ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ တကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး၊ ကျန်းမာရေး အသိပညာ နည်းပါးတဲ့ နိုင်ငံတွေက လူငယ်လူရွယ်များကြား ကူးစက်မှု ပိုမိုများပြားနေတဲ့ ရောဂါက အသည်းရောင် အသားဝါ ရောဂါပိုးပါ။ အင်္ဂလိပ်လို Hepatitis Viruses လို့ ခေါ်တဲ့ ဒီရောဂါပိုးကို ကူးစက်ပုံ အရ Hep A, Hep B, Hep C, Hep D, Hep E, Hep F, Hep G ဆိုပြီး ၇ မျိုး ခွဲခြားထားပါတယ်။
A ပိုးဟာ အသည်းကို တိုက်ခိုက်တဲ့ ပိုးတမျိုးဖြစ်ပြီး၊ ကူးစက်ပြန့်ပွားမှု လွယ်ကူပါတယ်။ ပုံမှန်အားဖြင့် အစာစားတဲ့ လမ်းကြောင်းနဲ့ မစင်စွန့်သည့် စအိုလမ်းကြောင်းမှ တဆင့် ပြန့်ပွားခြင်းဖြစ်ပါတယ်။ ပိုးရှိနေတဲ့ အစားအစာတွေ၊ သောက်သုံးရေတွေ၊ ဒါမှမဟုတ် ပိုး ကူးစက်ခံထား သူနဲ့ တိုက်ရိုက်ထိတွေ့တာကလည်း ရောဂါကူးတာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ နှစ်စဉ်လူဦးရေ သန်းဆယ် ချီပြီး A ပိုးကူးစက်ခံနေကြရတယ်လို့ ဆိုပါတယ်။ ကူးစက်ခံရပြီး ရောဂါ လက္ခဏာ ပြတဲ့ အချိန်က ရက်သတ္တပတ် နှစ်ပတ်ကနေ ခြောက်ပတ်အတွင်း ဖြစ်ပေါ်နိုင်ပါတယ်။ ပုံမှန်ရောဂါ ပျိုးချိန်က ၂၈ ရက်ဖြစ်ပါတယ်။ ရောဂါ လက္ခဏာမှာ ပုံမှန်အားဖြင့် ၂လထက် နည်းပေမယ့် တချို့မှာ ၆ လအထိ ကြာမြင့်နိုင်ပါတယ်။
ရောဂါ လက္ခဏာ
-နေထိုင်မကောင်း ခံစားရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ အဖျားတက်သည့် ပုံစံ နေထိုင်မကောင်း ဖြစ်ခြင်း၊
-အစားအသောက် စားသောက်ရန် စိတ်မပါခြင်း၊
-ပင်ပန်းခြင်း (သို့) ယားယံခြင်း၊ နာကျင်ခြင်း နှင့် ခေါင်းကိုက်ခြင်းများ၊
-အသားဝါခြင်းနဲ့ မျက်ဆံ အနီးတဝိုက် အဖြူရောင် အသားတွင် အဝါရောင် ဖြစ်ပေါ်ခြင်း၊
-ညာဘက် နံရိုးအောက်ပိုင်း အနီးတွင် အသည်းနာကျဉ်ခြင်း၊
-ဆီးအရောင် မည်းခြင်း၊ ရေနွေး (သို့) ကိုကာကိုလာ အရောင်ဖြစ်ခြင်း၊
-မစင်အရာင် ဖျော့ခြင်း၊ ညိုခြင်း (သို့) ရွှံ့အိုးအရောင်ဖြစ်ခြင်း
မြန်မာနိုင်ငံမှာ A ပိုး ကူးစက်ပြန့်ပွားရခြင်းရဲ့ အခြေခံ အကြောင်းရင်းက သန့်စင်တဲ့ သောက်သုံးရေ ရရှိမှု နည်းပါးခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မသန့်ရှင်းသည့် အစားအစားများ စားသုံးနေကြရခြင်း၊ အိမ်သာ အသုံးပြုမှု စနစ်တကျ မရှိခြင်းနဲ့ ကျန်းမာရေး အသိပညာပေးမှု နည်းပါး အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။