ရာသီတုပ်ကွေးခေါ်တဲ့ seasonal influenza ဆိုတာက အသက်ရှုလမ်းကြောင်းကို ရောဂါပိုး လတ်တလော ဝင်ရောက်တဲ့ ရောဂါဖြစ်ပြီး တကမ္ဘာလုံးမှာ လှည့်ပတ်ဖြစ်ပွားနေတဲ့ တုပ်ကွေးဗိုင်းရပ်စ် ပိုးတွေကြောင့် ဖြစ်ရတာပါ။
ရာသီတုပ်ကွေးမှာ ပင်မအမျိုးအစားတွေအဖြစ် types A , B , C ရယ်လို့ ၂ မျိုးရှိပြီး type A ကိုမှ ထပ်ပြီး အမျိုးအစားတွေ ခွဲထားပြန်ပါ တယ်။ ဒါကလည်း ဒီဗိုင်းရပ်စ်တွေမှာ ပါဝင်တဲ့ မတူညီကွဲပြားတဲ့ ပရိုတင်း ၂ မျိုး ဖြစ်တဲ့ haemagglutinin (H) နဲ့ neuraminidase (N) တွေ ပါဝင်ဖွဲ့စည်းပုံပေါ် လိုက်ပြီး ခွဲခြားထားတာပါ။
အဲဒီ type A ရာသီတုပ်ကွေးတွေ ကနေ နိုင်ငံ၊ လူမျိုး၊ အသက်အရွယ် မရွေး တကမ္ဘာလုံးမှာ လူနဲ့ လူချင်း ကူးစက်ပျံ့ပွားနေတာကတော့ H1N1 နဲ့ H3N2 ပါတဲ့။ H1N1 ကလည်း ၂၀၀၉ ခုနှစ်မှာ ကမ္ဘာတဝှမ်း အသွင်ပြောင်း ကူစက်ပျံ့ပွားလာတဲ့ နောက်မှာ A (H1N1) pdm09 ဆိုတဲ့ အမည်ပါရခဲ့ပါတယ်။
ရာသီတုပ်ကွေး B မှာတော့ အဓိက ၂ မျိုး B/Yamagata နဲ့ B/Victoria ရယ်လို့ ပေါ့။ လူသားတွေ အကြား ရောဂါ ကူးစက်ပျံ့ပွားတာ၊ ကပ်အသွင်ဆောင်တာမျိုးက A နဲ့ B ၂ မျိုးသာ ဖြစ်လေ့ ရှိတာကြောင့် ကာကွယ်ဆေးမှာ အဲဒီ ၂ မျိုးအတွက် ထည့်သွင်းထားကြ ပါတယ်။
C ဗိုင်းရပ်စ်ကတော့ ဖြစ်ပွားတာလည်း နည်းပါးသလို ရောဂါကလည်း ပြင်းထန်တယ် ရယ်လို့ မရှိတော့ ပြည်သူ့ ကျန်းမာရေးကဏ္ဍမှာ အလေးပေးမှု သိပ်မထားကြပါဘူး။
လူကနေ လူကို ကူးစက်တာ မဟုတ်ဘဲ တခြား သတ္တဝါတွေကနေ ကူးစက်တဲ့ ရာသီတုပ်ကွေးတွေလည်း ရှိကြပါတယ်။ H5N1 ဆိုတဲ့ ကြက်၊ ငှက်ကနေ တဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးပါ။
လက္ခဏာများ
ရာသီတုပ်ကွေး လက္ခဏာတွေ ကတော့ ရုတ်တရက်ကြီး ဖျားမယ်၊ ချောင်းခြောက်ဆိုးမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်မယ်၊ အရမ်းကို နုံးချိအားနည်းသလို ခံစားရမယ်၊ လည်ချောင်းနာပြီး နှာရည်ယိုကျတာ တွေပါ ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာက ပြင်းပြင်းထန်ထန် ခံရတတ်ပြီး ရက်သတ္တ ၂ ပတ်အနည်းဆုံးကနေ ပိုပြီး ကြာတတ်ပါတယ်။
အများစု လူနာတွေကတော့ ဘာဆေးမှ မကုဘဲလည်း ၁ ပတ်အတွင်းမှာ အဖျားရော တခြား လက္ခဏာတွေပါ သက်သာပျောက်ကင်းပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တဲ့ ဝေဒနာခံစားရတာနဲ့ အသက်သေဆုံးတာ အထိ ဖြစ်ကြတာလည်း ရှိပါတယ်။ ရောဂါပိုး ဝင်ချိန်ကနေ လက္ခဏာပေါ်ချိန် အထိက ၁ ရက်ကနေ အများဆုံး ၄ ရက် လောက်သာ ကြာပါတယ်။
အန္တရာယ် ဖြစ်နိုင်ခြေများသူတွေ
နှစ်စဉ် ရာသီတုပ်ကွေးကူးစက်ပျံ့ပွားမှုကြောင့် တကမ္ဘာလုံးက လူသားတွေ ဒဏ်ခံကြရပါတယ်။ ဒါပေမယ့် အသက်အန္တရာယ် အထိ စိုးရိမ်စရာ နောက်ဆက်တွဲ အခြေအနေ ဖြစ်လာနိုင်သူတွေ ကတော့
• ကိုယ်ဝန်ဆောင် မိခင်တွေ၊
• အသက် ၆ လ ကနေ ၃ နှစ်အထိ ကလေးငယ်တွေ၊
• သက်ကြီးရွယ်အိုတွေ၊
• တချို့ရောဂါအခံ တမျိုးမျိုး ရှိနေသူတွေ (HIV/AIDS ၊ ရင်ကျပ်ပန်းနာ၊ နာတာရှည် နှလုံး၊ အဆုတ်ရောဂါရှိသူတွေ အဓိကပါ)
• ကျန်းမာရေး စောင့်ရှောက်မှုလုပ်နေရတဲ့ ဝန်ထမ်းတွေ ပါပဲ။
ကူးစက်ပျံ့နှံ့ပုံ
ရာသီတုပ်ကွေးက ကူးစက်ဖို့ လွယ်ကူပြီး လူစုလူဝေးရှိရာ တွေမှာဆို အရမ်းလည်း မြန်ဆန်ပါတယ်။ ရောဂါပိုးရှိနေတဲ့ သူက နှာချေ၊ ချောင်းဆိုးလိုက်ရင် ရောဂါကူးစက်စေမယ့် ဗိုင်းရပ်စ်ပိုးတွေ ပါဝင်တဲ့ အမှုန်အမွှားတွေ အနီးက ၆ ပေ ဝန်းကျင် အတွင်း လေထုထဲ ရောက်သွားပါတယ်။ အနီးရှိသူက အဲဒါကို ရှုရှိုက်မိရင် ရောဂါကူးစက်ခံရတာပါပဲ။
တခြားကူးစက်နည်း ကတော့ လက်ကတဆင့် ကူးတာပါ။ ရောဂါပိုးရှိနေတဲ့ တခုခုကို လက်နဲ့ ထိတွေ့ ကိုင်တွယ်ပြီး ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတွေ ထိကိုင်ပွတ်သတ်မိရင် ရောဂါပိုး ဝင်ရောက်ကူးစက်တာပါပဲ။
မြန်မာလို အပူပိုင်းဒေသဝင် နိုင်ငံတွေမှာ ရာသီတုပ်ကွေး ကူးစက်ပျံ့ပွားမှုက တနှစ်ပတ်လုံးရှိနေတတ်ပြီး ကပ်အသွင် ဖြစ်ပွားမှုက ရံဖန်ရံခါမှတွေ့ရတာပါ။ ရောဂါကတော့ သာမန်ဖျားနာတာကနေ အန္တရာယ်များတဲ့ အုပ်စုမှာ ပါဝင်သူတွေတော့ သေဆုံးတတ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ နှစ်စဉ် လူဦးရေ ၃ သန်းကနေ ၅ သန်းအထိ ရာသီတုပ်ကွေးဒဏ် ခံစားကြရပြီး ၂ သိန်းခွဲ ကနေ ၅ သိန်းလောက် အထိလည်း နှစ်စဉ် အသက်ဆုံရှုံးနေတာပါ။ အဓိက သေဆုံးမှုကတော့ ရောဂါပိုးကြောင့် အဆုတ်ရောင် နမိုးနီးယားဖြစ်တာနဲ့ မူလအခံရောဂါတွေ ပိုဆိုးလာရာက သေဆုံးကြတာလို့ ဆိုပါတယ်။
ကာကွယ်ရေး
တိကျတဲ့ ကာကွယ်ဆေးကို ထိုးနှံနိုင်ရင်တော့ အထိရောက်ဆုံးလို့ ဆိုရမှာပါ။ ကာကွယ်ဆေးကိုလည်း အသုံးနေကြတာ နှစ် ၆၀ ကျော်ပါပြီ။ ဗိုင်းရပ်စ်က မျိုးဗီဇအသွင် ပြောင်းတာတွေကြောင့်သာ ဆေးကို တခါထိုးပြီး စိတ်ချနေလို့ မရတာမျိုး ဖြစ်ရတာပါ။ သာမန်ကျန်းမာနေတဲ့ သက်လတ်ပိုင်းတွေမှာ ကာကွယ်ဆေးထိုးထားရင် အသွင်မတူတဲ့ ရာသီတုပ်ကွေး ပိုးကူးစက်မှုကို တောင်မှ ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။
ဒါပေမယ့် သက်ကြီးရွယ်အိုမှာတော့ ကာကွယ်နိုင်စွမ်းနည်းသွားပြီး ရောဂါ မပြင်းထန်အောင်၊ အသက်အန္တရာယ် ဖြစ်လောက်တဲ့ နောက်ဆက်တွဲတွေ မဝင်အောင်တော့ လျှော့ချပေးတယ် ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကာကွယ်ဆေး ထိုးဖို့ အကြံပြုထားသူတွေကတော့
• ကိုယ်ဝန်ဆောင် မိခင်တွေ ( ဘယ်လ အပိုင်းအခြားမဆို ထိုးလို့ ရပါတယ်)
• အသက် ၆ လ ကနေ ၅ နှစ် အထိကလေးငယ်တွေ
• အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ
• နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူတွေ
• ကျန်းမာရေးစောင့် ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေပါဘဲ။
အရေးကြီးတာကတော့ ကာကွယ်ဆေးကို နှစ်စဉ် ထိုးရမှာ ဖြစ်ပါတယ်။
လက်တွေ့ကျကျနဲ့ ထိရောက်တဲ့ နည်းလမ်းတွေကတော့ ကူးစက်ပျံ့ပွားမှုများတဲ့ ရာသီကာလကျမှ လုပ်ရမှာတွေ မဟုတ်ပါဘူး။ ရာသီတုပ်ကွေးသာမက ရောဂါ အတော်များများ ကာကွယ်ဖို့ အမြဲတမ်း အလေ့အကျင့် လုပ်ပေးနေရမယ့် အပြုအမူတွေပါ။
• နှာချေ၊ ချောင်းဆိုးရင် ဖုံးအုပ်ကာကွယ် သုံးပါ၊
• လူစုလူဝေး တတ်နိုင်သမျှရှောင်၊ မရှောင်သာရင် နှာခေါင်းစည်းလေးဆောင်ပါ၊ (ဒါကတော့ သိပ်ပြီးတိကျခိုင်မာတဲ့ နည်းလမ်းအဖြစ် မသတ်မှတ်ကြပါဘူး၊ ရောဂါရှိနေသူ ဆိုရင်တော့ ကိုယ့်ဆီကနေ တခြားသူ မကူးစက်အောင် ဒါမှမဟုတ် လူနာပြုစုနေရသူတွေ ဆိုရင် ဖြစ်နိုင်ခြေနည်းအောင် N95 လိုမျိုး သုံးသင့်ပါတယ်)
• အဆင်အပြေဆုံး နည်းလမ်းကတော့ လက်မကြာခဏ ဆေးတာပါ။ ဘယ်အရာမဆို ထိကိုင်မိသမျှ ဆပ်ပြာနဲ့ ရေ သုံးပြီး ဆေးကြောတာက ထိရောက်တဲ့ ကာကွယ်နည်းပါ။ မဆေးကြောတဲ့ လက်နဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေ မပွတ်သတ်မိအောင်လည်း သတိထားနေရမှာပါ။
• ရောဂါဖြစ်သူများတဲ့ အချိန်တွေမှာ နှာချေ၊ ချောင်းဆိုး ဖြစ်နေသူတွေနဲ့ ဝေးအောင်နေဖို့ လိုအပ်ပါတယ်။
• ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု ကပ်အသွင် ဆောင်လာချိန်မှာလည်း ကြက်ငှက်ကို တိုက်ရိုက်ကိုင်တွယ်တာ၊ အသားတွေ ကိုင်တွယ်ခုတ်ထစ်တာမျိုးကသာ ရောဂါကူးစက်စေနိုင်တာမို့ ဒါကို ရှောင်ပြီး အသားတွေ ကျက်အောင် ချက်စားတာကတော့ အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။
ရောဂါ ဖြစ်လာရင်လည်း ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ ဆေးဝါးအချို့ ပေါ်ပေါက်နေပြီ ဖြစ်ပြီး ရောဂါပြင်းထန်မှု နည်းပါးအောင်၊ နောက်ဆက်တွဲ ရောဂါတွေနဲ့ အသက်အန္တရာယ် ဖြစ်မှု နည်းပါးအောင် ကုသနိုင်နေပါပြီ။ ခံနိုင်ရည် နည်းပါးသူတွေနဲ့ ဆေးရုံ အရောက် နောက်ကျသူတွေမှာ အသက်အန္တရာယ် ကတော့ ရှိနေဆဲပါ။
ရာသီတုပ်ကွေး ဆိုတာကို သိရင် လုပ်သင့်တာ လုပ်ဆောင်ဖို့က လွဲပြီး အရမ်းကာရော ကြောက်မနေသင့် ပါဘူး။ အရမ်းကာရော ဂရုမစိုက်ဘဲလည်း မနေဖို့သင့် ပါဘူး။ အရေးကြီးတာက ကာကွယ်ရေးကိုလည်း ကိုယ်စီ ကိုယ်စီ ပါဝင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ။
ကိုးကား: WHO, Media centre- Influeza (Seasonal)