လူတွေမှာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် (Metabolism) ဆိုတာရှိပါတယ်။ စားသောက်လိုက်လို့ ရလာတဲ့ စွမ်းအင်တွေ ချေဖျက် သုံးစွဲ စွန့်ထုတ်တဲ့ ဖြစ်စဉ်လို့သာ အကြမ်းဆိုကြပါစို့။ အဲဒီဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်တဲ့အခါ ဝေဒနာ အပေါင်းအစုတွေ ကြုံရပါတော့တယ်။ ဇီဝဖြစ်ပျက်မှု ချို့ယွင်းတဲ့ လက္ခဏာစု (Metabolic syndrome) ပေါ့။ လူ ၄ ယောက်မှာ ၁ ယောက် ဒါမျိုးတွေ့နေရပါပြီ။ အဲဒါရဲ့ အကျိုးဆက်တွေကတော့ ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ်ဆိုပါတော့။
ဇီဝဖြစ်ပျက်မှု ချို့ယွင်းတဲ့ လက္ခဏာစု (Metabolic syndrome) ကို အဓိပ္ပာယ် သတ်မှတ်ဖို့ ယေဘုယျ အနေနဲ့ …
• သွေးထဲမှာ သကြားဓာတ်တွေ များမယ်
• ဝမ်းဗိုက်မှာ အဆီပိုတွေ စုလာမယ် (ဗိုက်ရွှဲတာပေါ့)
• သွေးတိုး (သွေးဖိအားတက်) တာ ဖြစ်မယ်
• သွေးထဲက မကောင်းတဲ့အဆီ ကိုလက်စထရောတွေ မြင့်နေမယ်
အဲဒါဖော်ပြပါ အချက်တွေနဲ့ သတ်မှတ်ပါတယ်။
အဲဒီထဲက ဖြစ်နိုင်ခြေ တချို့ကို ထိန်းချုပ်လို့ရတာတွေ ရှိပါတယ်။ တချို့တော့လည်း မရဘူးပေါ့။ဒါပေမယ့် အန္တရာယ် ဖြစ်နိုင်ခြေတွေ သိထားတော့ သတိထား ဆင်ခြင်ကာကွယ်နိုင်ပါတယ်။
ဇီဝဖြစ်ပျက်မှုချို့ယွင်းတဲ့ လက္ခဏာစုဖြစ်နိုင်ခြေ ရှိတာတွေကတော့-
• အသက်အရွယ် ကြီးလာလေ တွေ့ရများလေမို့ပါ။ အသက် ၄၀ လောက်ဆိုရင် ဒီဝေဒနာတွေဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လောက်ပိုလာမယ်၊ အသက် ၅၀ ကျော်ရင် ၃၅ ရာခိုင်နှုန်းလောက် ပိုလာပြီး အသက် ၆၀ ကျော်ရင်တော့ ၄၅ ရာခိုင်နှုန်းနဲ့ အထက် ပိုလာတာ တွေ့ရပါတယ်။
• သွေးခဲမှုနဲ့ရောင်ရမ်းခြင်း ဖြစ်တတ်သူတွေ – ဒီအခြေအနေ ၂ မျိုးစလုံးက ဇီဝဖြစ်စဉ်ချွတ်ယွင်းတဲ့ လက္ခဏာတွေ ဖြစ်စေပါတယ်။ သွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းဖြေတွေမှာ အဲဒီ အခြေအနေတွေ ရှိရင် သတိပြုရမှာပါ။
• တခြားရောဂါတွေရှိနေရင် – ဇီဝဖြစ်စဉ်ချွတ်ယွင်းတာက တခြား ရောဂါအတော်များများနဲ့ဆက်စပ်နေတာလည်း
တွေ့ရများပါတယ်။ မ မျိုးဥအိမ်မှာ အလုံးလေးတွေရှိတာ၊ အသည်းအဆီဖုံးတာ၊ ကိုလက်စထရောကြောင့် ဖြစ်တဲ့ သည်းခြေကျောက်ရှိတာ ဆိုတာတွေနဲ့ ပူးတွဲတွေ့ရတတ်ပါတယ်။
• မျိုးရိုးကိုယ်တိုင်က အဝလွန်နေသူ မဟုတ်သည့် တိုင်အောင် ဇီဝဖြစ်စဉ်ချွတ်ယွင်းတဲ့ လက္ခဏာစု ဖြစ်နိုင်ခြေကတော့ မလွတ်ပါဘူး။ မိဘ ဒါမှမဟုတ် မိဘရဲ့ အရင်းအချာတွေမှာ ဆီးချိုလို ရောဂါမျိုးရှိနေရင် ကိုယ့်အတွက် လည်း ဖြစ်နိုင်ခြေများတာကို သတိပြုရပါလိမ့်မယ်။
• တောင် အာရှနွယ်ဝင်တွေ – ဇီဝဖြစ်စဉ်ချွတ်ယွင်း လက္ခဏာစုနဲ့ ဆီးချိုလို ရောဂါတွေက မြန်မာလို အာရှ တောင်ပိုင်းနွယ်တွေမှာ အတွေ့များတယ်လို့ သုတေသနတွေက ဆိုပါတယ်။ လူနေမှုပုံစံကပဲ စကားပြောလေသလား မသိဘူးပေါ့။ အထူးသဖြင့် အမျိုးသားတွေ ခါး ၃၅ လက်မ ကျော်ရင်၊ အမျိုးသမီးတွေ ခါး ၃၁ လက်မ ကျော်ရင် ဒီ ရောဂါစုတွေ ဖြစ်နိုင်ခြေ သိပ်များပါတယ်။
အထက်မှာ ဆိုခဲ့သလို ဇီဝချို့ယွင်းတဲ့ လက္ခဏာစု ဖြစ်နေသူ အများစုမှာ ရောဂါပုံစံတွေ့ရတာမျိုး မဟုတ်ပါဘူး။ သွေးတိုးတာ၊ ကိုလက်စထရောတွေ များနေတာ ဆိုတာတွေက ဒီတိုင်းသိနိုင်တာမှ မဟုတ်ဘဲ။ တခု ထင်သာမြင်သာ ဂရုပြု စရာကတော့ ကိုယ်အလေးချိန် တက်ပြီး ဗိုက်ပူ၊ ဗိုက်ရွှဲ ဖြစ်လာရင် သတိထားဖို့လိုလာပါပြီ။
ဆရာဝန်နဲ့ပြသ၊ သွေးတိုးစစ်၊ ကိုလက်စထရောနဲ့သွေးတွင်းသကြားဓာတ်တွေ ပုံမှန်စစ်ဆေးပြီး လိုအပ်ရင် လျှော့ချ ကုသတာတွေက ဒီဝေဒနာတွေအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ ဆိုချင်ကြောင်းပါ။