ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ BBC ရုပ်သံဌာနက How to Die: Simon’s Choice အမည်ရှိတဲ့ မှတ်တမ်းတင် အစီအစဉ် တခုကို ထုတ် လွှင့်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ကိုယ့်ကိုယ်ကို သတ်သေခွင့်ပေးတဲ့ ဆေးခန်းတခုမှာ Simon Binner ဆိုတဲ့ အသက် ၅၇ နှစ် အရွယ် ဗြိတိန်နိုင်ငံသားတဦး ရဲ့ ဘဝနောက်ဆုံး အချိန်တွေကို ရိုက်ကူးထားတဲ့ အစီ အစဉ်ဖြစ်ပါတယ်။
Motor Neurone Disease (MND)လို့ခေါ်တဲ့ ရှားပါး အာရုံကြောရောဂါတမျိုးကို ခံစားနေရတဲ့ Simon Binner ဟာ သူ့ရဲ့ နောက်ဆုံး အချိန်မှာ ရောဂါကြောင့် စကားမပြောနိုင်တော့ပါဘူး။ ဒီရောဂါဟာ ကုသလို့ မရနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါ တယ်။ ဒါကြောင့် သူက သူ့ရဲ့ ဇနီးအတွက် နောက်ဆုံး အမှာစကားကို ကြိုတင်အသံသွင်းထားတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ဖွင့်ပြ နေတဲ့ အချိန်မှာ ဇနီး ဖြစ်သူ Debbie က သူ့ရဲ့ လက်တဖက်ကို ကိုင်ထားပြီး Simon ရဲ့ နောက်ထပ်လက်တဖက်က သူ့ရဲ့ ကိုယ်ခန္ဓာ ထဲကို သေစေနိုင်လောက်တဲ့ မေ့ဆေးတွေ သွင်းပေးမယ့် ပိုက်ကို ကိုင်ထားတာကို ဒီရုပ်သံအစီအစဉ်ကို ကြည့်နေသူ ၁၂သိန်းကျော်က မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Simon က ဆေးပိုက်က ခလုတ်လေးကို ကိုယ် တိုင်ဖွင့်လိုက်ပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉နာရီ ၃၈ မိနစ် Simon သေဆုံးတဲ့ အချိန်မှာ ဇနီး Debbie နဲ့ သူငယ်ချင်း ၄ ဦးတို့ အနားမှာ ရှိနေခဲ့ကြပါတယ်။ သူရဲ့ သမီး ၂ယောက်ဖြစ်တဲ့ Hannah နဲ့ Zoe တို့တော့ ရှိမနေခဲ့ကြပါဘူး။
သူသေဆုံးသွားတာကိုတော့ ပရိသတ်တွေ ကိုမပြသပါဘူး။ ရုပ်မြင်သံကြား မှန်ပြင်မဲမှောင်သွားပြီးတဲ့ နောက်မှာတော့ Simon ရဲ့ အလောင်းကို အလုပ်သမားတွေက ခေါင်းထဲထည့်ပြီး ပိတ်နေတဲ့ မြင်ကွင်းကိုပဲ ပြသခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ Debbie ကို သူငယ်ချင်းတွေက ပွေ့ဖက်နှစ်သိမ့်ရင်း ဆေးခန်းထဲက ထွက်လာတာကို မြင်ရပါတယ်။
How to Die: Simon’s Choice အစီအစဉ်ကို BBC Two က ထုတ်လွှင့်ပြီးတဲ့ နောက်မှာတော့ ကြည့်ရှုခဲ့ရသူတွေက ဒီအစီ အစဉ်ဟာ စိတ်ပင်ပန်း ဝမ်းနည်းစရာတခုဖြစ်တဲ့ အကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။ အများစုကတော့ Simon ရဲ့ ရဲရင့်မှုနဲ့ ခင်ပွန်းသည် ဘေးမှာ နောက်ဆုံး အချိန်အထိ ရပ်တည်ပေးခဲ့တဲ့ Debbie ရဲ့ စိတ်ဓာတ်ကြံခိုင်မှုကို ချီးကျူးခဲ့ကြ တယ်။ တကယ်တော့ Simon ရဲ့ ဆုံးဖြတ်ချက်ကို Debbie က သဘောတူညီခဲ့သူ မဟုတ်ပါဘူး။
“ပထမ အချက်အနေနဲ့ ဒါကမှန်ကန်တဲ့ အလုပ်မဟုတ်ဘူးလို့ ကျမထင်ပါတယ်။ ဒုတိယ အချက် အနေနဲ့ ဒါကပို အရေးကြီး ပါတယ်။ သူကိုယ်တိုင်လည်း တကယ်သေချင်တယ်လို့ ကျမ မထင်ပါဘူး။” လို့ Debbie က အဲဒီ ရုပ်သံ အစီအစဉ်ထဲမှာ ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာလည်း Simon လို မျှော်လင့်ချက် မရှိတော့သူတွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် သေဆုံးခွင့် (သတ်သေခွင့်) မပြုပါ ဘူး။ ဒီလိုလုပ်ခွင့်ပြုဖို့ တင်ပြတောင်းဆိုတာတွေ ရှိပေမယ့် အဲဒီ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အောက် လွှတ်တော်က ကန့်ကွက်မဲ အများစုနဲ့ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် Simon က ဆွစ်ဇာလန် နိုင်ငံကို သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က သူ့မှာ ပြင်းထန်တဲ့ Motor Neurone Disease (MND) ရောဂါရှိနေပြီဆိုတာ စစ်ဆေးသိရှိလိုက်ရပြီးတဲ့နောက်မှာ အိမ်ကို ကားမောင်း ပြန်ရင်းမှာပဲ ဘဝကို အဆုံးသတ်ဖို့ Simon က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုလည်း message ပို့ ပြီး တော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ သူသေဆုံးမှာ ဖြစ်တဲ့ အသိပေးခဲ့ပါတယ်။ နောက်ပိုင်းကျမှ ရှေ့ကို တိုးပြီး အောက်တိုဘာ လ ၁၉ ရက်နေ့မှာ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Motor neurone disease (MND) ဆိုတာ motor neurons လို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေ သေဆုံးသွားခြင်း ဖြစ်ပါတယ်။ အဲဒီဆဲလ်တွေက ကိုယ်ခန္ဓာလှုပ်ရှားနိုင်ဖို့ အတွက် ကြွက်သားတွေဆီကို သတင်းပို့ပေးရတဲ့ ဆဲလ် တွေ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒီရောဂါခံစားနေရသူ အမြဲတမ်း ၅၀၀၀ လောက်ရှိနေပြီးတော့ ရောဂါတွေ့ရှိရသူ အများစုက အသက် ၅၀နဲ့ ၇၀ အတွင်းတွေ ဖြစ်ပါတယ်။ ဝေဒနာရှင်တွေဟာ တဖြည်းဖြည်းနဲ့ မလှုပ်ရှားနိုင်၊ စကားမပြောနိုင် တော့ပါဘူး။ အစားအစာမျိုချလို့ အသက်ရှုလို့လည်း မ ရတော့ပါဘူး။ ဒါပေမယ့် မြင်နိုင်ကြားနိုင်ခံစားနိုင်ပါသေးတယ်။ ၆ လ ကနေ ၅ နှစ် အတွင်းပဲ ဆက်လက် အသက်ရှင်နိုင် ပါတော့တယ်။
Simon ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ မိသားစုနဲ့ မိတ်ဆွေတွေက ကြိုးစားခဲ့ကြတဲ့ အတွက် ပြန်စဉ်းစားဖို့ သူဆုံးဖြတ်ခဲ့ပါ တယ်။ ကိုယ့်ကိုယ်ကို သတ်သေခွင့်ပြုတဲ့ ဥပဒေကို လွှတ်တော်က ပယ်ချလိုက်တော့ Debbie ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေ မယ့် နောက်ပိုင်းမှာတော့ Simon က သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဂါ အခြေအနေက တဖြည်းဖြည်း ပိုပြီး ဆိုးရွားလာလို့ ဖြစ်ပါတယ်။ မူလက ၂၀၁၇/၁၈ လောက်အထိနေနိုင် မယ်လို့ မှန်းဆထားခဲ့ပေမယ့် မှန်းဆ ချက်မှားယွင်းခဲ့ပါတယ်။
သူစကား မပြောနိုင်တော့ပါဘူး။ မှတ်စုစာရွက်လေး တခုပေါ်မှာ “နောက်တပတ်လောက်ဆိုရင် ကျနော့်ကိုရေချိုးပေးဖို့ အဝတ်အစားလဲပေးဖို့ အလုပ်သမားတယောက်လိုလာတော့မယ်။ ကျနော် အဲဒါကို မုန်းတယ်။ အားငယ်တယ်၊ အကူအညီ မဲ့သလိုခံစားရတယ်။ အဆိုးဆုံးကတော့ လူနဲ့ မတူသလို ခံစားရတာပဲ” လို့ ရေးထားတာကို BBC ရဲ့ မှတ်တမ်းတင် အစီ အစဉ်မှာ ပြသခဲ့ပါတယ်။
ရောဂါပိုမို ပြင်းထန်လာတဲ့ အခါ Simon က သူ့ရဲ့ အိမ်မှာပဲ ကြိုးဆွဲချသေဖို့ အားထုတ်တဲ့ အထိဖြစ်လာပါတယ်။ ဒါကြောင့် အိမ်မှာ နောက်တကြိမ်ဒါမျိုး ထပ်မလုပ်မိအောင် ဆွစ်ဇာလန်က ဒီလိုကိစ္စတွေ ကူညီပေးတဲ့ ဆေးခန်းမှာပဲ သွားပြီးတော့ ဘ၀ ကို အဆုံးသတ်ဖို့ Debbie လည်း သဘောတူလိုက်ပါတယ်။ ရက်ကိုလည်း မူလ စီစဉ်ထားတဲ့ နိုဝင်ဘာလ ၂ ရက် နေ့ ကနေ ရှေ့တိုးပြီး အောက်တို ဘာလ ၁၉ ရက်နေ့ လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ရတာနဲ့ ပတ်သက်လို့ Debbie က “ခက်ခဲတဲ့ တိုက်ပွဲတခု ဖြစ်မယ် ဆိုတာ ကျမ အရင်ကထဲကသိပါတယ်။ ဒါပေမယ့် ဒီလို ဘဝနဲ့ ဆက်ပြီး မနေတော့ဘူးလို့ သူက ပြတ်ပြတ်သားသား ဆုံး ဖြတ်ပြီးနေပြီ” လို့ BBC ကိုပြောခဲ့ပါတယ်။
Simon က သူသေဆုံးမယ့် အစီအစဉ်ကို အွန်လိုင်း လူမှုကွန်ရက် တခုဖြစ်တဲ့ Linkedln မှာ ကြေညာခဲ့ပါတယ်။ ဈာပန ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်မယ်လို့လည်း တခါတည်းပြောခဲ့ပါတယ်။
“MNDကို ကျနော် မကြိုက်ပါဘူး။ အဲဒီအစား လေ ဖြတ်ပြီး ချက်ချင်းသေသွားတာ၊ ဒါမှ မဟုတ် အရက်မူးနေတဲ့ ကားသမား ကြောင့် ရုတ်တရက်သေရတာက ပိုကောင်းပါ လိမ့် မယ်” လို့လည်း သူက ရေးခဲ့ပါသေးတယ်။
၁နာရီခွဲ ကြာမြင့်တဲ့ အစီ အစဉ်ထဲမှာ Simon က သူ့ဘဝရဲ့ နောက်ဆုံးရက်တွေကို မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းခဲ့ပုံတွေကိုလည်း ပြန်လည် ပြသခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံကိုရောက်လာပြီးတော့ မသေမီ တရက် အလိုမှာ မိတ်ဆွေတွေနဲ့ အတူ နောက်ဆုံး ညစာစားပွဲပြုလုပ်ခဲ့ပါသေးတယ်။ ညစာစားပွဲမှာလည်း သူက Debbie နဲ့ မိတ် ဆွေ ၄ ဦးကို “ကျနော် အလွန်ဆုံးနေရ ရင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အထိပါပဲ။ ၁ ရာခိုင်နှုန်းတောင် မဟုတ်ဘူး။ ၀ (သုည) ရာခိုင်နှုန်းတောင် မကြောက်ဘူး။” လို့ စာရေးပြီး ပြောခဲ့ပါတယ်။
Simon ရဲ့ ဈာပန ကိုလည်း ရုပ်သံ အစီအစဉ်မှာ ထည့်သွင်းပြသခဲ့ပါတယ်။ အဆုံးသတ်မှာတော့ Simon က သူ့အိမ်က မီး ဖိုချောင်ထဲမှာ သီချင်းဖွင့်ပြီးတော့ စိတ်လွတ် လက်လွတ် ကခုန်နေတာကို ပြသခဲ့ပါတယ်။ သူ့ရဲ့ ခွေးကလေးကလည်း သူ နဲ့ အတူ လိုက်ပါခုန်ပေါက်နေတာကို မြင်ရပါတယ်။
ဝေဖန်သူတွေကတော့ BBC ရဲ့ ဒီအစီ အစဉ်က တခြားသူတွေလည်း ဗြိတိန် ဥပဒေအရ တားမြစ်ထားတဲ့ ဒီလိုလုပ်ရပ်မျိုး ကို မထူးဆန်းဘူးလို့ ထင်လာအောင် အားပေးသလိုဖြစ်နေတယ်လို့ ပြောကြပါတယ်။
အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့သူတွေကို နောက်ဆုံး အချိန်အထိ စောင့်ရှောက်မှုပေးရေး လှုပ်ရှားနေတဲ့ Care Not Killing အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Alistair Thompson က ဒီအစီ အစဉ်ဟာ အလွန်စိတ်ပျက်စရာကောင်းတယ် စိုးရိမ် စရာဖြစ်တယ်လို့ ပြောပါတယ်။
“မသန်စွမ်းသူတွေ၊ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ လူနာတွေကို ဘဝက တန်ဖိုးမရှိဘူး။ ကိုယ့်ကိုယ်ကို သတ်သေကြလို့ ပြော လိုက်သလို ဖြစ်သွားတယ်။ ဒီနိုင်ငံမှာ လူငယ်တွေသေဆုံးရတဲ့ နေရာမှာ ကိုယ့်ကိုယ့်ကိုယ်ကို သတ်သေကြတာက အများ ဆုံး ဖြစ်နေတယ်။ ဒါက မထူးဆန်းဘူး၊ သာမန်ပဲဆိုရင် လူတွေကလည်း ဒီလိုလုပ်ဖို့ ပိုပြီး စဉ်းစား လာကြလိမ့်မယ်။” လို့ သူက ဆိုပါတယ်။
ကိုယ်တိုင် MND ဝေဒနာရှင်ဖြစ်ပြီ MND ဝေဒနာရှင်တွေ အရေးဆောင်ရွက်နေသူလည်း ဖြစ်တဲ့ Michael Wenham က လည်း BBC ရဲ့ အစီအစဉ်ကြောင့် စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ “ဒီလို ဇာတ်ကြောင်းတွေကို အသားပေးပြနေခြင်းက ကြောက်ရွံ့မှုတွေနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ဖြစ်လာစေလိမ့်မယ်။” လို့သူကဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ ကင်ဆာရောဂါ သုတေသန အတွက် နှစ်စဉ် စတာလင်ပေါင် သန်း ၃၀၀ ကျော် သုံးစွဲပေမယ့် MND ရောဂါ သုတေသနအတွက်တော့ တ နှစ်ကို စတာလင်ပေါင် ၂ သန်းလောက်ပဲ သုံးပါတယ်။
ဒါပေမယ့် BBC ကတော့ ကုသမရနိုင်တဲ့ သူတွေ သက်တောင့်သက်သာသေနိုင်ရေးကို ဦးတည်တာ မဟုတ်ဘူးလို့ ငြင်းပါ တယ်။ ဒါမျိုး ကြုံခဲ့ရတဲ့ မိသားစုတခုရဲ့ ဘဝကို တင်ပြခြင်းသာဖြစ်တယ်လို့ ကာကွယ်ခဲ့ပါတယ်။
“ဒီအစီအစဉ်က အဲဒါကို ထောက်ခံတာလည်း မဟုတ်ပါဘူး။ ကန့်ကွက်ခြင်းလည်း မဟုတ်ပါဘူး” လို့ BBC ရဲ့ ပြောရေးဆို ခွင့်ရှိသူတဦးကပြောပါတယ်။
BBC အတွက်ကတော့ အခုလိုဝေဖန်ခံရတာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်က ကိုယ့်ဆန္ဒနဲ့ ကိုယ်သေခွင့် ပြုဖို့ စတင် တောင်းဆိုခဲ့တဲ့ Alzheimer ဝေဒနာရှင် တဦးအကြောင်း ရိုက်ကူးခဲ့လို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။ ၂၀၁၄ ခုနှစ် က လည်း နေမကောင်းဖြစ်နေတဲ့ မိခင်အတွက် သေစေနိုင်တဲ့ ဆေးဝါးတွေ ပြင်ဆင်ပေးခဲ့သူအဖြစ် ရုပ်ရှင် မင်းသမီး Olivia Colman ပါဝင် သရုပ်ဆောင်ထားတဲ့ The Dilemma ဇာတ်ကားကို ပြသရာမှာလည်း ဒီလို ပြုလုပ်ခြင်းကို ဥပဒေအရ တားမြစ် ထား ကြောင်း ကြည့်ရှုသူတွေသိအောင် ဖော်ပြခြင်း မရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။
Source – BBC , Dailymail