လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး အင်္ဂလန်ရဲ့ အများပြည်သူ အသုံးပြု သွားလာနေတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံး ခြင်းကို တားမြစ်ခဲ့တာ တွေ့ရပါတယ်။
သင့်သိတဲ့အတိုင်း ဆေးလိပ်ဆိုတာက ကိုယ်တိုင်သောက်သုံးသူကိုရော ပတ်ဝန်းကျင် အနီးတဝိုက်က လေရှူရှိုက်သူကိုပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လေ။
ထားပါတော့၊ ဘယ်လိုပဲ ဖြစ်ဖြစ် အင်္ဂလန်မှာ ဆေးလိပ်သောက်သုံးမှုကို တားမြစ်တဲ့ဥပဒေ ကျင့်သုံးလာခဲ့တဲ့ ၁၀နှစ်အတွင်းမှာ ဘာတွေ ပြောင်းလဲလာပါသလဲ။
(၁) ယခင်ကတည်းက ဆေးလိပ်သောက်သုံးသူတွေ တချို့တဝက် ဆေးလိပ်ဖြတ်လိုက်နိုင်ကြတယ်
ဟုတ်ပါတယ်၊ ဥပဒေအရ ဆေးလိပ်ကို သောက်ချင်တဲ့နေရာမှာ သောက်သုံးနိုင်ခြင်း မရှိတော့ခြင်းက မိမိကိုယ်တိုင်က ဆေးလိပ်သောက်ချင်နေသည့်တိုင်အောင် သောက်သုံးနိုင်ခြင်းမရှိမှုနဲ့အတူ အချို့သော ဆေးလိပ်ဖြတ်ချင်သူတွေက ဆေးလိပ်ဖြတ်လိုက်နိုင်လာခဲ့ပါတယ်။
နှစ်စဉ်စာရင်းတွေအရလည်း လက်ရှိ အင်္ဂလန်မှာ ဆေးလိပ်သောက်သုံးသ အရေအတွက်ဟာ လျော့ကျလျက်ရှိနေတာ တွေ့နိုင်ပါတယ်။
(၂) ဆေးလိပ်ကြောင့် ဖြစ်တဲ့ရောဂါတွေကြောင့် ဆေးရုံတက်ကုသရသူ အရေအတွက် လျော့ကျသွားတယ်
ဆေးရုံတွေက မှတ်တမ်းတွေအရ ဆေးလိပ်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ပန်းနာရင် ကြပ်၊ အဆုတ်ကင်ဆာ အပါအဝင် အဆုတ်နဲ့ပတ်သတ်တဲ့ ကူးစက်ရောဂါဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျလာတာ တွေ့ရပါတယ်။
ဥပဒေစတင် ကျင့်ဆုံးတဲ့နှစ် တနှစ်အတွင်းမှာတင် အဆိုပါရောဂါတွေကြောင့် ဆေးရုံတက်နှုန်း ၂.၄ ရာ ခိုင်နှုန်း လျော့ ကျသွားတယ်လို့ သိရပါတယ်။
(၃) ဆေးလိပ်ဘူးလိုက်ဝယ်ယူ သောက်သုံးသူလျော့ကျသွားတယ်၊ ရောင်းချသူလည်း နည်းသွားတယ်
ဆေးလိပ် အများအပြား သောက်သုံးခြင်း မရှိတော့တဲ့အတွက် သောက်သုံးသူတွေ ကိုယ်တိုင်ကလည်း ဘူးလိုက် ဝယ်ယူ သောက်သုံးမှု နည်းသွားသလို တဖက်က ရောင်းချသူတွေကလည်း ဆိုင်တိုင်းမှာ တင်မရောင်းတော့ဘဲ အထူးသဖြင့်တော့ ဆေးလိပ်သောက်သုံးဖို့ သီးသန့်နေရာ ဖန်တီးပေးနိုင်တဲ့ ဝန်ဆောင်မှုပေးဆိုင်တွေနဲ့ နီးစပ်ရာ တချို့မှာပဲ ဆေးလိပ်ရောင်း ချတော့တာ တွေ့ရပါတယ်။
(၄) ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကောင်းကောင်း သဘောပေါက်လာကြတယ်
ဆေးလိပ်သောက်သုံးမှုဟာ သောက်သုံးသူ ကိုယ်တိုင်ကိုလည်း ထိခိုက်မှု ရှိစေတယ်၊ ဆေးလိပ်မီးခိုးငွေ့ ရှူရှိုက်မိတဲ့ အနီး ပတ်ဝန်းကျင်က လူကိုလည်း ထိခိုက်မှု ရှိစေသလို အဆိုပါမီးခိုးငွေ့ ရှူမိသူဟာ မိခင်၊ ဖခင်တွေ ဖြစ်နေမယ်ဆိုရင် သူတို့ ရဲ့ကလေးအတွက်ထိအောင်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ ထိခိုက်မှုတွေ ရှိစေတယ်ဆိုတာ သဘောပေါက် နားလည် လာကြပြီး ဆေးလိပ်သောက်သုံးမှုကို ရပ်နားလျော့ချလာကြတာ ဖြစ်ပါတယ်။
(၅) ဘူတာ၊ ကားဂိတ်၊ စားသောက်ဆိုင်လို လူအများစုရှိတဲ့ နေရာတွေမှာ ဆေးလိပ်သောက်မှု လုံးဝမရှိတော့ဘူး
အထူးသဖြင့်တော့ ကားဂိတ်နဲ့ ဘူတာတွေမှာ ဆေးလိပ်သောက်သုံးမှု လုံး၀ မရှိတော့ပါဘူး။ ဒါကလည်း ဆေးလိပ်မီးခိုးငွေ့ ပျံ့နှံ့မှု အပြင် ၁၉၈၇ခုနှစ်က Kings Cross မြေအောက် ရထားလမ်းမှာ စည်းကမ်းမဲ့ ဆေးလိပ်မီး စွန့်ပစ်မှုက မတော်တဆမှု ဖြစ်လာစေခဲ့ပြီး လူ ၃၁ယောက် သေဆုံးသည်ထိအောင် ဖြစ်ခဲ့ဖူးလို့ပါ။
(၆) ဆယ်ကျော်သက် ဆေးလိပ်သောက်သုံးနှုန်း လျော့ကျသွားတယ်
အရင်ကထက်စာရင် ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သုံးမှုကို ပိုပြီး စောင့်ကြည့်မှု များလာသလို ဖြစ်လာစေပါ တယ်။ လူအများစု ဆေးလိပ် မသောက်ချိန်မှာ ဆယ်ကျော်သက်တွေအနေနဲ့ အဆိုပါ လူအုပ်အကြား ဆေးလိပ်မသောက် ရဲကြတော့ပါဘူး။
အသက် ၁၈နှစ်နဲ့ အောက်ဘက်ကလေးတွေကို ဆေးလိပ်ဝယ်ယူခွင့်လည်း ပေးမထားပါဘူး။ ၂၀၀၇ ခုနှစ် အတွင်းက အ သက် ၁၆ နှစ်ထိ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဆယ်ကျော်သက် အများစုမှာ ငွေကြေး သိပ်မရှိတဲ့အတွက် အလွယ်တမ်း လက်လှမ်းမမီနိုင်အောင် ဆေးလိပ်အတွက် အခွန်ကို မြှင့်ထားတာလည်း တွေ့ရပါတယ်။
(၇) ကလေးငယ် ပါရှိတဲ့ကားတွေမှာ ဆေးလိပ်သောက်သုံးခွင့် ပိတ်ထားတယ်
အထက်မှာ ပြောခဲ့သလို ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု ရှိနိုင်ပြီး အထူးသဖြင့် နုနယ်တဲ့ ကလေးတွေ ထိခိုက်မှု နည်းပါး အောင် ရည်ရွယ်ပြီး ကလေးငယ်ပါရှိတဲ့ကားပေါ်မှာ ဆေးလိပ်သောက်သုံးခွင့် တားမြစ်ထားတာ တွေ့ရပါတယ်။
(၈) E- စီးကရက်တွေ အစားထိုး ရောက်ရှိလာတယ်
မီးခိုးငွေ့ကို အတတ်နိုင်ဆုံး အန ္တရာယ်ကင်းအောင် စစ်ထုတ်ပေးနိုင်တဲ့ စီးကရက်ပါ။ သေချာတာကတော့ ပုံမှန် ဆေးရွက် ကြီး ဆေးလိပ်တွေထက် စိတ်ချရပါတယ်။
အချို့ကဆိုရင် ဆေးလိပ် လုံးဝမသောက်ရ ဥပဒေကိုတောင် လိုချင်နေကြပါတယ်။ ဒါပေမယ့် လူနည်းစုပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးလိပ်အစား E စီးကရက်သောက်သုံးမှုများလာပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု နည်းစေလာပါတယ်။
Ref: www.businessinsider.com