ဦးနှောက်ကျန်းမာရေး အတွက် ကစားသည့် ဂိမ်းများသည် ဦးနှောက်၏ ကျန်းမာရေးကို အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိပြီး၊ ဦးနှောက်ကျန်းမာရေး အတွက် ဂိမ်း ကစားမည့် အစား ဥယျာဉ်စိုက်ပျိုးခြင်း၊ အိမ် အသုံးအဆောင်များဖြင့် ပန်းချီ ဒီဇိုင်းများ ရေးဆွဲခြင်း၊ တူရိယာ တမျိုးမျိုး တီးမှုတ်ခြင်းများ ပြုလုပ်သင့်ကြောင်း ကမ္ဘာ့ဦးနှောက်ကျန်းမာရေး ကောင်စီ (Global Council on Brain Health) က အကြံပြုထားပါသည်။
ငယ်ရွယ်စဉ် အချိန်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပန်းချီ ဒီဇိုင်း၊ တူရိယာ တခုခု သင်ယူတတ်မြောက်ထားပြီး အသက်ကြီးသည့် အခါ ယင်းတို့ထဲမှ တခုခုကို လုပ်ဆောင်ခြင်း အားဖြင့် ဦးနှောက်လုပ်ဆောင်မှု ပျက်စီးခြင်း နည်းပါးစေတယ်လို့ ဆိုပါတယ်။
အင်္ဂလန် အခြေစိုက် သက်ကြီးရွယ်အိုများအား ကူညီပေးနေသော Age Uk အဖွဲ့က အသစ်အဆန်း တခုခု သင်ယူခြင်းသည် နောက်ကျလေ့ မရှိ ဟုလည်း အားပေးသည်။
နိုင်ငံတကာမှ သိပ္ပံပညာရှင်များ၊ ကျန်းမာရေး အထူးကုများ၊ ပါရဂူများ ပါဝင်သည့် ကမ္ဘာ့ဦးနှောက်ကျန်းမာရေး ကောင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဦးနှောက်ကျန်းမာရေး အတွက် ရည်ရွယ် တီထွင်ထားသည့် အွန်လိုင်း ဂိမ်းများ၊ ဉာဏ်စမ်း ပဟေဠိဂိမ်းများသည် အများထင်မြင်သကဲ့သို့ အကျိုးသက်ရောက်မှု မရှိကြောင်း၊ ဂိမ်းကစားသည့် စွမ်းရည် တိုးတက်လာစေကာမူ လူမှုဘဝနှင့် ဆက်စပ်နေသည့် နေ့စဉ်ဘ၀ လုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် အားပေး စေခြင်း မရှိဟု ဖော်ပြထားသည်။
ဆူဒိုခုဂိမ်းကစားခြင်း အားဖြင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုကို ပိုမိုကောင်းလာစေသည့် ဟူသည့် အထောက်အထား မရှိကြောင်းနှင့် ယင်းသို့ ဂိမ်းကစားမည့် အစား မိမိတို့၏ အတွေးအခေါ်နှင့် လူနေမူဘဝများကို ရင့်သန်စေသော အမူအကျင့်များနှင့် အစားထိုး ပြောင်းလဲသင့်ကြောင်း အစီအရင်ခံစာက အကြံပြုထားသည်။
ဥပမာအားဖြင့် – ထိုက်ချိကစားခြင်း၊ မိမိ၏ မျိုးရိုးစဉ်ဆက် အဆက်ဆက်ကို လေ့လာသုတေသနပြုခြင်း၊ အပျော်တမ်း ဓာတ်ပုံရိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ နည်းပညာအသစ်များကို တီထွင်ကြံဆခြင်း၊ ဆန်းသစ်တီထွင်သော စာရေးသားခြင်း၊ အနုပညာတစ်ခုခုလုပ်ဆောင်ခြင်း၊ ပရဟိတ လုပ်အားပေးခြင်းတို့ ဖြစ်ပါသည်။
Age UK အဖွဲ့မှ ထိပ်တန်းသိပ္ပံပညာရှင် တဦးဖြစ်သော ဂျိမ်း(စ်) ဂွတ်ဒ်ဝင်း (James Goodwin) က “အသက်ကြီးလာတာနဲ့ အမျှ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းတာကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး” ဟု ပြောသည်။
“ကျနော်တို့ ယနေ့ စတင်လုပ်နိုင်တဲ့ ဦးနှောက်ကျန်းမာရေးကို အကျိုးပြုမယ့် အလေ့အထ အများအပြား ရှိပါတယ်။ အဲဒီ အလေ့အထတွေဟာ အသစ် ဖြစ်ချင် ဖြစ်မယ်။ အာရုံစူးစိုက်မှု အတွက် လိုအပ်ကောင်း လိုအပ်မယ်။ ဒါမှ မဟုတ် ကျနော်တို့ နေ့စဉ် လုပ်ဆောင်နေကျ အလေ့အထများ ဖြစ်တဲ့ ဥပမာ သားသမီးမြေးမြစ်များနဲ့ ကစားခြင်း၊ ဥယျာဉ် စိုက်ပျိုးခြင်း စတာတွေ ဖြစ်ပါတယ်။ အသစ်တစုံတရာ သင်ယူခြင်းက ဘယ်အရွယ်မှ သင်သင် နောက်မကျဘူး ဆိုပေမယ့် အချိန် မဆိုင်းဘဲ မိမိတို့ ဦးနှောက်ကျန်းမာရေးကို အလေးထား ပြုစု ထိန်းသိမ်းသင့်ပါတယ်” ဟု ပြောသည်။
(www.bbc.com တွင် ဖော်ပြထားသည့် Playing brain games ‘of little benefit’, say experts ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။)