အသည်းကွဲခဲ့ရင် ဘယ်လိုကုစားမလဲ။ လူရယ်လို့ ဖြစ်လာရင် ချစ်ဖူးကြသူချည်းပါ။ မိဘနဲ့ သားသမီး ချစ်ခြင်း၊ သမီးရည်းစား ချစ်ခြင်း၊ လင်မယား ချစ်ခြင်း၊ သူငယ်ချင်း ချစ်ခြင်း၊ ဆရာတပည့် ချစ်ခြင်း၊ တဖန် ကိုယ့်ကိုယ်ကို ချစ်ခြင်း စသဖြင့် လူမှုနယ်ပယ်မှ အမျိုးမျိုး အဆင့်ဆင့်သော ချစ်ခြင်းတွေ၊ တွယ်တာနှောင်ဖွဲ့မှုတွေ ရှိကြပါတယ်။ ဒီတော့ ဘယ်အချိန်မှာ အသည်းကွဲရတာလဲ လို့ စဉ်းစားကြရအောင်ပါ။
ကိုယ်ချစ်ခင်ရသူနဲ့ မရှောင်မလွှဲနိုင်ဘဲ ဝေးကွာ၊ ခွဲခွာရပြီဖြင့် ဆိုရင် စိတ်ရင်တခုလုံး ယူကျုံးမရ အပူလုံးကြွပြီး ပူလောင်ဆူဝေ ခံစားနေရတာဟာ အသည်းကွဲခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာပါ။ တချို့ကျတော့လည်း စိတ်အတွင်းမှာပဲ ခံစားနေရပြီး အပြင်ပိုင်းမှာ ပေါ်လွင်မှု မရှိတာလည်း ရှိပါတယ်။ ကိုယ်ချစ်ရသူနဲ့ ကွေကွင်း ခွဲခွာရတဲ့ အကြောင်းရင်း တွေကို ထပ်ဆင့် စဉ်းစားကြည့်ပါဦး။
တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာတွေက ရှင်သန်ဖြတ်သန်းရာတဲ့ လောကရဲ့ ဘ၀ တထွာ အတွင်းမှာ အကြိမ်ကြိမ် ကျော်ဖြတ်နေရမယ့် အရာတွေ ဖြစ်နေပါတယ်။ “ကွေကွင်းခြင်း ကနေ့ မဟုတ်တောင်မှ.. နောက်နေ့ပါပဲ… ရှင်တာနဲ့ သေတာနဲ့ ကွဲပြားရုံလေး..” ဆိုတဲ့ သီချင်းလေး အတိုင်း လူတိုင်းဟာ တဦးနဲ့တဦး၊ တယောက်နဲ့ တယောက် ကွဲကွာ ခွဲခွာကြရမှာက အသေအချာပါ။
ဒီတော့ အသည်းကွဲတယ် ဆိုတာ ကိုယ်ချစ်ခင်ရသူနဲ့ မလွှဲမရှောင်နိုင်ဘဲ ဝေးကွာ ခွဲခွာရပြီ ဆိုရင် ဝမ်းနည်းပူဆွေး သောကရောက် ခံစားနေရတဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ နောက် ဝေးကွာ၊ ခွဲခွာ၊ ကွေကွင်းရတဲ့ အကြောင်းကလည်း ရှင်နေချိန်မှာ ခွဲခွာရခြင်းနဲ့ သေဆုံးချိန်မှာ ခွဲခွာရခြင်းတို့ပဲ ပေါ့။
အခုတပတ်မှာတော့ သမီးရည်းစားတို့ကြား အသည်းကွဲရင် ဘယ်လို ကုစားမလဲ၊ လင်မယားတို့ကြား အသည်းကွဲရင် ဘယ်လို ကုစားမလဲ ဆိုတာ တင်ပြပေးပါမယ်။
တကယ်တော့ ထူးဆန်းတဲ့ စိတ်ခံစားမှုကြောင့် လူတွေဟာ တဦးနဲ့တဦး သံယောဇဉ်ဖြစ် တွယ်နှောင်ရစ်ကြရပါတယ်။ အချစ်လို့လည်း ခေါ်ပါတယ်။ အချစ်ကို ခွဲခြားစိပ်ဖြာကြည့်ရင် ၂ မျိုးတွေ့နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သူ့ရဲဘ၀ ပြည့်စုံတာကို မြင်တွေ့လိုတဲ့ ဆန္ဒနဲ့ချစ်တာက “မြတ်နိုးချစ်” လို့ ခေါ်ပါသတဲ့။ သူနဲ့သာ ထာဝရလက်တွဲ မခွဲတမ်း အတူနေချင်တဲ့ ဆန္ဒနဲ့ ချစ်တာက “တွယ်တာချစ်” လို့ ခေါ်ပါသတဲ့။
အဲဒီလို ချစ်ကြခင်ကြ ကြင်နာကြပြီးတဲ့ နောက် တူစုံမခွဲ အကြင်နာသည်းမိပြီး လင်ရယ် မယားရယ် ဆိုပြီး အဆင့်တွေ တက်တက်လာကြတော့တယ်။ လင်နဲ့ မယား ချစ်ခြင်းမှာလည်း အမျိုးမျိုး ရှိနေပါသေးတယ်။ ဘယ်လို အချစ်နဲ့ပဲ ချစ်ချစ် ကွေကွင်းခွဲခွာရပြီ ဆိုရင်တော့ အသည်းကွဲရမှာ သေချာပါတယ်။
ဘယ်လို ကုစားကြမလဲ။
(၁) ကွေကွင်း ခွဲခွာရတဲ့ အကြောင်းရင်းကို သေသေချာချာ စဉ်းစားပါ
တကယ်တော့ နှစ်လွှာပေါင်းမှ တရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးတွေဟာ ဘယ်တော့မ မကွေကွင်း မခွဲခွာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တလွှာနဲ့ တလွှာ ညီညွတ်မျှတစွာ ပေါင်းစည်းနေလို့ပဲ။ ဒါဆိုရင် လူသား စွယ်တော်တွေ ဖြစ်တဲ့ သမီးရည်းစားနဲ့ လင်မယားတွေကြားမှာ ကွေကွင်း ခွဲခွာစေနိုင်တာ ညီညွတ်မှု၊ မျှတမှုနဲ့ ပေါင်းစည်းမှုတို့ မရှိတာကြောင့် ဆိုတာ နားလည်လိုက်ပါ။
တကယ်တော့ ညီညွတ်မှု၊ မျှတမှုနဲ့ အပြန်အလှန် နားလည်အားပေးမှု ကြောင့် ယုံကြည်မှု ခိုင်မာလာပြီး တဦးနဲ့တဦး ပေါင်းစည်း ကြတာ ဖြစ်တယ်။ အဲဒီ အချက်တွေ ပျောက်ကွယ်တဲ့အခါ တဦးနဲ့တဦး ကွဲကွာ ခွဲခွာ ကွေကွင်းရတော့တာပဲ။ ဒါကြောင့် အလုပ်တာဝန်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပဲ ဖြစ်ဖြစ်၊ လူမှု ဆက်ဆံရေးပဲ ဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ပဲ ဖြစ်ဖြစ် နှစ်ဦးသားကြား ညီညွတ်ဖို့ အညီအမျှ ဖြစ်ဖို့နဲ့ အပြန်အလှန် နားလည်အားပေးဖို့ လိုပါတယ်။
မိဘ ဆွေမျိုးကြောင့် ကွေကွင်းရတယ် ဆိုပြီး ပြောကြတာဟာ ထမင်းရည်ပူလာ လျှာလွှဲတဲ့ သဘောပဲ။ အဓိကက အထက်က အချက်တွေ ပျက်ယွင်းနေကြလို့ ယုံကြည်မှု ပျောက်ဆုံးပြီး ကွေကွင်း ကြရတာ ဖြစ်တယ်။
(၂) တကယ်လို့ အကြောင်းမလှလို့ မပေါင်းကြရဘဲ ကွေကွင်းခွဲရပြီ ဆိုရင် ခွင့်လွှတ်စိတ်ထားပါ၊ ကိုယ့်ကိုယ် ကိုယ် ပြန်သုံးသပ်ပါ
သမီးရည်းစားတွေ ကွဲကွာသွားတာတွေ တွေ့နိုင်ပါတယ်။ ဘာကြောင့် ကွဲတာလဲ။ စိတ်အခန့်မသင့်လို့လား၊ အမှတ် ၁ မှာ ဖော်ပြထားတဲ့ အချက်တွေထဲက ဘယ်အချက် ပျက်ယွင်းနေလို့လဲ ဆိုတာ သုံးသပ်ပါ။ တဖက်သား အပေါ် အာဃာတ အတေးအမှတ် မထားဘဲ သုံးသပ်ပါ။ ကိုယ့်ကိုယ်ကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ပါ။
အဓိကက တဦးနဲ့ တဦးကြား ယုံကြည်မှု ပြိုကွဲတာကြောင့် ကွဲကွာကြရတယ် ဆိုတာ မမေ့ပါနဲ့။ ယုံကြည်မှု ပြန်လည် ထူထောင်နိုင်ဖို့ အတွက် တဦးနဲ့တဦး ညှိနှိုင်းပါ။ ဒါဆိုရင် သမီးရည်းစားတွေကြား အသည်းကွဲတာမျိုး မရှိတော့ဘဲ နှစ်ဦးတူယှဉ် လက်တွဲသွားနိုင်မှာပါ။
တကယ်လို့ ညှိနှိုင်းမရလို့ ထာဝရ လမ်းခွဲရပြီ ဆိုရင်လည်း ကိုယ့်ကိုယ်ကို ဆုံးမပါ၊ ကိုယ်နဲ့ သင့်တော်မယ့်သူ မဟုတ်လို့ ဒီလို လမ်းခွဲရတာ ဖြစ်တယ်လို့ပေါ့။
လင်မယားတွေ ကွဲကွာတာတွေလည်း တွေ့ကြမှာပါ။ တဦးနဲ့ တဦး ငြီးငွေ့စိတ်ကြောင့်လည်း ကွဲကွာကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် တကယ်တမ်းမှာတော့ စောစောက ပြောခဲ့တဲ့ ယုံကြည်ပေါင်းစည်းစေတဲ့ အချက်တွေ ပျက်ယွင်း ပျောက်ဆုံးနေတာကြောင့်ပဲ ဆိုတာ ပြန်လည် စဉ်းစားပါ။
သားသမီး ရှိနေပြီ ဆိုရင်လည်း သားသမီးရဲ့ ရှေ့ရေးနဲ့ မိဘတို့ ရှေ့ရေးမှာ ဘယ်အရာကို ရွေးမလဲ နှစ်ဦးနှစ်ဖက် လေးလေးနက်နက် စဉ်းစားပါ။ တဦးနဲ့ တဦးကြား မညီမျှမှုတွေ မဖြစ်အောင် ကိုယ့်အတ္တ ရှေ့တန်းတင် မစဉ်းစားဖို့ လိုပါတယ်။ ဒါဆိုရင် လင်မယားတွေကြား အသည်းကွဲတာမျိုး မရှိတော့ဘဲ လက်တွဲသွားနိုင်မှာပါ။
တကယ်လို့ မလွှဲမရှောင်သာ လမ်းခွဲရပြီ ဆိုရင်လည်း နာကျင်ဝမ်းနည်းမှုကင်းဖို့ ကိုယ့်ကိုယ်ကို ဆုံးမပါ။ ဆန်ဆုံစားပြီး ကံကုန်တော့ ကိုယ်လမ်းကိုယ် လျှောက်ရတာပဲလို့ စဉ်းစားပါ။ လောကမှာ ရှင်လျက်နဲ့ ခွဲခွာ ကွဲကွာရတာနဲ့ သေဆုံးပြီး ခွဲခွာရတာပဲ ရှိတယ်။ ဖြစ်သမျှတွေဟာ အကောင်းတွေဖြစ်လာဖို့ပဲလို့ တွေးလိုက်ပါ။