ဒီနေ့ အိုင်တီနည်းပညာခေတ်၊ ဒီဂျစ်တယ်ခေတ်မှာ လှုပ်ရှားရုန်းကန်နေကြတဲ့ လူငယ် လူရွယ်တွေရဲ့ နေ့စဉ်လူနေမှု ဘဝပုံစံတွေမှာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Laptop, Tablet စတဲ့ Electronic Device တွေကို ထိတွေ့ အသုံးပြုပြီး အလုပ်လုပ်နေကြပါတယ်။
ရုံးမှာ အလုပ်လုပ်ရတဲ့သူတွေ၊ ကျောင်းမှာ စာသင်ရတဲ့ ကျောင်းသားတွေ တနေကုန် ထိုင်ပြီး အလုပ်လုပ်၊ ကျောင်းတက်ရခြင်း တွေအပြင် နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်က ယာဉ်ကြော ပိတ်ဆို့မှုတွေ ကြောင့်လည်း လမ်းခရီးမှာ တနေ့ကို အနည်းဆုံး အသွားအပြန် တနာရီကျော်၊ နှစ်နာရီကြာ အထိုင်များရပြန်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ခန္ဓာကိုယ် အဝလွန်လာတာ၊ ဗိုက်၊ ခါးစတဲ့ နေရာတွေမှာ အဆီတွေ ပိုလာတာ၊ ဗိုက်ပူလာတာ စတဲ့ ခန္ဓာကိုယ်အလှအပ အပြင် ရေရှည် ကျန်းမာရေးမှာလည်း ထိခိုက်လာပါတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ ကျန်းမာရေးအရရော မိမိ ခန္ဓာကိုယ်အချိုးအစား လှချင်သူများက ပုံမှန် အားကစား ကိုယ်လက် လှုပ်ရှားမှု အနေနဲ့ Gym ကစားခြင်းကို ပြုလုပ်လာကြပါတယ်။ လူငယ်လူရွယ် တွေကြားမှာ Gym ကစားခြင်းဟာ ခေတ်ရေစီးကြောင်း တခုလို ဖြစ်လာပါတယ်။
“Gym စဆော့ဖြစ်တာက ကျနော်က အစက ဝတယ်ဗျ။ ပြီးတော့ အဆီလည်း များတယ်။ နေရ ထိုင်ရတာလည်း ပေါ့ပေါ့ပါးပါးမရှိ၊ အဝတ်အစား ဝတ်ရတာလည်း အဆင်မပြေ၊ ပြီးတော့ Body မိုက်ချင်တာလည်း ပါတာပေါ့။ သူများတွေက ကိုယ့်ကိုမြင်တာနဲ့ Body က အရမ်းမိုက်တာပဲလို့ ချီးကျူးတာလည်း ခံချင်တယ်။ အဲဒါနဲ့ Gym စဆော့ဖြစ်တာပါ” လို့ မန္တလေးမြို့ My Gym fitness Center မှာ ကစားနေတဲ့ အသက် ၂၀ အရွယ် ကိုမြတ်မင်းနိုင်က ပြောပါတယ်။
သူက အသက် ၁၈ နှစ် လောက်ကတည်းက Gym စဆော့ခဲ့တာဖြစ်ပြီး “Gym ဆော့ပြီးနောက် ပြောင်းလဲမှုတွေကတော့ အများကြီးပဲ။ ကျန်းမာရေး ပိုကောင်းလာပြီး Strong ဖြစ်လာတယ်။ ၆ လ နေလို့ တခါမဖျားဘူး။ လူကလည်း ပေါ့ပါးသွက်လက်ပြီး နေရထိုင်ရတာလည်း ကောင်းတယ်။ Body က အဆီကျ အချိုးကျ ကျစ်လစ်ပြီး အဝတ်အစား ဝတ်ရတာလည်း အဆင်ပြေလာတယ်။ ဒီနေ့ည Gym ဆော့ အိပ်ပြီး မနက်လင်းရင် တနေ့တာလုံး အင်အားအပြည့်နဲ့ လန်းဆန်းတက်ကြွနေတယ်” လို့ ဆိုပါတယ်။
“Gym ဆော့တယ်ဆိုတာ ဝမှ ပိန်မှ ဆော့သင့်တာ မဟုတ်ပါဘူး။ ပုံမှန် ကျန်းမာနေတဲ့ လူတယောက်လည်း နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာ အနေနဲ့ ဆော့သင့်တယ်။ ခန္ဓာကိုယ်မှာ လိုအပ်ချက်ရှိလာမှ ဆော့တာထက်စာရင် ဝတာ ပိန်တာပဲဖြစ်ဖြစ် ကိုယ်ကျန်းမာရေး မချို့တဲ့ခင်မှာ ပုံမှန်ကျန်းမာရေး ဂရုစိုက်တဲ့ အနေနဲ့ လူတိုင်းဆော့သင့်တယ်” လို့ Ygn Gym ရဲ့ အားကစားနည်းပြ (Gym Instructor) ကိုကောင်းကင်ယံက ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုကောင်းကင်ယံက Gym Instructor အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် လုပ်ငန်းအတွေ့အကြုံ ၇ နှစ်နီးပါး ရိှပြီလို့ သိရပါတယ်။
“ဟိုအရင် ၂၀၀၉ လောက်ကနဲ့ အခု ၂၀၁၆ ကို နှိုင်းယှဉ်မယ် ဆိုရင် Gym ဆော့တဲ့ လူဦးရေပမာဏ တိုးပွားလာတယ်။ Gym ဆိုတာ ဆော့သင့်ပါလားဆိုတဲ့ Gym ရဲ့ အကျိုးကျေးဇူးကို ပိုသိလာကြတယ်။ နောက်တခု လုပ်ငန်း အတွေ့အကြုံအရ ဘာသိလာလဲ ဆိုတော့ လူတွေက ဝမှ ပိန်မှ လာဆော့ကြတာ များတယ်။ နည်းပြဆရာ တယောက်အနေနဲ့ ဘယ်လို အကြုံပြုချင်လဲဆိုရင် ခန္ဓာကိုယ် လိုအပ်ချက်ရှိမှ လာဆော့တာထက် မဖြစ်ခင်က ပုံမှန်ဆော့ပါလို့ အကြံပြုချင်ပါတယ်” လို့ ကိုကောင်းကင်ယံက ဆိုပါတယ်။
ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေမှာ အားကစားလုပ်ဖို့ Gymnasium and Gymnastic Services ကို ပေးရာကနေ တဆင့် အခုနောက်ပိုင်းမှာ Gym ကစားခြင်းဟာ တဖြည်းဖြည်း တွင်ကျယ်လာတာကို တွေ့ရပါတယ်။
လူငယ်လူရွယ်တွေ ကိုယ်တိုင်က Gym ကို ကိုယ်တိုင်လည်း ကစားလာကြသလို ကိုယ်တိုင် Gym ခန်းမတွေ ဖွင့်လာတာကိုလည်း တွေ့ရပါတယ်။
“အခု နောက်ပိုင်းလူငယ်တွေ ကိုယ်တိုင် Gym ဖွင့်လာကြတာက သူတို့ကိုယ်တိုင် ဆော့ဖူးလို့ ဖြစ်တယ်။ သူတို့ကိုယ်တိုင် ဆော့ဖူးတော့ Gym ရဲ့ ကောင်းကျိုး ကိုယ်တိုင်သိတယ်။ Gym ဖွင့်ထားတဲ့ အတွက် ကိုယ်တိုင်လည်း ဆော့လို့ရမယ်။ Gym က နောက်ပိုင်းမှာ ရေရှည်စီးပွားရေး အနေနဲ့ ပိုပြီးအောင်မြင်နိုင်တဲ့ လုပ်ငန်းဖြစ်တယ်လို့ ကျနော်မြင်တယ်။ စီးပွားရေးအရကော ကျန်းမာရေး အရကော တချက်ခုတ် နှစ်ချက်ပြတ်ပေါ့” လို့ ကိုကောင်းကင်ယံက သူ့အမြင်ကို ပြောပါတယ်။
သူကဆက်ပြီး “အခုနောက်ပိုင်း လူငယ်တွေ Gym ပို ကစားလာတာကတော့ မီဒီယာတွေ ပိုပွင့်လင်း လာတာ ကြောင့်လည်း ပါတယ်။ အရင်ကဆို လူငယ်တွေက နိုင်ငံခြားက မော်ဒယ်လ်တွေ ဘယ်လို ဝတ်တယ် စားတယ်၊ သူတို့ ခန္ဓာကိုယ်အချိုးအစား ဘယ်လိုပုံစံ ရှိတယ်ဆိုတာ သိပ်မသိကြဘူး။ အခု နောက်ပိုင်းကျ မီဒီယာတွေ ပွင့်လင်းလာတော့ သူတို့အတွက် ရှေ့ဆောင်လမ်းပြ Role Model ပေါ့။ Body တောင့်တောင့်တင်းတင်းနဲ့ သူတို့အားကျရတဲ့ ပုံစံမျိုးတွေ တွေ့လာတော့ သူတို့ လိုချင်တဲ့ Body ရအောင် Gym ဆော့ရမယ်မှန်း သိလာကြပြီး ပိုဆော့လာကြတာ” လို့ ပြောပါတယ်။
Gym ဆော့ခြင်းမှာ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ပထမတချက်က Gym ကစားခြင်းဟာ ပုံမှန် လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် ကျန်းမာရေး ကောင်းမွန်မယ်။ ပုံမှန်ကစားပေးသွားရင် လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစား ရရှိမယ်။ ဒုတိယတချက်က စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း ပိုမိုကြံ့ခိုင်မှု ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self Confidence) လည်း ပိုမို တိုးလာစေပါတယ်။ Gym ကစားခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းမွန်စေတဲ့ အားကစားနည်းတခု ဖြစ်ပါတယ်။
Gym ကစားတာက အချိန်အများကြီး ပေးဖို့ မလိုပါဘူး။ တနေ့ကို ပုံမှန် တနာရီနှုန်းနဲ့ တပတ်ကို ၄ ရက် သို့မဟုတ် ၅ ရက် ကစားပေးသွားမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ် အချိုးအစား ကြည့်ကောင်းနေမှာ အမှန်ပါ။ ရွေးချယ်စရာ Gym ခန်းမတွေကလည်း အခုနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ပေါများလာတာမို့ လူကြီး၊ လူငယ် ကျားမမရွေး ကျန်းမာရေးနဲ့ ခန္ဓာကိုယ် အလှအပအတွက် ပုံမှန် Gym ကစားဖို့ စတင်နိုင်ပါပြီ။