ဗီတာမင်တွေ သတ္တုဓာတ်က လူ့ခန္ဓာကိုယ် အတွက် မဖြစ် အနေ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုပြီး ပြည့်ဝနေမှ ကိုယ်လည်း ကျန်းမာ၊ စိတ်လည်း ကြည်လင်မှာ ဖြစ်သလို သားသည်မိခင် ဆိုရင်လည်း ကလေးငယ် အတွက် နို့ချိုမှန်မှန် ကောင်းမွန်အောင် ထွက်ရှိနေမှာ ဖြစ်ပါတယ်။ တခြား ဗီတာမင်တွေ သတ္တုဓာတ်တွေ မဖြည့်သွင်းရင်နေပါစေ အခု ပြောမယ့် အခြေခံ ဗီတာမင်နဲ့ သတ္တုဓာတ် ၆ မျိုးကိုတော့ အမျိုးသမီးတိုင်း နေ့စဉ် မဖြစ်အနေ ပြည့်ဝအောင် စားသုံး ပေးသင့်တဲ့ အကြောင်း တင်ပြလိုက်ပါတယ်။
ဗီတာမင် အေ ။ ။ အာရုံခံစနစ် အတွက်မှာ အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အကေင်းဆုံး အဟန့်အတား ဖြစ်စေတဲ့ ဓာတ်ပါ။ ဒီတော့ အာရုံကြော အားကောင်းလာစေတယ်၊ အမြင်ပိုင်း အားကောင်းစေတယ်၊ နှလုံးရောဂါ ဖြစ်နိုင်ချေနည်းစေတယ်၊ အရေပြား လျော့လျဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဂရုပြုစရာ တစ်ခု ရှိတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် အေထက် ပိုပြီး စားသုံးရင်တော့ အဆိပ်အတောက် သဘော ဆောင်စေ၊ ဖြစ်စေနိုင်တယ်လို့ The Vitamin D Solutionအမည်နဲ့ ဆောင်းပါးမှာ စာရေးသူ ဒေါက်တာ Michael Holickက ရေးသားထားပါတယ်။ သင့်တင့်ရုံပဲ စားပေးရင် ရပါတယ်။ နိုင်ငံတကာ စနစ် (International Unit)နဲ့ ပြောမယ် ဆိုရင် တစ်ရက်ကို ဗီတာမင် အေ ၂၃၀၀ IUလောက် စားပေးရင် ရပါတယ်။ အစားအစာထဲက မစားဖြစ်ရင်လည်း ဗီတာမင် အေ အားဖြည့်ဆေး စားပေးနိုင်ပါတယ်။
ဗီတာမင် ဘီ ။ ။ ဗီတာမင် ဘီ အမျိုးအစားပေါင်း ၈ မျိုး ရှိပါတယ်။ ဒီဓာတ်တွေက ဇီ၀ ဖြစ်စဉ်တွေကို ပုံမှန် လည်ပတ်အောင် အားပေးတယ်၊ ကြွက်သားတွေ သန်မာစေတယ်၊ စိတ်ကိုလည်း လန်းဆန်းစေတာ တွေ့ရပါတယ်။ မိန်း (Maine) တက္ကသိုလ်က ပါမောက္ခ Mary Ellen Camire ကတော့ B9 လို ဓာတ်က အမျိုးသမီးငယ်တွေ အတွက် ပိုပြီး လိုအပ်တယ်၊ သွေးနီဥ အားကောင်း စေတယ်၊ ကင်ဆာနဲ့ မွေးရာပါ ရောဂါဖြစ်စေနိုင်မှု နှုန်းတွေကို အကောင်းဆုံး လျော့ကျစေနိုင်တယ် လို့ ဆိုပါတယ်။ တရက်ကို ဗီတာမင် ဘီ ၄၀၀ မိုက်ခရိုဂရမ် (micrograms) လိုအပ်ပါတယ်။ ကိုယ်ဝန်အောင် အမျိုးသမီးတွေကတော့ ၆၀၀ မိုက်ခရိုဂရမ်ထိ စားသုံးပေးသင့်ပါတယ်။
ဗီတာမင် စီ ။ ။ သူလည်း အာရုံကြော အတွင်း အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အားမပေးဘူး၊ ဒီတော့ အာရုံကြောတွေ အားကောင်းစေတယ်၊ နှလုံးရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တယ်။ အသက်ကြီးချိန် မျက်လုံးနဲ့ ပတ်သတ်တဲ့ ဝေဝါး အားနည်းခြင်း တွေကို ကာကွယ်ပေးတယ်။ အသက်ရှုသွင်းနိုင်မှုကို အားကောင်းစေတယ်၊ ကိုယ်ခန္ဓာကိုယ် ကျန်းမာသန်စွမ်း စေတာ တွေ့ရပါတယ်။ တရက်ကို ဗီတာမင် စီ ၇၅ မီလီဂရမ် (milligrams) ပုံမှန် စားပေးသင့်ပါတယ်။
ဗီတာမင် ဒီ ။ ။ နောက်ပိုင်းမှာ သိလာရတဲ့ ဆေးပညာတွေ အရ မိန်းမသားတွေမှာ ဗီတာမင် ဒီ ပြည့်ဝနေရင် ရင်သား ကင်ဆာ ဖြစ်နိင်ခြေ ရာခိုင်နှုန်း ၅၀ ထိ လျော့ချစေနိုင်တယ် လို့ ဆိုပါတယ်။ ဆီးချို ဖြစ်နိုင်ချေလည်း လျော့စေတယ်၊ သားအိမ် ကင်ဆာ ဖြစ်နိုင်ခြေလည်း လျော့ကျစေနိုင်ပါတယ်တဲ့။ စိတ်ကြည်လင်စေသလို ပျော်ရွှင်စေတယ်၊ ကယ်စီယမ်ဓာတ်ကို ပိုမို စုပ်ယူနိုင်မှု အားကောင်းစေတယ်။ ကြွက်သားစနစ်ကိုလည်း အထောက်အပံ့ ပေးတယ်လို့ ဆိုပါတယ်။ နေ့စဉ် ဗီတာမင် ဒီ ၁၀၀၀ ကနေ ၂၀၀၀ IU ထိ လိုအပ်ပါတယ်။
ကယ်စီယမ် ။ ။ ကယ်စီယမ်က အရိုးတွေကို သန်မာ ကျစ်လစ်စေပါတယ်။ မိန်းမသားတွေဟာ အသက် ၂၀ ကနေ စပြီး သူတို့ရဲ့ အရိုးကျစ်လစ်မှု လျော့နည်း လာပါတယ်။ ဒီတော့ အဆိုပါ အရိုးပွလာမှုကို ကာကွယ်ဖို့က ကယ်စီယမ် ပြည့်ဝနေမှ ရမှာပါ။ သွားတွေကိုလည်း ခိုင်မာစေသလို အာရုံခံစနစ် အစုအဝေးကိုလည်း အားကောင်း လည်ပတ်စေတာ တွေ့ရပါတယ်။ တရက်ကို ကယ်စီယမ် ၁၀၀၀ မီလီဂရမ် လိုအပ်ပါတယ်။
Ref: www.womenshealthmag.com