နနွင်း (ဆနွင်း)
နနွင်း သို့မဟုတ် ဆနွင်း (Turmeric) ကို သိပ္ပံပညာရှင်များက အံ့သြစရာ နတ်ဆေးပမာ ဟင်းခတ် အမွှေးအကြိုင် လို့တောင် ခေါ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နနွင်းဟာ ကျန်းမာအတွက် အထောက်အကူ ပြုတာတွေက အစာ မကြေ ပျို့အန်ခြင်းနဲ့ အစာအိမ် လေပွခြင်း တို့ကို ပျောက်ကင်းစေခြင်း စသည်ဖြင့် ပြောလို့ မဆုံးအောင် များလို့ပါပဲ။
၂၀၁၄ ခုနှစ်က လေ့လာမှုတခု အရ ဦးနှောက် ကျန်းမာရေး အတွက် ဦးနှောက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အစိတ်အပိုင်းတွေ ကို နနွင်းက ပြန်လည် အစားထိုး ပြုပြင်ပေး ပါတယ်။ ဒါအပြင် အာရုံကြောများကိုလည်း ပြန်လည် စုစည်းပေးနိုင်ပါတယ်။ နောက် လေ့လာမှု တခုကျတော့ အစာချေလမ်းကြောင်းမှာ အဆိပ်အတောက်ကို အထူးနိုင်နင်းပါ သတဲ့။ ထမင်းစားပြီးတိုင်း နနွင်းမှုန့် တဇွန်းစားပေးခြင်းဖြင့် ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဖြည့်တင်း ပေးနိုင်တယ် လို့ ဆိုပါတယ်။
အုန်းဆီ
အုန်းဆီကို ဆံပင်၊ သွား၊ အရေပြားတို့အပြင် အိမ်အသုံးအဆောင်ပစ္စည်း တချို့ အရောင်တင်တဲ့ နေရာတွေမှာပါ အသုံးပြုနိုင် ပါတယ်။ ဒါအပြင် အုန်းဆီဟာ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီ အတွက် ဦးနှောက် အာဟာရဖြစ်စေမယ့် အစားအစာတွေ စာရင်းထဲမှာ အုန်းဆီကိုပါ ထည့်သွင်းနိုင်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ ဓာတုပစ္စည်း အချို့ဟာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားခြင်းမှ အကာအကွယ် ပေးပါတယ်။ အာရုံကြောဆိုင်ရာ ပါရဂူ ဒေါက်တာ ပါးလ်မတ်တာ ရဲ့ အဆိုအရ ဘီတာအေမီ ရွိုက်ပလိပ်ကို အုန်းဆီက ထုတ်လုပ်ပေးတဲ့ အတွက် အယ်လ်ဇိုင်းမား ရောဂါ ကုသရာမှာ ထိရောက်စေတယ် လို့ဆိုပါတယ်။ MCTs (medium chain triglycerides) ဆိုတာလည်း အုန်းဆီမှာ ပါဝင်တဲ့ အတွက် မှတ်ဉာဏ် စွမ်းအားကို သိသိသာသာ တိုးတက်စေပါသတဲ့။
ပင်လယ်ရေညှိရေမှော်များ
အခုခေတ်မှာ ရေပန်းစားနေတဲ့ ပင်လယ်ထွက် ဆူရှီဟာ ဦးနှောက်ကို အာဟာရ ဖြစ်စေပါတယ်။ ဆူရှီနဲ့ တခြား ပင်လယ် ရေမှော်လေးတွေ မှာလည်း ဗီတာမင် ဘီ 12 ပါဝင်တဲ့ အတွက် ဦးနှောက်အတွက် မရှိမဖြစ် အာဟာရဓာတ် တမျိုးကို ဆူရှီ စားရင် ရရှိနိုင်ပါတယ်။ ဒါအပြင် ပင်လယ်ရေအောက်ကနေ ရတဲ့ အပင်ငယ်လေးတွေမှာ အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုင်အိုဒင်းဓာတ်ဟာ မှတ်ဉာဏ်စွမ်းအား IQ ကို မြင့်တက်လာစေပါတယ်။ ပင်လယ်ရေမှော်တမျိုးဖြစ်တဲ့ Nori ဟာလည်း တော်ရင်းဓာတ်နဲ့ အမိုင်နိုအက်ဆစ် ပါဝင်တဲ့ အတွက် ဦးနှောက် သွေးအားကောင်းစေတဲ့ စိတ်ကြည်လင် လန်းဆန်း စေပြီး ပျော်ရွှင်စေပါတယ်။
ကိုက်လန်
ကိုက်လန် (Kale) မှာ အန်တီအောက်ဆီးဒင့် ခေါ် အဆိပ်အတောက်ကို ပြေစေတဲ့ ဖယ်ရှားပေးနိုင်တဲ့ ဘီတာကယ်ရိုတင်း၊ ဖလေဗာနွိုက်၊ ပိုလီဖီနော စတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ကိုက်လန်ကို ထုချေပြီး ရလာတဲ့သတ္တုရည်မှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာလည်း တွေ့ရပါတယ်။ နောက်ပြီး ဗီတာမင်ဘီဓာတ်လည်း ထုတ်လုပ်ပေးတဲ့ အတွက် ကိုက်လန် စားသုံးခြင်းဖြင့် မှတ်ဉာဏ်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဦးနှောက်ကို နုပျိုလန်းဆန်းစေပြီး ကျန်းမာရေး အထောက်အကူ ပြုပါတယ်။ ဒါအပြင် အယ်လ်ဇိုင်းမား ရောဂါကိုလည်း တားဆီးနိုင်စွမ်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာချက် အရ ကိုက်လန်မှာ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၆ နဲ့ ဘီ ၁၂ တို့ပါဝင်တဲ့အတွက် ဦးနှောက်ကျုံ့ဝင်ခြင်းကို လျော့ကျစေတဲ့ အပြင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။ အယ်လ်ဇိုင်းမား ရောဂါ ကာကွယ်ကုသရေးမှာလည်း ကိုက်လန်က ရတဲ့ အာဟာရဓာတ်ဟာ အဖိုးတန်ပါတယ်။
သကြားမုန်လာ
သကြားမုန်လာ (Beets) မှာ အစာချေဖျက်ပေးတဲ့ နိုက်ထရိတ်ဓာတ် ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်က သွေးကြောများ ပွင့်စေပြီး သွေးအား ကောင်းစေပါတယ်။ ဒါအပြင် သွေးလှည့်ပတ်မှုမှာ လိုအပ်တဲ့အောက်ဆီဂျင် ကိုလည်း ဖြည့်စွက်ပေးပါတယ်။ ဦးနှောက် သွေးလှည့်ပတ်မှုကိုလည်း သကြားမုန်လာက အထောက်အကူ ပြုပါတယ်။ မကြာသေးမီက လေ့လာချက်အရ မုန်လာဥနီ အရည်သောက်သုံးပေးခြင်းဟာ သွေးတိုးရောဂါ သက်သာစေပါတယ်။ ဦးနှောက်ကို အထောက်အကူပြုတဲ့ အစားအသောက်တွေထဲမှာ မုန်လာဥနီကို ချန်ထားလို့မရပါဘူး။
သံလွင်ဆီ
မြေထဲပင်လယ် ဒေသ အစားအသောက်တွေ ဟာလည်း ကျန်းမာရေး အတွက် ထိရောက်စွာ အကျိုးပြုနိုင်ပါတယ်။ မကြာသေးမီက လေ့လာချက်များ အရ သံလွင်ဆီကို အစားအသောက်တွေထဲမှာ ထည့်သွင်း ချက်ပြုတ် စားသောက်ရင် မှတ်ဉာဏ် ကောင်းစေပြီး သင်ယူမှု စွမ်းရည်မြင့်မားလာစေတယ် လို့ ဆိုပါတယ်။ သံလွင်ဆီဟာလည်း အယ်လ်ဇိုင်းမား ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။ ၂၀၁၃ ခုနှစ်လေ့လာချက် တခု အရ သံလွင်ဆီမှာ ပိုလီဖီနောပါဝင်တဲ့ အတွက် ဦးနှောက် အာရုံကြော (နာ့ဗ်ကြော) တွေကို သန်စွမ်းလာစေပြီး ဦးနှောက်ဆဲလ်တွေကို အာဟာရပြု ပေးပါတယ်။ ဒါကြောင့် ဦးနှောက် အာဟာရပြည့်ဝစေချင်ရင် ချက်ပြုတ်စားသောက်ရာမှာ သံလွင်ဆီကို မမေ့ပါနဲ့လို့ ဆိုပါရစေ။
အရိုးစွပ်ပြုတ်
ဆိတ်ရိုး၊ ဝက်ရိုး၊ ကြက်ရိုး စတဲ့ အရိုးစွပ်ပြုတ် တွေကလည်း ဦးနှောက်ကို အကျိုးပြုတဲ့ အစားအသောက်တွေ ပါ။ ကော်လေဂျင် ဓာတ်ပြည့်ဝတဲ့ အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းရာခိုင်နှုန်း ၃၀ အထိ ဖြည့်တင်းပေး နိုင်ပါတယ်။ အရိုးစွပ်ပြုတ်တွေမှာ အန်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပြီးတော့ ဂေါက်ရောဂါကို တားဆီးပေးနိုင်ပါတယ်။ ဦးနှောက်အတွက် လိုအပ်တဲ့ဓာတ်တွေဟာလည်း အရိုးစွပ်ပြုတ်ထဲမှာ ပါဝင်ပါတယ်။
Ref: www.rd.com
ဆက်စပ်ဖတ်ရှုရန် – ဦးနှောက်ကို ထက်မြက်စေတဲ့ အစားအသောက်များ (အပိုင်း -၁)