လူ့ဦးနှောက်ဆိုတာ ခန္ဓာကိုယ် တခုလုံးရဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းပါ။ အလေးချိန် ၃/၄ ပေါင်လောက်သာ လေးတဲ့ ဦးနှောက်က တကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေကို ထိန်းချုပ်ညွှန်ကြားပေးတာဖြစ်ပြီး အထိအတွေ့ ခံစားမှုနဲ့ တွေးခေါ်စဉ်းစားစေနိုင်တာကြောင့် အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဦးနှောက် သေဆုံး သွားတာနဲ့ ကျန်တဲ့ ခန္ဓာကိုယ်တခုလုံး သေဆုံးသွားပါတော့တယ်။ ဒါကြောင့် လူတိုင်းဟာဦးနှောက်ကို အထူးဂရုစိုက်သင့်တာကြောင့် ဦးနှောက်ကိုထိခိုက်စေတဲ့ အစားအစာ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
အသွင်ပြောင်းဆီ
အသွင်ပြောင်းဆီလို့ လူသိများတဲ့ ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဆီ၊ သို့မဟုတ် မသန့်ရှင်းတဲ့ ဆီများက ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို အလွန်အမင်းထိခိုက်စေတဲ့အပြင် သွေးလည်ပတ်မှုအတွက် အရေးအကြီးတဲ့ နှလုံးကိုလည်း ပျက်စီးစေနိုင်ပါတယ်။ အစားအသောက် အာဟာရဗေဒပညာရှင် တိုရီဟိုလ်သောင်စ်က အသွင်ပြောင်းဆီ များပြားစွာပါဝင်နေတဲ့ အစားအစာက ဦးနှောက်အတွင်း သွေးလည်ပတ်မှုကို ပိတ်ဆို့စေတတ်တာကြောင့် အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ ဦးနှောက် ပုံမှန် အလုပ်မလုပ်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စကားပီသစွာ မပြောနိုင်တော့ခြင်းစတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ် လို့ ကျန်းမာရေး သတိပေးထားပါတယ်။
အစားအသောက်ထဲကအချိုမှုန့်အန္တရာယ်
အရှေ့တိုင်းအစားအစာအတော်များများမှာ မိုနိုဆိုဒီယမ် ဂလူမီနိတ် (MSG) လို့ ခေါ်တဲ့ အချိုမှုန့်ပါဝင်မှု များပြားတာကြောင့် ကျန်းမာရေးအတွက် အထူးသတိပြု စားသုံးဖို့ လိုပါလိမ့်မယ်။ အချိုမှုန့်ထဲမှာ ဖရီးဂလူတာမစ်အက်ဆစ် ၇၈ ရာခိုင်နှုန်း၊ ဆိုဒီယမ် သတ္တုဓာတ် ၂၁ ရာခိုင်နှုန်းနှင့် အခြားမသန့်ရှင်းတဲ့ ဓာတ် ၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အချိုမှုန့်ဟာ အဆိပ်အတောက် တမျိုးဖြစ်ပြီး ဦးနှောက်အလုပ်လုပ်ဆောင်မှုကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အလွန်အမင်းစိတ်လှုပ်ရှားစေပြီး ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေတာကြောင့် ဦးနှောက်ပျက်စီးစေနိုင်ပါတယ်။
သကြားဖျော်ရည်များနဲ့ သကြားအချိုသုံးအစားအစာများ
သကြားဖျော်ရည်ပါဝင်တဲ့ အဖျော်ရည်များ၊ ဆိုဒါ၊ အားဖြည့်အချိုရည် စတာတွေဟာ အမေရိကားရဲ့ သကြားရည်ပါဝင်တဲ့ ဓာတ်စာတွေပါပဲ။ နောက်ထပ် သကြားပါဝင်တဲ့ အစားအစာတွေကတော့ ကွတ်ကီး၊ ကိတ်၊ ထောပတ်အစာသွတ်မုန့်၊ အသီးဖျော်ရည်၊ အိုက်စခရင်မ်၊ ဒိန်ချဉ်၊ ချိုချဉ်၊ အသင့်စားသုံးနိုင်တဲ့ စားသောက်စရာ တွေ ဖြစ်ပါတယ်။ သကြားဖျော်ရည် ပါဝင်တဲ့ အစားအသောက်တွေကလည်း ဦးနှောက်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
သုတေသနသမားတွေရဲ့ လေ့လာတွေ့ရှိချက်အရ သကြားအချိုသုံး အစားအစာများကို များများစားသုံးခြင်း ကြောင့် ဦးနှောက်အတွင်းရှိဆဲလ်များကို ထိခိုက်စေပြီးစဉ်းစားခြင်းနဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ မှတ်ဉာဏ်ကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။
အဆီပြည့်ဝနေတဲ့အစားအသောက်များ
Terry Davidson နဲ့ Camille Sample တို့ ရေးသားတဲ့ “Fat And Sugar-Heavy Diet Harms Your Brain – And Makes You Keep On Eating” ဆိုတဲ့ စာအုပ်ထဲမှာတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အလွန်အမင်းစားသုံးခြင်းက အဝလွန်တဲ့ရောဂါ ဖြစ်စေနိုင်တယ်၊ ဒါက ခန္ဓာကိုယ် အပြင်ပိုင်းပါ။ ခန္ဓာကိုယ် အတွင်းပိုင်းလှုပ်ရှားမှုကို လေ့လာရင် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကိုလည်းသက်ရောက်စေတာတွေ့ရပါတယ်။ အဆီပြည့်ဝနေတဲ့ အစားအသောက်များနဲ့ ဦးနှောက်နဲ့ ဆက်စပ်နေတာကြောင့်ဖြစ်တယ်” လို့ ရေးသား ဖော်ပြထားပါတယ်။
သဘာဝအလျောက်မဟုတ်တဲ့ အစားအသောက်များ
သဘာဝအလျောက် ရရှိတာမဟုတ်ဘဲ လူတွေ ဖန်တီးထားတဲ့ အစားအသောက်တွေများစွာရှိပါတယ်။ အရောင်အဆင်း၊ အနံ့အရသာနဲ့ တာရှည်အထားခံမှုတွေအတွက်လည်း ဓာတုဗေဒနည်းနဲ့ ဖော်စပ် ဖျော်စပ်ထားတဲ့ ဟင်းခပ်အမွေးအကြိုင်နဲ့ တခြားအစားအသောက် ရောနှောပစ္စည်းတွေကလည်း အစာအိမ်၊ နှလုံးနဲ့ ဦးနှောက်တွေကို ထိခိုက်ေ စပါတယ်။
ကဖင်း
တကယ်လို့ သင်ဟာ ကော်ဖီနှစ်သက်သူတဦးဆိုရင် အနည်းဆုံးတော့ အဲဒီကော်ဖီဘယ်ကထုတ်လုပ်တယ် ဆိုတာတော့ သိပြီးဖြစ်မှာပါ။ အခြေခံအားဖြင့်တော့ ကော်ဖီကိုကော်ဖီစေ့ကနေ ထုတ်လုပ်ပါတယ်။ ဘသာဝကော်ဖီစေ့မှာ ကဖင်းဓာတ်ပါပါတယ်။ ကဖင်းက သင့်ရဲ့ဦးနှောက်ကို ဘယ်လိုသက်ရောက်စေပါသလဲ။ ကဖင်းဓာတ်က နိုးကြားတက်ကြွစေပါတယ်။ အဲဒီ နိုးကြားတက်ကြွစေမှုက သင့်ရဲ့ ဦးနှောက်ကိုလည်း သာမန်ထက် ပိုမိုလွန်ကဲ နိုးကြားတက်ကြွစေပါတယ်။
ဆား
ဆားကတော့ အစားအသောက်တိုင်းမှာ ပါဝင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ဆား စားသုံးမှု များနေရင်လည်း သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းကိုလည်း ထိခိုက်စေပါတယ်။ သုတေသန ပညာရှင် Mentore က ဆားကို အများအပြား စားသုံးခြင်းက သွေးကြောမျှင် အသားမျှင် စတဲ့ ကလာပ်စည်းတွေရဲ့ လှုပ်ရှားမှုကို အလွန်အမင်း အားကောင်းစေပြီး၊ ခန္ဓာကိုယ်ရဲ့ သဘာ၀ အနားယူယူရမယ့် အချိန်ထက် ပိုပြီး သွက်လက်စေတာကြောင့် နာဗ်ကြောများ ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အသင့်စားစားသောက်ဖွယ်ရာများ
Fast food လို့ခေါ်တဲ့ အသင့်စားအစားအသောက်တွေကို နှစ်သက်သုံးစွဲနေကြပါပြီ။ အထူးသဖြင့်တော့ မြို့ကြီးပြကြီးတွေမှာ ပိုမိုတွေ့ရပြီး၊ အလုပ်များပြားသူများအတွက် လွယ်ကူအဆင်ပြေတာကြောင့် လူအများစု နှစ်သက်လက်ခံလာတာပါ။ သို့ပေမယ့် အသင့်စားအစားအသောက်တွေက ကျန်းမာရေးအတွက် အကျိုးမရှိတာကိုတော့ သိသူနည်းပါတယ်။ အာလူးချောင်းကြော်၊ ဘာဂါ စတဲ့ စားသောက်စရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသွင်ပြောင်းဆီ၊ အဆီများ၊ ဆိုဒီယံ၊ သကြားတွေပါဝင်ပြီး ဦးနှောက်နဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေပါတယ်။
Ref : healthydietbase.com