အခုခေတ်မှာတော့ မိန်းကလေးယောက်ျားလေး သူ့တာဝန် ကိုယ့်တာဝန် မခွဲတော့ဘဲ မီးဖိုချောင်ကို ဝင်ရောက်ချက်ပြုတ် လုပ်ကိုင်လာကြရတဲ့အခါ မကြာခဏတွေ့ကြုံရတာက ကြက်သွန်လှီးရင်းမွှန်ပြီး မျက်ရည်ကျ ရတာပါပဲ။ ဘာမှ အရေးမကြီးသလိုထင်ရပေမယ့် တနေ့တာလုံးနေထိုင်ရတာ အဆင်မပြေသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက်သွန်လှီးရင်းမငိုရအောင် သိထားသင့်တဲ့ အချက် ၅ ချက်ကိုဖော်ပြပေးပါမယ်။
ကြက်သွန်ဥရဲ့ ဇီဝသဘောနဲ့ အာနိသင်
တကယ်တော့ ကြက်သွန်နီဟာအော်လီယံ(Allium) မျိုးရင်းမှာပါဝင်တဲ့ အော်လီယံဆက်ဖါ (Allium cepa) မျိုးစိတ် ဖြစ်ပြီး၊ မြေပေါ်မှာထောင်မတ်နေသောအညှောက် (vertical shoot) ပါရှိပါတယ်။ ကြက်သွန်ဥလို့ အများက ခေါ်ကြပေမယ့် တကယ်တော့ ဥမဟုတ်ဘဲ အရွက်များသာ ဖြစ်ပါတယ်။ အထပ်အထပ် ဖြစ်နေတဲ့ ကြက်သွန်ရွက် များက မြေကြီးထဲမှာရှိနေတာပါ။
မြန်မာဆေးကျမ်းများအလိုအရ “ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏၊ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာ တို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ်မမြိန်၊ အော့အန်ရောဂါတို့ကိုပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုတ်အားကို ပွားများစေတတ်၏။ အော့အန်ခြင်းစသောရောဂါများကို ပျောက်ကင်းစေတတ်၏” လို့ ဆိုထားတဲ့ ကြက်သွန်နီကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူသားတို့ စားသုံးခဲ့တာဖြစ်ပြီး ဘီစီ ၅၀၀၀ ခေတ်ကတည်းကလို့ ဆိုပါတယ်။
မျက်စိမွှန်စပ်စေခြင်း
ကြက်သွန်နီကို လှီးဖြတ် ခွဲစိပ်လိုက်တဲ့အခါ အော်လီနေ့စ် (alliinase) လို့ ခေါ်တဲ့ အင်ဇိုင်း ဇီဝဆဲလ်များဟာ ဓာတ်ပြိုကွဲကာ အမိုင်နိုအက်ဆစ်(mino acid) ဆာလ်ဖောက်ဆိုက် (sulphoxide) နှင့် ဆာလဖြူရစ် အက်ဆစ် (sulphenic acid) တို့အဖြစ် ပြိုကွဲထွက်လာပါတယ်။ အဲဒီဆာလ်ဖြူရစ်အက်ဆစ်က တဖန်ထပ်ဆင့်ဓာတ်ပြိုကွဲရာ lachrymatory factor synthase or LFS ဟု ခေါ်သော ဒုတိယအင်ဇိုင်းတမျိုး ဖြစ်ပေါ်လာပါတယ်။ အဲဒီ အင်ဇိုင်းက အငွေ့ပျံလွယ်တဲ့ ဓာတ်ငွေ့တမျိုးဖြစ်ပြီး မျက်ရည်ထွက်စေတာပါ။ အထူးသဖြင့်တော့ ကြက်သွန်နီကို လှီးလိုက်တဲ့အခါ မျက်လုံးအိမ်အတွင်းက လက်ခရီမယ်လ်ဂလင်းများ (lacrimal glands) ကို လှုံ့ဆော်ပေးတာပါပဲ။
ကြက်သွန်လှီးတဲ့ နေရာအနီးအနားမှာ ရေရှိမယ် ဆိုရင်တော့ အဲဒီဓာတ်ငွေ့နဲ့ ရေဓာတ်ပြုပြီး ဓာတ်ပြယ်စေတဲ့အတွက် မျက်စိမွှန်စပ်တာကို ကာကွယ်ပေးပါတယ်။ နောက်ပြီး အိုင်အိုဒင်းဆားနဲ့လည်း အလွယ်တကူဓာတ်ပြုနိုင်ပြီး မျက်စိမွန်စပ်တာကို ကာကွယ်ပေးပါတယ်။ ထက်မြိနေတဲ့ ဓားကိုအသုံးပြုဖို့၊ အခွန်ခွာထားတဲ့ ကြက်သွန် တွေကို ရေစိမ်ဖို့လည်းအကြံပြုလိုက်ပါတယ်။
ကြက်သွန်လှီးရင်းမျက်ရည်မကျဖို့
(၁) ကြက်သွန်လှီးတဲ့ နေရာအနီးမှာရေဇလုံထားရှိပါ၊သို့မဟုတ်
(၂) အိုအိုဒင်းဆားပန်းကန် ထားရှိပါ၊
(၃) ထက်မြိတဲ့ ဓားကိုသုံးပါ၊
(၄) အခွံခွာထားတဲ့ ကြက်သွန်ကိုရေစိမ်ထားပါ၊
(၅) ကြက်သွန်လှီးတဲ့ နေရာက လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်ဖို့ လိုအပ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။ ။
Ref: onlymyhealth.com/wikipedia