ပြည်တွင်းမှာ အများဆုံး စိုက်ပျိုးထွက်ရှိတဲ့ အသီးအနှံ တမျိုးလည်း ဖြစ်တယ်၊ စားသုံးမှုလည်း များတဲ့ ကြက်သွန်နီ တဥကို ကျနော်တို့ ဘယ်လောက်ထိအောင် အသုံးဝင်အောင် သုံးဖူးကြပါသလဲ။ ချက်စား၊ ကြော်စားရုံ လောက်ပဲဆိုရင်တော့ ကြက်သွန်နီရဲ့အသုံးဝင်မှု အားလုံးကို အကျိုးရှိရှိ အသုံးချနိုင်မှု မရှိသေးပါဘူး။
အိမ်တိုင်းမှာရှိတဲ့ ကြက်သွန်နီကို ဘယ်လိုနေရာတွေမှာ ဘယ်လို ကောင်းကောင်း အသုံးပြုမလဲ။ အခုတပတ်မှာတော့ ကျနော်က ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ကြက်သွန်နီရဲ့အသုံးဝင်ပုံလေးတွေ ပြောပြချင်ပါတယ်။ နောက်တပတ်မှာတော့ အစားအစာအဖြစ် အသုံးဝင်ပုံနဲ့ အိမ်သုံးပစ္စည်းအဖြစ် အသုံးဝင်ပုံလေးတွေကို ပြောပြပါမယ်။
(၁) ကြက်သွန်နီအသားနဲ့ သင့်ရဲ့အရေပြားကို ပွတ်ပေးထားမယ်ဆိုရင်တော့ ခြင်လိုမျိုး သင် မကိုက်စေချင်တဲ့ အင်းဆက် ပိုးတွေကို အကောင်းဆုံး ဟန့်တားနိုင်မှာပါ။ အခြေအနေတခုခုအရ သင့်အတွက် ခြင် အပါအဝင် အင်းဆက်တွေရဲ့ကိုယ် လုံးပေါ် တက်ရောက်မှု၊ ကိုက်မှု၊ နားမှုတွေကို ဟန့်တားချင်တယ်ဆိုရင်တော့ ကြက်သွန်နီသားနဲ့ သင့်အရေပြားကို ပွတ် ပေးပါ။
(၂) ကြမ်းပိုးကိုက်တဲ့ သင့်အရေပြားနေရာကိုလည်း ကြက်သွန်နီသားနဲ့ ပွတ်ပေးနိုင်ပါတယ်။ နာကျင်မှုလည်း မရှိစေဘဲ လျော့နည်း သက်သာစေသလို နောက်ထပ် အဆိုပါနေရာကိုလည်း ကြမ်းပိုး ထပ်ပြီး မကိုက်တော့ပါဘူး။ ကြမ်းပိုးရှိတတ် သူတွေအတွက် အကောင်းဆုံး သက်သာမယ့်နည်းလမ်းလေး ဖြစ်ပါတယ်။
(၃) အဆိပ်ရှိတဲ့ ဆူးစူးမိတဲ့အခါမှာလည်း အဆိုပါနေရာကို ကြက်သွန်နီ ထိပ်သားနဲ့ ပွတ်ပေးမယ်ဆိုရင် အဆိပ်ပြေမြန်စေ သလို နာကျင်မှုဒဏ်ကိုလည်း လျော့နည်းစေမှာပါ။ ပြည်တွင်းမှာ အတွေ့ရများတဲ့ထနောင်းဆူူးလို အဆိပ်ပါရှိတဲ့ ဆူးစူးမှု များအတွက် ကြက်သွန်နီကို ပွတ်ပေးခြင်းနည်းကို သုံးနိုင်ပါတယ်။
(၄) ကြက်သွန်နီ ရေနွေးဟာ လည်ချောင်းနာခြင်းကို အကောင်းဆုံး လျော့နည်း သက်သာစေမယ့် ဆေးဖက်ဝင်အရည်ပါ။ သင့်အနေနဲ့ အပူမှုတ်လို့ပဲ ဖြစ်စေ၊ အခြားအကြောင်းရင်းတခုခုကြောင့်ပဲ ဖြစ်စေ၊ အအေးဓာတ်မျာခြင်းကြောင့် ချောင်းဆိုး၊ ချွဲကျပ်အနေအထားကလွဲရင် အခြား လည်ချောင်းနာခြင်းအတွက် ကြက်သွန်နီကို ရေနွေးနဲ့ ပြုပ်ပြီး သောက်သုံးပေးမယ် ဆိုရင် အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါလိမ့်မယ်။
ပျမ်းမျှ ရေတခွက်စာအတွက် ကြက်သွန်နီ အနေတော် ၁လုံးကနေ ၂ လုံးကို အခွံခွာပြီး ပွက်ပွက်ဆူအောင် ထည့်ပြုပ်ပေးပါ။ ရေဆူပြီဆိုတာနဲ့ ကြက်သွန်နီကို ဖယ်ပြီး ရေနွေးကို နွေးအောင် ပြုလုပ်သောက်သုံးပေးခြင်းက အပူကြောင့်ဖြစ်တဲ့ လည် ချောင်းနာခြင်းတွေကို အမြန်ဆုံး သက်သာပျောက် ကင်းစေပါလိမ့်မယ်။
(၅) တကယ်လို့ မီးလောင်ဒဏ်ရာတခုခု ရခဲ့မယ်ဆိုရင်လည်း အဆိုပါနေရာကို ကြက်သွန်နီ လှီးပြီး အုံပေးထားနိုင်ပါတယ်။ အခြား ရေနွေးပူလောင်ခြင်းလိုမျိုး အပူလောင်ခြင်းတွေ အတွက်လည်း သုံးနိုင်ပါတယ်။
ကြက်သွန်နီဟာ ရေဓာတ်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အေးမြသလို သူ့မှာပါရှိတဲ့ အခိုးကလည်း မီးလောင်နဲ့ အပူ လောင်ဒဏ်ရာနေရာတွေကို အခြားရောဂါပိုးတွေ မဝင်နိုင်အောင် ဟန့်တားပေးနိုင်တဲ့အတွက် ကြက်သွန်နီသားနဲ့ဦးစွာ အုံ ထားပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၆) အစွယ်ရှိတဲ့ သတ္တဝါတခုခုကြောင့် ပြတ်ရှဒဏ်ရာရခဲ့မယ်ဆိုရင်လည်း မေးခိုင်ပိုးလို ရောဂါပိုးတွေ မဝင်ဖို့ အပြင်ဒဏ်ရာ ကိုလည်း နာကျင်မှု လျော့နည်း သက်သာစေမယ့် ကြက်သွန်နီအတွင်းသားနဲ့ အုံပေးပါ။
ကြောင်၊ ခွေးလို အိမ်မွေးတိရိစ္ဆာန်တွေက အစ အခြား လက်သည်းပါရှိတဲ့ သတ္တဝါတွေကြောင့် ပြတ်ရှဒဏ်ရာ ရခဲ့တယ်ဆိုရင် အဆိုပါ ဒဏ်ရာကို ဖုံးနိုင်လောက်တဲ့ ကြက်သွန်နီ အတွင်းသား လှီးဖြတ်ပြီး ပတ်တီး ဒါမှမဟုတ် တိပ်လို စွဲမြဲကပ်နေစေမယ့် အရာနဲ့ ပူးတွဲ အုံထားပေးပါ။
အချိန် တနာရီခန့်ထိအောင် ထားပေးဖို့ သတိပြုပါ။ ရောဂါပိုး ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးပြီး ဒဏ်ရာနာကျင်မှုလည်း လျော့နည်း သက်သာစေပါလိမ့်မယ်။
Ref: www.care2.com