လူတိုင်းခေါင်းဖြီးကြပါတယ်။ ဒါပေမယ့် ကိုယ်ဖြီးတဲ့ ခေါင်းဘီးက ကိုယ့်ရဲ့ဆံပင်နဲ့ ဦးရေပြားအတွက် တကယ် သင့်တော်သလားဆိုတာ မတွေးမိမစဉ်းစားမိတတ်ကြပါဘူး။ တချို့ ပလပ်စတစ် ခေါင်းဘီးတွေက ဦးရေပြားကို ပူလောင်စေတဲ့အပြင် ဆံပင်နဲ့ထိတွေ့ ပွတ်သပ်မိတိုင်း အပူတွေ ထွက်လွယ်တာကြောင့် ဆံပင်တွေကို ကွေးကောက် တွန့်စေတာတွေ ရှိပါတယ်။ ဒါကြောင့် သင့် ဆံကေသာအတွက် ဘာကြောင့် သစ်သား ခေါင်းဘီးကိုသုံးသင့်တာလဲဆိုတာ onlymyhealth.com ကိုကိုးကားပြီးဖော်ပြပေးလိုက်ပါတယ်။
ဆံကေသာ ဖြီးပြီးရှင်းလင်းဖို့ ခေါင်းဘီးတွေ သုံးစွဲလာခဲ့တာသမိုင်းတလျှောက်ပါပဲ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ သစ်သားခေါင်းဘီးတွေ၊ ဝါးခေါင်းဘီးတွေ သုံးခဲ့ကြတယ်ပေါ့။ ယနေ့ခေတ်မှာတော့ ပလပ်စတစ် ခေါင်းဘီးတွေပဲအများဆုံးအသုံးပြုလာကြပါတယ်။ ပလပ်စတစ်ခေါင်းဘီးရဲ့ အားသာချက်တွေကအရောင်စုံတယ်၊ ဈေးပေါတယ်၊ ပေါ့ပါးပြီးကွေးညွတ်နိုင်တယ်၊ ကျိုးလွယ်မှုမရှိဘူးစတဲ့ အချက်တွေပေါ့။ သစ်သားခေါင်းဘီးသို့မဟုတ် ဝါးခေါင်းဘီးတွေကျတော့ ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်၊ ဈေးကြီးတယ်၊ ပလပ်စတစ်ထက် လေးတယ် စတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။
သို့ပေမယ့် သုတေသနပြု လေ့လာချက်တွေအရ-
(၁) သစ်သားခေါင်းဘီးတွေကသင့်ရဲ့ ဆံပင်နဲ့ ဦးရေပြားအန္တရာယ်ကို အကောင်းဆုံးကာကွယ်ပေးပါတယ်။ အထူးသဖြင့်တော့ ခေါင်းဖြီးလိုက်တိုင်း ဆံပင်နဲ့ ဘီးပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အပူကို သစ်သား ခေါင်းဘီးကနည်းပါးစေပြီး ဆံပင်နဲ့ ဦးရေပြားကိုအေးမြစေပါတယ်။ ဆံပင်တွန့်ခြင်း ကျွတ်ခြင်း နည်းပါး စေပါတယ်။ ပလပ်စတစ် ခေါင်းဘီးကတော့ အပူကို ပိုမိုဖြစ်ပေါ်စေပြီး ဦးရေပြားကို ပူလောင်စေပါတယ်။ ဆံပင် တွန့်တာတွေ၊ ကျွတ်တာတွေ ဖြစ်စေတယ်။ ဒါကြောင့် သစ်သားခေါင်းဘီးက သင့်ရဲ့ ဆံကေသာပျက်စီးမှုကို အလွန်နည်းပါးစေပါတယ်။
(၂) တဖန် သစ်သားခေါင်းဘီးက ဗောက်ထခြင်းကိုနည်းပါးစေပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဦးခေါင်း အရေပြားယားယံခြင်းကို နည်းပါးစေပါတယ်။
(၃) သစ်သားခေါင်းဘီးတွေနဲ့ ဦးရေပြားကို ဖိနယ်ပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ပလပ်စတစ် ခေါင်းဘီးက ဦးရေပြားနဲ့ ထိလိုက်တိုင်းပူလောင်မှုတွေ ဖြစ်စေတတ်တာကြောင့် ဖိနယ်ဖို့ မသင့်ပါ။
(၄) သစ်သားခေါင်းဘီးကလိမ်းထားတဲ့ ဆီကိုစုပ်ယူပြီးဦးရေပြားနဲ့ ဆံပင်တွေကိုတဖန်ပြန် အေးမြစေတယ်။ ပလပ်စတစ် ခေါင်းဘီးကတော့ ဆီးကိုစုပ်ယူနိုင်ခြင်းမရှိသလို အေးမြစေနိုင်ခြင်းမရှိပါ။
Ref:onlymyhealth.com