ကျနော်တို့ ဦးနှောက်မှတ်ဉာဏ်အပိုင်းမှာ Short Term Memory(မှတ်ဉာဏ်တို)နဲ့ Long Term Memory(မှတ်ဉာဏ်ရှည်) ဆိုပြီး နှစ်ပိုင်း ခွဲနိုင်တာ တွေ့နိုင်ပါတယ်။
ဒီနေရာမှာ လေ့လာစမ်းသပ်သူတွေရဲ့အဆိုအရ မှတ်ဉာဏ်တို စွမ်းရည်ဆိုတာ ခဏတာ အချိန်တို အတွင်းမှာ မှတ်သား စရာတွေကို မှတ်သားထားနိုင်ခြင်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ အဆိုပါ မှတ်ဉာဏ်တိုမှာ မှတ်သားထားသမျှဟာ ပြန်လည် မေ့ပျောက်သွားတာမျိုးပါ။
ဒါပေမယ့် မှတ်ဉာဏ်ရှည်ကတော့ အမြဲတမ်း မမေ့လျော့အောင် မှတ်သားထားနိုင်တာမျိုး ဖြစ်ပြီးမှတ်သားထားဖို့ရာလည်း လေ့ကျင့် မှတ်သား စွဲမြဲအောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
အခုတော့ ဆယ်တန်းစာမေးပွဲလည်း နီးလာတဲ့ အချိန်နဲ့ အတူ မှတ်ဉာဏ်တို စွမ်းရည် ဘယ်လို ကောင်းမွန်အောင် လုပ် ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။ ဒါပေမယ့် ဆယ်တန်းစာမေးပွဲဖြေဆိုမယ့် ကလေးတွေ အပြင် မှတ်ဉာဏ်တို စွမ်းရည်ကျဆင်းနေတဲ့၊ မေ့လျော့တတ်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်မှာပါ။
အရင်ဆုံး မှတ်ဉာဏ်တို အကြောင်းကို သဘောတရား နည်းနည်းလောက် ပြောပြချင်ပါတယ်။
မှတ်ဉာဏ်တို ဟူသည် ပမာဏ အနည်းငယ်သော အချက်အလက်ကို အချိန် ခဏတာပဲ မှတ်သားထားနိုင်ခြင်းကို ဆို လိုပါတယ်။
မှတ်ဉာဏ်တိုမှာ မှတ်သားထားသမျှဟာ နောက်ထပ် အားစိုက်မှတ်သားမှု မရှိဘူးဆိုရင် အချိန် ခဏတာ အတွင်းမှာ မေ့ လျော့သွားမှာ ဖြစ်ပြီး မှတ်ဉာဏ်ရှည် မှတ်သားမှုထဲကို မရောက်တော့ပါဘူး။ ဟုတ်ပါပြီ။ ဒါက မှတ်ဉာဏ်တိုရဲ့ သဘော တရားပါ။
ဆက်ပြီးတော့ ဘာကြောင့် မှတ်ဉာဏ်တို မှတ်သားနိုင်မှု လျော့ကျ အားနည်းစေနိုင်တာလည်း ကြည့်ရအောင်ပါ။
မှတ်ဉာဏ်တို အားနည်းမှု ဆိုတာ ဥပမာ သင် ရုံးတက်ဖို့ အိမ်က ထွက်လာခဲ့တယ်၊ မနက်စာ စားတယ်၊ ပြီးတော့ သင့်ရဲ့ ရုံး ခန်းသွားဖို့ ပြင်ဆင်ချိန် သင့် ရုံးခန်းသော့ ဘယ်မှာထားမိခဲ့တာလဲ မေ့လျော့သွားတာမျိုးပါ။
ဒီလိုမျိုး အခြေအနေကတော့ သင့်ရဲ့ မှတ်ဉာဏ်တို စွမ်းရည် အထူးကျင်ဆင်းနေပြီ ဆိုတာ သိသာနိုင်စေမယ့် ဥပမာပါ။ ပုံမှန်ထက် မှတ်ဉာဏ်တို ကျဆင်းမှုတွေကတော့ ချိန်းဆိုထားတာမေ့လျော့တာမျိုးတွေ၊ ရုံးသွား၊ ဈေးသွားချိန်တွေ ယူ ဆောင်၊ ဝယ်ယူဖို့ မေ့ကျန်ခဲ့တာမျိုးတွေ ဖြစ်ပါတယ်။
အရင်ဆုံး မှတ်ဉာဏ်တို စွမ်းရည် ကျဆင်းစေနိုင်တဲ့ အဓိက အချက်တွေကို ကြည့်ရအောင်ပါ။
အရက်အလွန်အကျွံသောက်သုံးမှုကြောင့်၊ ဦးနှောက် အမြှေးရောင်ရောဂါ အစပြုခြင်းကြောင့်၊ အစာအဆိပ်သင့်မှုကြောင့်၊ အာ ရုံကြော အားနည်းမှုကြောင့်၊ အာရုံကြောဆိုင်ရာ ဆက်စပ် ရောဂါတစ်ခုခုကြောင့်၊ အဝလွန်မှုကြောင့်၊ စိတ်ဖိစီးမှု များ ပြား ခြင်းကြောင့်၊ စိတ်ဓာတ်ကျခြင်းကြောင့်၊ မူးယစ်ဆေး စွဲလမ်းမှုကြောင့်၊ ဦးခေါင်း ထိခိုက်ဒဏ်ရာများကြောင့်၊ AIDS ရော ဂါ ကူးစက်ခံရမှုကြောင့်၊ စိတ်ခံစားမှု များပြားခြင်းကြောင့်၊ အဖျားအနာ မကင်းခြင်း(ချူချာခြင်း)ကြောင့်၊ အိပ်စက်ချိန် နည်း ခြင်းကြောင့်၊ ဆေးလိပ်သောက်သုံးခြင်းကြောင့်၊ ဆစ်ဖလစ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့်၊ ဗိုက်တာမင် B12 ချို့ တဲ့ခြင်း ကြောင့် မှတ်ဉာဏ်တို စွမ်းရည်ကျဆင်းစေနိုင်ပါတယ်။
ဒီအချက်တွေနဲ့ မှတ်ဉာဏ်တို စွမ်းရည်ကျဆင်းခြင်းဟာ တိုက်ရိုက်အနေနဲ့ရော သွယ်ဝိုက်အနေနဲ့ပါ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။
ကောင်းပါပြီ၊ အထက်မှာ ပြောခဲ့တဲ့ မှတ်ဉာဏ်စွမ်းရည် ကျဆင်းစေတဲ့ အချက်တွေ သင့်မှာ ရှိနေပြီ ဆိုရင်တော့ ပြင်ဆင်ဖို့ လိုအပ်သလို လက်ရှိ ကျဆင်းနေပြီ ဖြစ်တဲ့ မှတ်ဉာဏ်တို စွမ်းရည်ကို ပြန်လည် မြင့််တက်လာအောင် လုပ်ဆောင်ဖို့ အတွက် ရော နည်းလမ်းတွေ ဆက်ပြောချင်ပါတယ်။
အလွယ်ဆုံး မှတ်ဉာဏ်တို စွမ်းရည် ကျဆင်းမှုနဲ့ အတူ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းတဲ့ နည်း လမ်းက သင့်ရဲ့လုပ်ဆောင်စရာ မှန်သမျှကိုမှတ်စုရေးပြီး ကိုယ်နဲ့ မကွာထားရှိ ကြည့်ရှု လုပ်ဆောင်တာ အကောင်းဆုံးပါ၊ ဒါက လက်ရှိ မှတ်ဉာဏ်တို စွမ်းရည်ကျဆင်းမှု (မေ့လျော့ခြင်း)ကို ဖြေရှင်းနိုင်ပါတယ်။
ဒါပေမယ့် မှတ်ဉာဏ်တို စွမ်းရည် ပြန်တက်လာအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ မှတ်ဉာဏ်တို ပြန်ကောင်းလာဖို့ကိုတော့ ဦးနှောက်ပြန်ပြီး လေ့ကျင့်မှတ်သားပေးရမယ်၊ မှတ်သားနည်းစနစ်တွေ အကူညီ ရယူရမယ်၊ မှတ်သားနိုင်မှု အထောက် အကူပြု အကူပစ္စည်းတွေ သုံးရမှာပါ။ ဒီအချက် သုံးချက်ကို ပြန်ရှင်းပြပါမယ်။
အရင်ဆုံး ဦးနှောက်ကို ပြန်ပြီး အလေ့အကျင့် လုပ်ပေးရမှာပါ။ ပြေးနေကျ လူတယောက်ဟာ အကွာအဝေး တခုထိ ပြေးပြီး သည့်တိုင်အောင် မမောမပန်းရခြင်းက အလေ့အကျင့်ရှိနေလို့ပါ။ အမောဒဏ်ကို ခံနိုင်နေတဲ့ သဘောပါ။ ဒီလိုပဲ သင့်ရဲ့ဦး နှောက်ကိုလည်း ဒီအတိုင်းထားရင် စွမ်းရည် ကျဆင်းစေတတ်ပါတယ်။ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အခုလို မှတ်ဉာဏ်တို စွမ်းရည် ကျဆင်းနေပြီ ဆိုရင် ပိုပြီး လေ့ကျင့်ပေးရပါမယ်။ ဘယ်လို လေ့ကျင့်ရမှာပါလဲ။
ခုလို မေးခွန်းလေးတွေ ဖြေမယ်၊ ပဟေဠိတွေ ဖြေဆိုမယ်၊ စာဖတ်မယ်၊ ပြန်တွေးမယ်၊ ပြန်ရေးမယ်၊ စကားလုံး အသစ်၊ ဘာ သာစကားသစ် တခုခုကို အနည်းနဲ့အများ လေ့လာနိုင်သလောက် လေ့လာမယ်ဆိုရင် သင့်ဦးနှောက်ကို လေ့ကျင့်ပေးနေတာနဲ့ အတူတူပါပဲ။ နောက်ပြီး ဦးနှောက်လန်းဆန်းစေမယ့် အဓိကအချက် ဖြစ်တဲ့ ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းအောင် လည်း အပြေးလေ့ကျင့်မှု၊ လမ်းလျှောက်မှု၊ အားကစားတခုခု အမြဲလုပ်ဆောင်မှု စတဲ့ ကိုယ်ခန္ဓာ လေ့ကျင့်ခန်း တခုခု အမြဲ လုပ် ပေးပါ။ Lumosity လို Online ကနေ လေ့လာကစားနိုင်တဲ့ Game မျိုးကို ကစားပါ။ ဒါဟာ သင့်ရဲ့ဦးနှောက်ကို လေ့ကျင့် ပေးခြင်း ဖြစ်ပါတယ်။
ဒုတိယတချက် မှတ်ဉာဏ်တို စွမ်းရည် တိုးတက်စေနိုင်မယ့် မှတ်သား နည်းစနစ် အကူအညီတွေ ရယူပါမယ်။ ဆိုလိုရင်းက မှတ်သားပုံတွေ ဖြစ်ပါတယ်။
အဓိက အနေနဲ့ နှစ်ချက်ပဲ ရှိပါတယ်။ ပထမတချက်က ခွဲခြား မှတ်သားနည်းပါ။ ဥပမာ ဖုန်းနံပါတ်တခု 091093427983ကို မှတ်သားတဲ့ နေရာမှာ တဆက်တည်း မမှတ်ပါနဲ့၊ အကောင်းဆုံး မှတ်သားနည်းက သုံးလုံး တဖြတ် မှတ်နည်းပါ။ 091-093-427-983ဆိုပြီး မှတ်သားနိုင်ပါတယ်။
တကယ်လို့ နောက်ဆုံး တဖြတ်မှာ စာလုံး၊ ဂဏန်း သုံးလုံးထက် ပိုနေရင်လည်း တဆက်တည်း မှတ်သားပါ၊ ဥပမာ 091-093-427-9835ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါက ခွဲခြား မှတ်သားနည်းပါ။
နောက်တချက်က နည်းပညာပစ္စည်း အကူအညီနဲ့ သတိပေးစေတဲ့ အချက်ပါ။ အရင်က ဆိုရင် ကျနော်တို့မှာ နှိုးစက် နာရီ လောက်ပဲ ရှိခဲ့ပါတယ်။ အခုတော့ Smartphone တွေမှာ ကိုယ့်ရဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို အချက်ပေးစေနိုင်ပါပြီ၊ အချိန်တိုင်း၊ နာရီတိုင်း သင့်အနီးမှာ ဖုန်းရှိနေရုံနဲ့ လုပ်ဆောင်စရာတွေကို မှတ်သားထားပြီး အချက်ပေးနေပါလိမ့်မယ်။ အ ချိန်ကြာလာရင် သူ့ အလိုလို ကျင့်သားရသလို မှတ်ဉာဏ်တို စွမ်းရည်လည်း ပိုမို ကောင်းမွန်လာနိုင်တာ တွေ့ရပါတယ်။
ကျနော်တို့ နောက်ဆုံး မှတ်ဉာဏ်တိုစွမ်းရည် ပြန်လည် ကောင်းမွန်စေနိုင်ဖို့အတွက် ရယူ အသုံးပြုရမယ့် ကျန်းမာရေးဆိုင် ရာ အထောက်အကူ ပစ္စည်းတွေကို ကြည့်ရအောင်ပါ။ တခါတလေမှာ သင့်ရဲ့အစာ စားသုံးမှုပုံစံ မှားယွင်းမှုက သင့်ရဲ့မှတ် ဉာဏ်စွမ်းရည် ကျဆင်းစေတတ်ပါတယ်။
ဆေးပညာရှင်တွေကတော့ အစားအစာ အများအပြားစားသုံးခြင်းထက် လိုအပ်တဲ့ ဗိုက်တာမင် ဟန်ချက်ညီအောင် စားသုံး ခြင်းက ပိုမို ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။
အကြောင်းကတော့ ခန္ဓာကိုယ် လည်ပတ်သွားလာနိုင်ဖို့အတွက်တင် မဟုတ်ဘဲ ဦးနှောက် ပုံမှန် အလုပ်လုပ်ဖို့ အတွက်ပါ ဗိုက်တာမင်လိုအပ်တာကြောင့် ဖြစ်ပါတယ်။
နောက်ဆုံး တွ့ရှိထားတဲ့ လေ့လာစမ်းသပ်ချက်တွေအရ ဦးနှောက်ရဲ့မှတ်ဉာဏ်အတွက် အဓိက လိုအပ်တဲ့ ဗိုက်တာမင် တွေကတော့ ဗိုက်တာမင် B, C, E နဲ့ Omega-3 fatty acidsတွေပဲ ဖြစ်ပါတယ်။
အဆိုပါ ဗိုက်တာမင်ဓာတ် ပါရှိတဲ့ ဆေး၊ အစားအစာတွေကို ဦးနှောက် မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်ဖို့ လုံလောက်အောင် စားသုံးပေးသင့်တာ ဖြစ်ပါတယ်။
Ref: www.improve-memory-skills.com