ပြည်တွင်းမှာတော့ မုန်ညင်းဖြူလို့ လူသိများတာပေါ့ဗျာ။ နိုင်ငံတကာမှာတော့ Napa Cabbage လို့လည်း ခေါ်တယ်။
ကိုရီးယားတွေက ဟန်ဂူ (Hangul)လို့ ဆိုတယ်၊ ဂျပန်က ကင်ဂျီ (Kanji) သုံးနှုန်းကြတယ်၊ အင်္ဂလိပ်စကားလုံးအတွက် Napa ကိုတော့ ဂျပန်စကားလုံး Napa ကနေ ရယူလိုက်တာ ဖြစ်ပြီး စားသုံးနိုင်သော အရွယ်လို့ ဆိုပါတယ်။
အာရှမဟုတ်တဲ့ အခြားဒေသတွေမှာ Chinese Cabbage လို့လည်း ခေါ်ကြပါသေးတယ်။ Wombok ဆိုပြီးလည်း ဖိလစ်ပိုင် နဲ့ သြစတြေးလျမှာ သုံးပါတယ်။ အများဆုံးကတော့ ကြော်စားကြပါတယ်၊ ရေဓာတ်ရယူဖွဲ့စည်းထားမှု များတာကြောင့် အ သားအရေ စိုပြေတယ်ဆိုတဲ့ အဓိကအချက်ကြောင့်ရော ဆိမ့်ပြီး ချိုတဲ့အတွက်ရော ကြိုက်ကြပါတယ်။
တချို့ကလည်း အရွက်က ကြော်လိုက်ရင် ပျော့ပြီး နည်းနည်းချွဲချင်လို့ မကြိုက်ပြန်ပါဘူး။ ထားပါတော့၊ ဒါက လူတကိုယ် အကြိုက်တမျိုး။ ဒါပေမယ့် သေချာတာတခုကတော့ အခုခေတ် မြန်မာပြည်မှာ လူအများစု ကင်ချီ စားကြတယ်။
ကြိုက်လို့ မကြိုက်လို့ ဆိုတာထက် ကိုရီးယား အစားအစာဆိုပြီး စားနေကြတာပါ။ အခု မုန်ညင်းဖြူဆိုတာက အဲဒီ ကင် ချီရဲ့အဓိက ပါဝင်ပစ္စည်းပါပဲ။
ဒါဆို ကင်ချီစားရင် မုန်ညင်းဖြူ စားတာနဲ့ အတူတူပဲပေါ့။ အဲဒီတော့ ကင်ချီကိုယ်တိုင် လုပ်စားဖို့ပဲ ဖြစ်ဖြစ်၊ ကြော်စားဖို့ပဲ ဖြစ်ဖြစ် ကိုယ်တိုင် စိုက်စားချင်သူတွေအတွက်ရော ဝယ်စားမယ့်သူတွေအတွက်ပါ မုန်ညင်းဖြူအကြောင်း သိရအောင် ပြောပြချင်ပါတယ်။
ဒါနဲ့ မုန်ညင်းဖြူက အစိမ်းလည်း စားလို့ရပါတယ်။ ဆလပ်ရွက်လိုပါပဲ၊ အမေရိကနဲ့ သြစတြေးလျမှာ အစိမ်းလိုက်ပဲ စား ကြတာပါ။ ဟုတ်ပါပြီ၊ ဆက်ကြည့်ရအောင်ပါ။
အရွယ်က အအေးစာလို့ဆိုရင်လည်း ရပါတယ်။ ဆောင်းတွင်းမှာ အထွက်များတယ်၊ ဈေးကွက် အဝင်များတယ်။ ရာသီဥတု က အေးပါတယ်ဆို မုန်ညင်းဖြူပါ ထပ်စားလိုက်တော့ အအေးပိုချင်သွားတာပေါ့။ ရန်ကုန်နေ လူထုအတွက်ကတော့ အိမ် မှာ အလွယ်စိုက်စားဖို့ မလွယ်ဘူး။
စိုက်ချင်ရင် လိုအပ်တဲ့မြေက မြေကျစ် မဖြစ်ဖို့ လိုအပ်ပါတယ်။ သဲဆန်ဆန်မြေလည်း မဟုတ်ဘူး၊ ရွှံ့စေးဆန်ရင်လည်း မ ဖြစ်ဘူး၊ ရေများများ ပေးဖို့လိုပြီး တတ်နိုင်လို့ တိုင်းနိုင်ရင် pH 6.0 ကနေ 6.2 အတွင်း ရေကို ဦးစားပေးလောင်းပါ။ မြေဆီ လွှာမှာ နွားချေးနဲ့ ပြာလို သဘာဝမြေဆီလွှာ အားပေးတဲ့အရာတွေ ထည့်ပေးရင် ပိုကောင်းပါတယ်။
ကောက်ရိုးလည်း သုံးနိုင်ပါတယ်။ မြေဆီလွှာ ရေဝပ်လို့ မရပါဘူး၊ ဒါပေမယ့် အမြဲ စိုစွတ်နေဖို့တော့ လိုအပ်ပါတယ်။
ကောက်ရိုးနဲ့ ဖုံးအုပ် စိုက်ပျိုးမှုလည်း တွေ့ရပါတယ်။ လောင်းတဲ့ရေမှာ pH အဆင့်နိမ့်ရင်၊ ဒါမှမဟုတ် မြေကျစ်လွန်းရင် ကယ်စီယမ်နဲ့ မဂ္ဂနီစီယမ် ချို့တဲ့ပြီး မုန်ညင်းရဲ့အတွင်းရိုးတွေ ကျိုးတာ၊ ပိုး ဝင်တာတွေ ဖြစ်တတ်ပါတယ်။
သြဂုတ်လနဲ့ စက်တင်ဘာလတွေဟာ မုန်ညင်းဖြူ စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်တွေပါ။ အပူချိန် ၁၃ ဒီဂရီကနေ ၂၁ ဒီဂရီ အတွင်း မုန်ညင်းဖြူ အကောင်းဆုံး ဖြစ်ထွန်းပါတယ်။ ဒီတော့ ရန်ကုန်မှာ ကိုယ်တိုင်စိုက်ပြီး စားသုံးချင်ရင် Air-Con ခန်းထဲ ထည့်စိုက်ပါလို့ ဆိုရတော့မှာပါ။
ကိုယ်တိုင် စိုက်ပြီး စားသုံးမယ့်သူတွေအတွက် အထက်မှာ လိုအပ်တဲ့ မြေ၊ ရေနဲ့ အပူချိန်ကို ပြောပြီးပါပြီ။ ဆက်ပြီး အပင် အကြောင်း နည်းနည်း ပြောပါမယ်။
၈ ပတ်ကနေ ၁၂ ပတ် အထိအောင် အပင်က သက်တမ်းရှိပါတယ်၊ မြေပြင်ကနေ ၂.၅ စင်တီမီတာ အကွာကနေ ဖြတ်ခူးပါ။ အပူချိန် ၀ ဒီဂရီ ဒါမှမဟုတ် ၁ ဒီဂရီမှာ မုန်ညင်းဖြူက ၃လကနေ ၄လထိအောင် အထားခံနိုင်ပါတယ်။
မုန်ညင်းဖြူ ၁၀၀ ဂရမ်မှာ စွမ်းအင်ကယ်လိုရီ ၁၆ ကယ်လိုရီပါရှိပါတယ်၊ ကာဘိုဟိုက်ဒရိတ် ၃.၂ ဂရမ်၊ အမျှင်ဓာတ် ၁.၂ ဂရမ်၊ အဆီ ဝ.၂ ဂ ရမ်၊ အသားဓာတ် ၁.၂ ဂရမ်၊ ဗီတာမင် စီ ၂၇ မီလီဂရမ်၊ ကယ်စီယမ် ၇ပ၇ မီလီဂရမ်၊ သံဓာတ် ဝ.၃၁ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၉ မီလီဂရမ် ပါရှိပါတယ်။