင်ဖြစ်စေ၊ ပန်းသေပန်းညှိုး ဝေဒနာရှင်ဖြစ်စေ အတွက် ဆေးဝါးမကူဘဲ သဘာဝအလျောက် အားဖြည့်ပေးတဲ့ ကုထုံးတွေလို့ လေ့လာ သုတေသနပြုချက်တွေက ဆိုပါတယ်။ ဟုတ်မဟုတ် သေချာအောင် စမ်းသပ်ကြည့်ကြလို့ မှန်ခဲ့ရင်တော့ စာရေးသူကိုလည်း ဘာအကောင်းဆုံးလဲ လက်တို့ ကြပါဦး။ ။