Health

ပူပြင်းရာသီမှာ အသောက်ဆင်ခြင်ပါ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသအချို့မှာ ယခုနှစ် အပူချိန် စံချိန်ချိုးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်။ မကွေးတိုင်း၊မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မြို့နယ်တွေမှာ နေ့ အပူချိန် တွေက ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာရှိတယ်။

အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြနေတယ်။ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း ဧပြီ ၂၀ -၂၇ အတွင်း ဖြစ်မြဲထက် ပိုပူနိုင်ကြောင်းသတိပေးထားတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတို့ဟာ အပူပြင်းဆုံးကြုံတွေ့နိုင်ပြီး အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် အထက်မှာရှိနေနိုင်တယ်လို့ ခန့်မှန်းထားတယ်။

မန္တလေးမြို့မှာလည်း သင်္ကြန်ပြီးနောက်ပိုင်းမှာ သိသိသာသာ အပူရှိန်မြင့်တက်လာနေတယ်။ မန္တလေး ဆေးရုံမှာ အပူချိန်မြင့်မှုကြောင့် Heat Stoke (အပူလျှပ်)လူနာ နေ့စဉ်တက်ရောက် ကုသ ခံနေရတယ်။ အရက်သောက်သုံးသူတွေမှာ သာမန်လူတွေထက် Heat Stoke ဖြစ်ဖို့ အခွင့်အလမ်း ပိုများတာကြောင့် အသောက် ဆင်ခြင်ကြဖို့ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဒုတိယဥက္ကဌ(မန္တလေးတိုင်း)ဒေါက်တာဦးအောင်မြင့်က ပြောတယ်။ “အရက်သောက်သူတွေ တခြားသူတွေထက် အပူချိန်ပိုထွက်တယ်။ အရက်က အပူ၊ အရက် ခန္တာကိုယ်ထဲ ရောက်ရင် အပူထွက်တယ်။ အပြင်အပူချိန်ကြောင့် အရက်သောက်ထားတဲ့အခါ ခန္တာကိုယ်ထဲက အပူက အပြင်မထွက်နိုင်တော့ဘူး”တဲ့။

ရာသီဥတုက ပူပြင်းနေပေမယ့် အရက်ဆိုင် ဘီယာဆိုင်တွေမှာ ပုံမှန်ဖောက်သည်တွေနဲ့ အချိန်ပြည့် စည်ကားနေပါတယ်။ နိုင်ငံအချို့မှာ အခုလိုရာသီဥတု စံချိန်တင်အပူချိန်တွေ တိုးလာရင် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆေးပညာရှင်တွေက အရက်ဆိုင်ဖွင့်ချိန်တွေကို ကန့်သတ်ပေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဖိအားပေးကြတယ်။ အဲဒီအခါ
ဒေသဆိုင်ရာအာဏာပိုင်တွေက ဒေသန္တရအမိန့်တွေ ထုတ်ပြီး အရက်ရောင်းချချိန်တွေကို ကန့်သတ်ကြရတယ်။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေကို အရက်ဘီယာ ရောင်းချတဲ့ဆိုင်တွေကလည်း လိုက်နာကြရတယ်။

ဥပမာ နေပူချိန်မြင့်မားတဲ့ နေ့လယ် ၁၂:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီအတွင်း အရက်ဘီယာရောင်းချခွင့်ကို ကန့်သတ်တာမျိုးဖြစ်ပါတယ်။ အရက်ဘီယာရောင်းချမှုကို လုံးဝ
ပိတ်ပင် တားဆီးတာ မဟုတ်တော့ သတ်မှတ်အခွန်အတုတ်တွေဆောင်ပြီးမှ ဖွင့်ခွင့်ရတဲ့ ယမကာဆိုင်တွေလည်း စီးပွားရေးမပျက်၊ လူထုကျန်းမာရေးလည်း ကာကွယ်ပြီးသား ဖြစ်မှာမျိုးကို ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။

အဲဒီလို ကန့်သတ်လိုက်တာကြောင့် ကာယကံရှင် အရက်သောက်သူဖြစ်ပေါ်နိုင်တဲ့ Heat Stoke ဖြစ်နိုင်ခြေကို တားဆီးရာရောက်တယ်။ ရောဂါဖြစ်လာရင် ကာယကံရှင်သာမက သူနဲ့ပါတ်သတ် ဆက်နွယ်သူတွေပါ တနွယ်ငင် တစ်စင်ပါ ဒုက္ခရောက်ကြရတယ်ဆိုတော့ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်တယ် မဟုတ်လား။

လက်ရှိအချိန်မှာတော့ အရက်ဆိုင်တွေမှာ နေ့လယ်နေ့ခင်း ပူပြင်းချိန်တွေမှာလည်း သောက်စားသူတွေနဲ့ စည်ကားနေမြဲဖြစ်ပါတယ်။ အခုချိန်ထိ ဘယ်အရပ်ဘက် အဖွဲ့စည်းကမှ နေပူပြင်းတဲ့ နေ့လယ်နေ့ခင်းတွေမှာ မရောင်းချဖို့ မေတ္တာရပ်ခံတာမျိုး မတွေ့ရသေးပါဘူး။

အခြေအနေအရ အမျိုးသားတွေက အပြင်ထွက် အလုပ်လုပ်ကြရတာများလို့ အမျိုးသမီးတွေထက် အပူဒဏ်ပိုခံကြရတယ်။ ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးနေရတဲ့အထဲ အရက်ပါ သောက်တော့ အပြင်မှာ ငရဲကျသလိုဖြစ်နေတဲ့ အပူကို ကိုယ့်ကိုယ်တွင်းထဲအထိ မျိုချနေသလို ဖြစ်ပြီပေါ့။

ရေဓာတ်ကုန်လို့ ဓာတ်ဆားရည်သောက်ကြတဲ့ ကာယလုပ်သားတွေကိုတော့ တဆိတ် သတိပေးပါရစေ။ သွေးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူတွေ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ ဓာတ်ဆားရည်သောက်ကြဖို့ ဒေါက်တာဦးအောင်မြင့်က အကြံပြုပါတယ်။

“ဓာတ်ဆားထဲမှာ သကြားဓာတ် လည်းပါလို့ ဆီးချိုသမားတွေ ဂရုစိုက်ဖို့လိုတယ်။ ကျောက်ကပ်ရောဂါရှိရင်လည်း ဓာတ်ဆား အရမ်းမသောက်သင့်ဘူး။ သွေးတိုးရောဂါရှိရင် ဆေးပညာရှင်တွေရဲ့ ညွှန်ကြားမှုနဲ့သာ သောက်သင့်တယ်။ အစား အသောက်စားရင်လည်း အသားဓာတ်က အစာချေဖျက်ရာမှာ အမြင့်မားဆုံးဖြစ်တယ်။ အသားများများ စားရင် ခန္တာကိုယ် အပူချိန် ပိုထွက်တယ်။ ဒီလိုရာသီမျိုးမှာ အရည်ရွှမ်းတဲ့ အသီးအနှံတွေသာ အများဆုံးစားသင့်တယ်။ အပြင်ထွက် အလုပ်လုပ်ကြရတဲ့သူတွေ ရေဓာတ်မခန်းခြောက်ဖို့ ရေများများသောက်ဖို့ လိုအပ်တယ်”တဲ့။

Loading