ယောဂလေ့ကျင့်ခန်းများနဲ့ ၁၇ နှစ်ကြာ ထိတွေ့ပြီးနောက် ယောဂဟာ ရိုးရိုးသာမန် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတခုမျှသာမကဘဲ ဘဝရဲ့အဓိပ္ပာယ်နဲ့ ရိုးရှင်းမှုကို ရှာဖွေနိုင်သောအရာတခုဖြစ်တယ်လို့ နန်းဆုကေဆွမ် က ယုံကြည်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ရှေ့ဆောင်ယောဂနည်းပြဆရာများအနက် တဦးဖြစ်တဲ့ သူက ယောဂကျင့်စဉ်ရဲ့ ရည်ရွယ်ချက်ကို ဆယ်စုနှစ်တခုကြာထိ လွဲမှားစွာ ယူဆခဲ့ဖူးကြောင်းဆိုပါတယ်။
ယောဂလေ့ကျင့်သူအဖြစ်နဲ့ နည်းပြဆရာဘဝ အစောပိုင်းကာလများမှာ ပိုမိုစိန်ခေါ်မှုများသော ယောဂအကွက် အသစ်အဆန်းများနောက်သို့ လိုက်ခဲ့ပြီး ထိုအကွက်ဆန်းများကပင် ယောဂ ကျင့်ဖြစ်ရန် ၎င်းကိုစတင် ဆွဲ ဆောင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဘဲလေးအကမယ် ဖြစ်ချင်ခဲ့ဖူး၍လည်း အသက် ၁၅ နှစ် အရွယ်လောက်ကတည်းက ယောဂအကွက်များကို စိတ်ဝင်စားခဲ့ခြင်းဖြစ်မယ်လို့ သူကပြောပြပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ ဖခင်ဖြစ်သူရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၂၀၀၀ပြည့်နှစ်မှာ ဇာတိမြေ ရှမ်းပြည် အရှေ့ပိုင်းကျိုင်းတုံမြို့မှ ထိုင်းနိုင်ငံသို့တိမ်းရှောင်ခဲ့ရပြီးနောက် ယောဂလေ့ကျင့်ခန်းဟာ နန်းဆုကေဆွမ်ရဲ့ဘ၀ တစိတ်တပိုင်းဖြစ်လာခဲ့ပါတယ်။
သူ လသားအရွယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိခင်သေဆုံးခဲ့ပြီးနောက် အဘွားဖြစ်သူက စောင့်ရှောက်ခဲ့ တာပါ။အသက်နှစ်ဆယ်ကျော်ကာလများမှာ ထိုင်းအားကစားဝတ်စုံအရောင်းဆိုင်တဆိုင်တွင် အလုပ်လုပ်ရင်း အလုပ် မသွားမီ နံနက်အစောပိုင်း ပန်းခြံမှာသင်တဲ့ ယောဂသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ နိုင်ငံရပ်ခြားမှာ အိမ်လွမ်းဝေဒနာညတွေကို ကျော်လွှားနိုင်ရန် သင်တန်းတခုအဖြစ် တက်ရောက်ခဲ့ခြင်းသာဖြစ်ပါတယ်။
နေ့စဉ် ၂ နာရီကြာမျှ ၆ လခန့် လေ့ကျင့်ပြီးတဲ့အခါ မျှော်မှန်းထားတာထက် ပိုပြီး ရရှိလာတဲ့ အကျိုးကျေးဇူးများက ယောဂကို ဆက်လက်လေ့လာဖို့ အားတက်စေခဲ့ပါတယ်။ ညဘက်အိပ်မပျော်ရာမှ အိပ်ပျော်လာပါတယ်။ ကြွက်သားများ ပိုမိုကျစ်လစ်လာပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပြေလည်သွားတယ်လို့ နန်းဆုကေဆွမ်က ဆိုပါတယ်။
ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာနေထိုင်စဉ်အတွင်း လေ့လာလေ့ကျင့်ခဲ့သည်များက ၂၀၀၂ ခုနှစ် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ လာတဲ့အခါ ယောဂနည်းပြအဖြစ် စတင်လုပ်ကိုင်နိုင်ရန် လမ်းပွင့်စေခဲ့ပါတယ်။
“ယောဂအကွက်ဆန်းတွေကို ကျမက စိတ်ဝင်စားတော့ နေ့တိုင်း ၆ နာရီကနေ ၈ နာရီလောက်အထိကို အဲဒီ အကွက်တွေကို ရအောင်လေ့ကျင့်ခဲ့တယ်” လို့ပြောပြီး အဲဒီလို ခက်ခဲတဲ့အကွက်များကို အောင်မြင်နိုင်မှုက သူ့ကို ယုံကြည်မှုလွန်ကဲစေခဲ့ပြီး မာနကြီးစေခဲ့တယ်လို့ ဆိုပါတယ်။
၁၂ နှစ်ကြာ အကွက်အသစ်အဆန်းများ နောက်ကို လိုက်ရင်း ၂၀၁၂ ခုနှစ်မှာ ဘ၀ အလှည့်အပြောင်းများနဲ့ ကြုံ တွေ့ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းမှာ အကြီးအကျယ်အရှုံးပေါ်ခဲ့ပြီး hypothyroidism ရောဂါခံစားရကာ တနှစ်အတွင်း ၃ ကြိမ် ခွဲစိတ် ကုသခဲ့ရပါတယ်။
ထိုဖြစ်ရပ်များက ယောဂကျင့်စဉ်အပေါ် သူ့ယုံကြည်ချက်နှင့်ချဉ်းကပ်ပုံတို့ ပြောင်းလဲသွားစေခဲ့ပါတယ်။
“အချိန်တွေ ဒီလောက်တောင်ပေးခဲ့ပြီးမှ အစွဲတခုအနေနဲ့တောင်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဘဝအတွက် ဘာမှ အထောက်အကူမဖြစ်ဘူး။ ကျမမှားနေပြီဆိုတာ ကျမသိလာရတယ်” လို့ ယောဂ အပေါ် မှားယွင်းခဲ့တဲ့အစွဲကို ပြောပြပါတယ်။ ယောဂလေ့ကျင့်ချိန်ကို တနေ့ ၈ နာရီမှ ၃ နာရီသို့ လျှော့ချလိုက်ကာ တရားထိုင်ခြင်းကို စတင် လေ့ကျင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုတော့ ၅ နှစ်သမီးတယောက်ရဲ့ မိခင် နန်းဆုကေဆွမ်က သူ့ဘဝဟာ အသစ်ပြန်လည် မွေးဖွားလာပြီး စိတ်ဖိစီးမှုလည်း နည်းလာတယ်လို့ ပြောပါတယ်။
“အရင်က ဒါကို ကျမသဘောမပေါက်ခဲ့ဘူး။ တရားထိုင်သလိုပဲ ရုပ်နဲ့ နာမ်ကိုယောဂမှာလေ့လာနိုင်တယ်” လို့ ပြောပါတယ်။
သင်တန်းသားများကို သူမျှဝေပေးနေသော နည်းလမ်းက ယောဂအကွက်များချည်း သက်သက် မဟုတ်တော့ဘဲ ရုပ်၊နာမ် သဘောတရားများပါလာခဲ့ပါတယ်။ တခါက ခက်ခဲသော အကွက်ဆန်းများ ရအောင် သင်တန်းသားများကို ဖိအားပေးခဲ့စဉ်ကနဲ့ ကွဲပြားတဲ့ နည်းလမ်းဖြစ်ပါတယ်။
“ ကျမတို့တွေကပုံမှန်အားဖြင့်ဆိုရင် ယောဂပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ် အပြည့်အ၀ အာရုံမစိုက်ကြဘူး။ သင်တန်းချိန်အတွင်းမှာ ကျမကသင်တန်းသားတွေ စိတ်ကိုနှစ်မြှုပ်ပြီး ယောဂလုပ်ရင်း သူတို့စိတ်ထဲ၊ ခန္ဓာထဲမှာဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ခိုင်းတယ်” လို့ ဆိုပါတယ်။ အဲဒီနည်းလမ်းဟာ ဗုဒ္ဓဘာသာ အယူဝါဒ အပေါ် အခြေခံတယ်လို့ ပြောပါတယ်။
ယောဂအကွက်များကို စိတ်ဝင်စားတဲ့ အချို့သင်တန်းသားအသစ်များက အစပိုင်းတွင် သူ့ရဲ့နည်းစနစ်ကို သိပ် စိတ်မရှည်ကြကြောင်း သူကပြောပါတယ်။
“ သူတို့က အကွက်သစ်တွေကိုရဖို့ပဲ အာရုံစိုက်ချင်ကြတယ်။ ကျမက သူတို့ရဲ့နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့ အလေ့အကျင့်ကို ပေးချင်တာ။ အကွက်ကသာမေ့ရင်မေ့သွားမယ်၊ ဒါပေမယ့် အလေ့အကျင့်ကတော့မမေ့ဘူး” လို့ ပြောပါတယ်။
အလုံမြို့နယ်ရှိ သူ့ရဲ့ယောဂသင်တန်းတွင် မိန်းကလေးသင်တန်းသူ ကလေးများမှစလို့ ကြီးငယ်လတ် အရွယ်စုံ ပါဝင်ပြီး ဆေးကုနေသူများ၊ နလန်ထစများလည်းရှိပါတယ်။ သူ့ရဲ့ နည်းလမ်းများဟာ လေ့ကျင့်သူများကို အာရုံ စူးစိုက်မှု ကောင်းစေရန်၊ ဒေါသကို ထိန်းချုပ်နိုင်ရန်၊ စိတ်ဖိစီးမှုကို လျှော့ချရန်နဲ့ ၎င်းတို့ ခန္ဓာကိုယ်ကို ၎င်းတို့ ပိုမိုနားလည်ရန် အထောက်အကူပြုတယ်လို့ နန်းဆုကေဆွမ်က ပြောပါတယ်။
“ယောဂကိုပိန်အောင်၊ လှအောင်လုပ်ပေးတဲ့ လေ့ကျင့်ခန်းအနေနဲ့ ကျမမကြော်ငြာတော့ဘူး။ ကိုယ့်လေ့ကျင့်မှုကြောင့် ကိုယ့်အတွက် ဘာတွေပြောင်းလဲလာတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ အရင်ထက်ပိုပြီး အိပ်ပျော်ရင် ပျော်လာမယ်။ သွေးလည်ပတ်မှု ပိုကောင်းရင်ကောင်းလာမယ်။ စိတ်ဖိစီးမှုတွေ၊ ဒေါသတွေကို ထိန်းချုပ်တာမျိုး ဖြစ်ရင်ဖြစ်လာမယ်။ ကိုယ့်အတွက်ပိုကောင်းလာရင်ဆက်လုပ်ပါ” လို့လည်း သူကပြောပါတယ်။
အသက် ၄၀ ရှိပြီဖြစ်တဲ့နန်းဆုကေဆွမ်က စတင်လေ့ကျင့်စဉ်က နေ့ရက်များကို ပြန်လည်သုံးသပ်ပြပါတယ်။ ယောဂလေ့ကျင့်ခန်းကို လွန်ခဲ့တဲ့ ၁၇ နှစ်ကထက် လူကြိုက်ပိုများလာတယ်လို့ ဆိုပါတယ်။ “အရင်က မြို့နယ် တခုမှာတောင် ယောဂသင်တန်းတခုမရှိဘူး။ အခုတော့ လမ်းတိုင်းလိုလိုမှာ ယောဂသင်တန်းတွေ ရှိနေပြီ” လို့ ဆိုပါတယ်။ ထိုသို့ များပြားလာခြင်းမှာ ယနေ့ခေတ်တွင် စိတ်ဖိစီးမှုကို လျှော့ချနိုင်သော နည်းလမ်းများကို လူအများ က ရှာဖွေနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“ယောဂဆိုတာကျမအတွက်တော့ ဘာပဲလုပ်လုပ် အထောက်အကူဖြစ်နိုင်မယ့် အလေ့အကျင့် တခုပါ” လို့ ဆိုတဲ့ သူ့ရဲ့ မျက်ဝန်းက ယောဂကျင့်စဉ်အပေါ် ယုံကြည်မှု အပြည့်ရှိနေကြောင်း ပြသနေပါတယ်။