ဇီကာ ဗိုင်းရပ်စ် အရေးပေါ် တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အမေရိကန် ကွန်ဂရက်ကနေပြီးတော့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တောင်းခံသွားမယ်လို့ အိုဘားမား အစိုးရအဖွဲ့က ပြောပါတယ်။
ဇီကာ ဗိုင်းရပ်စ် ကူးစက်ပြီး ရောဂါဖြစ်သူ ကိုယ်ဝန်ဆောင်တွေကနေ ကလေးတွေကို ထပ်မံ ကူးစက်ပြီး မွေးရာပါ Microcephaly ခေါ်တဲ့ ခေါင်းသေးသေးလေးတွေ ဖြစ်စေတတ်ပါတယ်။
သမ္မတ အိုဘားမား တောင်းခံတဲ့ ရန်ပုံငွေဟာ ခြင်ထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေး သုတေသနတွေအတွက် သုံးမှာပါ။
ရန်ပုံငွေ တချို့ကိုတော့ ဇီကာ ကူးစက်မှု ဖြစ်နေတဲ့ နိုင်ငံတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ခြင်တိုက်ဖျက်ရေးနဲ့ ကူးစက်မှု တားဆီး ကာကွယ်ရေးတွေအတွက် သုံးမယ်လို့ သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အဝင်အထွက်များတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဇီကာ ဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် အလွန်အမင်း မစိုးရိမ်ကြဖို့၊ ဒါပေမယ့် ကိုယ်နေထိုင်ရာ ဝန်းကျင်မှာတော့ ခြင်တွေကို နှိမ်နင်းဖို့နဲ့ မိုးကျတဲ့ ဒေသတွေမှာ ကူးစက်မှု အန္တရာယ်ကို ရှောင်ကွင်းနိုင်အောင် နှိုးဆော်ကြဖို့ ကျန်းမာရေးဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ကိုးကား – BBC, Channel NewsAsia
ဆက်စပ်ဖတ်ရှုရန်
ဇီကာတဲ့လား၊ ဒါဖတ်ပြီးမှ ကြောက်ပါ