Health

ဆောင်းတွင်းမှာ တရက်ကို ရေဘယ်လောက် သောက်သင့်သလဲ

Want create site? Find Free WordPress Themes and plugins.

ဆောင်းဝင်လာပါပြီ။ အအေးဓာတ်များလာပြီး အပူချိန် ကျလာပြီ။ အပူချိန် ကျလာမှုနဲ့ ပတ်ဝန်းကျင် စိုထိုင်းမှုလည်း လျော့လာပါ တယ်။ ဆိုလိုတာကတော့ ရေငွေ့ပျံနှုန်း လျော့နည်းလာတာပါ။ ပတ်ဝန်းကျင်က ရေငွေ့တင် မဟုတ်ပဲ ကိုယ်ခန္ဓာကိုယ် က ချွေးထွက်တာလည်း လျော့နည်းလာတယ်၊ ဒါလည်း ကိုယ်ခန္ဓာ ရေငွေ့ပျံခြင်း လျော့နည်းလာတာပါပဲ။ အေးလာလို့၊ ချွေးထွက် နည်းလို့ လူက ရေသိပ်မဆာတော့သလို နွေမှာလိုတော့ ရေများများ သောက်ဖြစ်မှာ မဟုတ်ပါ။

နေအပူချိန် နည်းမှုက ကျနော်တို့ကို ရေသိပ်မဆာစေဘူး၊ ရေဓာတ် ၇၀ ရာခိုင်နှုန်းလောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ ခန္ဓာကိုယ်က ပြင်ပ အပူချိန် လျော့ပြီး အေးလာလို့ ကိုယ်ခန္ဓာကတော့ လိုက်ပြီး နွေးနေတယ်၊ ဒါက သဘာ၀ ဖြစ်စဉ်ပါ၊ ဒါပေမယ့် ရာသီဥတု အေးလို့ ရေသိပ်မဆာတော့ပေမယ့် ကျန်းမာရေး အတွက် ရေက အရေးပါနေပါတယ်။ ဆောင်းတွင်းမှာ နှုတ်ခမ်းတွေ ခြောက်မယ်၊ လည်ချောင်းတွေ ခြောက်မယ်၊ နှာစေးမယ်၊ ခေါင်းကိုက်ချင်မယ်၊ ဝက်ခြံတွေ ထွက်မယ်။ ဒါက ရေသောက်နည်းလို့၊ ရေဓာတ် နည်းတဲ့ လက္ခဏာနဲ့ နောက်ဆက်တွဲ ရလဒ်တွေပါ။ ဒါဆို ဆောင်းတွင်းမှာ ရာသီဥတု အေးနေလည်း ရေတော့ ပုံမှန် သောက်ပေးဖို့ လိုအပ်ပြီပေါ့လေ။

ဒီနေရာမှာ မှားတတ်တဲ့ အချက်တချက် တွေ့ရပါတယ်။ အဲဒါကတော့ တကယ်တမ်း ရေဆာတယ်၊ ဒါပေမယ့် အချိုရည်၊ အစားအစာတွေကို ရေထက် ပိုပြီး သောက်သုံး၊ စားသုံးလေ့ ရှိတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ရလဒ်ကတော့ ၀ လာစေနိုင်ပါ တယ်။ တကယ်တော့ ဆောင်းတွင်းမှာ ကိုယ်တွင်း အပူချိန် များနေလို့ ကိုယ်တွင်း အဆီကို လောင်ကျွမ်းမှု အားကောင်းစေပြီး တကယ်တမ်း ရေသာ ပြည့်ဝအောင် သောက်ပေးမယ် ဆိုရင် ကိုယ်အလေးချိန်တောင် လျှော့ချနိုင်ဖို့ အကောင်းဆုံး ရာသီ ဥတု ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ကိုယ်အပူချိန် မှန်မယ်၊ အဆိပ်အတောက် ဓာတ်ဖြစ်တည်မှု လျော့နည်းစေမယ်၊ ဇီ၀ ဖြစ်စဉ် အားလုံး ပုံမှန် ဖြစ်နေစေမှာပါ။

ဒီတော့ ဆောင်းတွင်းပိုင်း ကျနော်တို့ ရေ ဘယ်လောက် သောက်သင့်တယ် ဆိုတာ သိထားဖို့ လိုအပ်သလို လိုအပ်တဲ့ ပမာဏ အတိုင်း ရေ သောက်ပေးဖို့လည်း လိုပါတယ်။ ဒီနေရာမှာ လူတယောက်နဲ့ တယောက် အလုပ်လုပ်ချိန်၊ လုပ်ကိုင်တဲ့ အလုပ်၊ ကိုယ်အလေးချိန်၊ ကျား၊ မကွဲပြားမှု၊ အသက် အရွယ်တွေ အပေါ်ကို မူတည်ပြီးတော့ ရေဘယ်လောက် သောက်ရမယ် ဆိုတာလည်း ကွဲပြားမှု ရှိပါတယ်။ ဒီတော့ အဲဒီ အချက်တွေ အပေါ်ကို မူတည်ပြီးတော့ ဆောင်းတွင်း ရေဘယ်လောက် သောက်ရမယ် ဆိုတာ ပြောပြချင်ပါတယ်။

အမျိုးသားတွေ အတွက် သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေ၊ လှုပ်ရှားမှု ပုံမှန် အနေအထားသမားတွေက တရက်ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက် သောက်ပေးပါ၊ လေ့ကျင့်းခန်း လုပ်သူ၊ အားကစားလုပ်သူ၊ အလုပ်ပင်ပန်းသူတွေကတော့ ရေ ၁၀ ခွက်ကနေ ၁၄ ခွက်အထိ သောက်ပေးသင့်ပါတယ်။ အမျိုးသမီးတွေ အတွက်ကတော့ ပုံမှန် လှုပ်ရှားမှုလောက်ပဲ ရှိတယ် ဆိုရင် တရက်ကို ရေ ၆ ခွက်ကနေ ၈ ခွက်၊ လေ့ကျင့်ခန်းလုပ်တယ်၊ အလုပ်ပင်ပန်းတယ် ဆိုရင်တော့ တရက်ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်၊ နို့တိုက်မိခင်တွေ ဆိုရင် ရေ ၇ ခွက်ကနေ ၁၀ ခွက် အထိ ပုံမှန် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ရေ ၁ ခွက်ဟာ တလီတာရဲ့ လေးချိုး တချိုး ဖြစ်ပြီး ၄ ခွက်ကို တလီတာလို့ မှတ်ထားပေးပါ။

ဒီနေရာမှာ သင့် အနေနဲ့ ဆောင်းတွင်း အရမ်းအေးလို့ ရေအေးကို သောက်ရတယ်၊ ရေအရမ်း မသောက်ချင်ဘူး ဆိုရင် ဖြည့်စွက် အနေနဲ့ ရေဓာတ် ဖြည့်တင်းစာတွေ စားပေးနိုင်ပါတယ်။ ရေဓာတ်ဖြည့်တင်းစာ အနေနဲ့ အသီးအရွက်တွေ များများ စားပေးပါ၊ သတ္တုဓာတ်ရော ဗီတာမင်ပါ ပြည့်၀ ရရှိစေပါတယ်။ ဖရဲသီး၊ ပန်းသီး၊ သစ်တော်သီး၊ ဘယ်ရီသီးတွေက ရေဓာတ်ဖြည့်တင်းစာ အကောင်းတွေ ဖြစ်ပါတယ်။

ပြီးတော့ ရာသီ ဥတု အေးရင် အမျိုးသားတွေက အရက်ပိုသောက်တတ်တဲ့ အလေ့ ရှိပါတယ်။ ဒီနေရာမှာ အခြား ရာသီ ဥတုတွေမှာ ရေနဲ့ အရက်နဲ့ ဘယ်လိုပဲ ရောစပ် သောက်သည် ဖြစ်စေ၊ ဆောင်းတွင်းမှာတော့ အရက် တခွက်သောက်တိုင်း ဆတူ ရေတခွက် ပြန်သောက်ပေးဖို့၊ ဒါမှမဟုတ် ဆတူ အနည်းဆုံး အချိုးအဆ ရောစပ်သောက်သုံးဖို့ မမေ့ပါနဲ့။

ရေကို သောက်ရတာ များလွန်းတယ် ထင်ရင် နောက်ထပ် ပြောင်းလဲပုံစံ အနေနဲ့ စားသုံးနိုင်တာက စွပ်ပြုတ်ပါ၊ အသားစွပ်ပြုတ် လို ဟင်းချိုရည်တွေကို သောက်ပေးနိုင်ပါတယ်။ အသီးအရွက် ဟင်းချိုလည်း ကောင်းပါတယ်။ ဆောင်းတွင်းမှာ ရေများများ သောက်ပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်း၊ ဆီးနဲ့ ကျောက်ကပ်ရောဂါ ဖြစ်ခြင်း၊ အပူအောင်းပြီး မျက်စိနာခြင်း၊ မျက်ချေးထွက်ခြင်း၊ ဝက်ခြံထွက်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ။

Ref: www.filterbutler.com

Did you find apk for android? You can find new Free Android Games and apps.
Loading