အလှကုန်ဆိုတာ ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးထားတာပါ။ သဘာ၀ အဆီတွေ ဘာတွေ ဘယ်လိုပဲ ပြောပြော ကြာရှည်ခံအောင်၊ မွှေးအောင်၊ အရောင်အဆင်းလှပဖို့ ဓာတု ပစ္စည်း အနည်းနဲ့ အများတော့ အသုံးပြုကြတာပါပဲ။ ဒီထဲကမှ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးအဖွဲ့ FDA ကနေ အလှကုန် ပစ္စည်းတွေ အတွင်းမှာ တွေ့ခဲ့တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတု ပစ္စည်း ၁၂ ခုအကြောင်း ပြောပြချင်ပါတယ်။
(၁) Triclosan ။ ။ ၁၉၆၀ ပြည့်နှစ်လောက် ကတည်းက ဖန်တီးနိုင်ခဲ့တဲ့ ဓာတုပစ္စည်း ဖြစ်ပြီး ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေမှာ ထည့်သွင်း ဖန်တီးကြပါတယ်။ ထရိုင်ကလိုဆင်က အရေပြားနဲ့ အဝတ်အထည်တွေက ရောဂါပိုးတွေကို ပျက်စီးစေနိုင်စွမ်း ရှိလို့ပါ။ နောက်ပိုင်းတော့ နေလောင်ခံဆီနဲ့ အလှဆီတွေမှာလည်း ထည့်သွင်းထားတာ တွေ့ရတယ်လို့ နယူးယောက် အခြေစိုက် FDA အဖွဲ့က MD ဖြစ်သူ ဒေါက်တာ Dendy Engelman က ပြောပါတယ်။
(၂) Fragrance ။ ။ ရနံ့ဆီ အဖြစ် လူသိများပါတယ်။ ရေမွှေးကနေ အခြား အမွှေးအကြိုင် ဦးစားပေး အလှကုန်တွေမှာ ထည့်သွင်း ဖန်တီးတတ်တယ် လို့ သိရပါတယ်။ Fragrance က အာရုံကြော စနစ်ကို အားနည်းစေတယ်၊ ကင်ဆာ ဖြစ်မှုကိုလည်း အားပေးပြီး အဆိုပါ နောက်ဆက်တွဲ ရလဒ်တွေ မဖြစ်ခင်မှာ ကနဦး အနေနဲ့တော့ အရေပြားကို အားနည်းစေတယ်၊ အနံ့ခံ အာရုံကို အားနည်းစေတယ်၊ ဓာတ်မတည့်မှုတွေပါ ရှိနိုင်တယ် လို့ ဆိုပါတယ်။
(၃) Phthalates ။ ။ ဖက်သလိတ်ကို ခြေသည်း၊ လက်သည်း အရောင်တင်ဆေးတွေ၊ လက်သည်းဆိုးဆေးတွေ၊ ဆံပင်ဖြန်းဆေး၊ အခန်းတွင်းသုံး အမွှေးခဲ၊ ရေမွှေး၊ လိုးရှင်းတွေမှာ အများဆုံး ထည့်သွင်း ဖန်တီးတာ တွေ့ရပါတယ်။ အလှကုန်ကို နူးညံ့စေဖို့နဲ့ ပျော့ပျောင်းစေဖို့ ထည့်သွင်း ဖန်တီးထားတာ ဖြစ်ပေမယ့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့ အဆုတ်ကင်ဆာ တွေ ဖြစ်နိုင်ခြေ ပိုစေတယ်လို့ သိရပါတယ်။
(၄) Parabens ။ ။ ပြည်တွင်း မှာတော့ သိပ်မကြားဖူးပေမယ့် နိုင်ငံတကာမှာတော့ ပါရာဘန်းမပါတဲ့ အလှကုန်လို့တောင် အထူးတလည် မိတ်ဆက်ရတယ် လို့ သိရပါတယ်။ အသားအရေ ဆိုင်ရာ အလှကုန်တွေမှာ ထည့်သွင်း ဖန်တီး ပါတယ်။ အကြောင်းကတော့ တာရှည် အထားခံဖို့ပါ။ ဒါပေမယ့် ပါရာဘန်းကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်စေပြီး အခြား အရေးုပြားဆိုင်ရာ ကင်ဆာတွေကိုလည်း အားပေးတယ် လို့ သိရပါတယ်။
(၅) Avobenzone ။ ။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာရေးအဖွဲ့ (Enviromental working Group) ကတော့ အခု အက်ဗိုဘန်ဇုံးကို နေလောင်ခံဆီတွေမှာ ထည့်သွင်းဖန်တီးတာ အများဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့လာကြည့်မှု အရ ဒီဓာတ်က နေရောင်ခြည်ထဲက UVB နဲ့ တွေ့ဆုံပြီး အဆိပ်အတောက် ဖြစ်သွားစေသလို အရေပြားကို ပိုပြီး ပျက်စီးမှု ရှိလာစေနိုင်တယ် လို့ ဆိုပါတယ်။
(၆) Sulfates ။ ။ ဆာဖိတ်ကိုတော့ ဆပ်ပြာဆီနဲ့ ခေါင်းလျှော်ရည်တွေမှာ အများဆုံး တွေ့ရတယ် လို့ သိရပါတယ်။ ဒီတာဂျန့် Detergents လို ချေးချွတ်ဆေးတွေမှာ ဆာဖိတ်က ၉၀ ရာခိုင်နှုန်းလောက်ထိ ပါရှိပြီး ချေးချွတ်ဆေး များများ အသုံးပြုထားတဲ့ ဆပ်ပြာဆီနဲ့ ခေါင်းလျှော်ရည်တွေက ဦးရေပြားရော အရေပြားကိုပါ ထိခိုက်မှု ရှိစေသလို ပွန်းစားမှုတွေ၊ ရေဝဲစားမှုတွေကို အားပေးတယ်၊ အရေပြားကို ပါးလွှာစေတယ် လို့ သိရပါတယ်။
(၇) Formaldehyde ။ ။ ဖော်မယ်ဒီဟိုက် ဆိုတာ အရောင် မရှိဘူး၊ မီးလောင်နိုင်တဲ့ ဓာတ်ငွေ့တခုပါ။ အိမ်သုတ်ဆေးတွေ၊ အရောင်တင်ဆီနဲ့ ခြေသည်း အရောင်တင်ဆီ၊ ဆံပင်သန်ဆေးတွေမှာ တွေ့ရတတ်ပါတယ်။ အာရုံကြော အားနည်းစေ သလို ကင်ဆာ ဖြစ်နိုင်ခြေကို အားပေးပြီး အထူးသဖြင့်တော့ အရေပြားကို ထိခိုက်မှု ပိုစေတယ် လို့ ဆိုပါတယ်။
(၈) Hydroquinone ။ ။ သူကတော့ အရေပြားလိမ်း အလှဆီနဲ့ အလှကုန်တွေမှာ အများဆုံး ထည့်သွင်း ဖန်တီးတဲ့ ဓာတု ပစ္စည်း ဖြစ်ပြီး တိရစ္ဆာန်တွေနဲ့ စမ်းသပ်ချက်အရ အရေပြားပိုင်းရော ကိုယ်တွင်း ကလီစာပိုင်း တွေကို အားနည်းစေပြီး ကင်ဆာ ဖြစ်စေတယ် လို့ ဆိုပါတယ်။
(၉) P-phenylenediamine ။ ။ သူ့ကို PPD အဖြစ် လူပိုသိပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ ထည့်သွင်း ဖန်တီးတဲ့ ဓာတု ပစ္စည်းပါ။ ပြင်သစ်နဲ့ ဂျာမနီမှာ PPD ပါဝင် ပစ္စည်းတွေ ရောင်းချခွင့် ပိတ်ထားတာတောင် တွေ့ရပါတယ်။ PPD ကြောင့် အလာ့ဂျစ် (ဓာတ်မတည့်မှု) အဖြစ် အများဆုံး တွေ့ရပြီး ဆေးအနက်နဲ့ ထိုးထားတဲ့ တက်တူးရှိသူတွေမှာ အများဆုံး PPD နဲ့ ဓာတ်မတည့်မှု အဖြစ်များတယ် လို့ သိရပါတယ်။
(၁၀) Microbeads ။ ။ အမေရိကန်မှာတော့ မိုက်ခရိုဘတ် ထည့်သွင်းပါရှိတဲ့ အလှကုန်တိုင်းကို ပိတ်ထားတယ် လို့ ဆိုပါတယ်။ သုံးစွဲသူကို အန္တရာယ်ပေးမှု နည်းပေမယ့် အဆိုပါ အလှကုန်သုံးပြီး ရေချိုးတယ်၊ကိုယ်လက် သန့်စင်မှုကနေ တဆင့် ချိုးရေ အတွက် မိုက်ခရိုဘတ်ပါရှိမှုက နောက်ဆုံး ပတ်ဝန်းကျင်က သဘာ၀ အရာတွေကို ဆွေးမြေ့မှု မြန်စေတယ်၊ ရေနေ သတ္တဝါတွေကို သေကြေပျက်စီးမှု အထိ ရှိနိုင်တာကြောင့် ပိတ်ထားတာ ဖြစ်တယ် လို့ သိရပါတယ်။
(၁၁) Toluene ။ ။ အိမ်သုတ်ဆေးနဲ့ အရောင်တင်ဆေးတွေမှာ အများဆုံး တွေ့ရတဲ့ ဒီ ဓာတု ပစ္စည်းက ခြေသည်း၊ လက်သည်း ဆိုးဆေးတွေမှာလည်း တွေ့လာ နေရပါပြီ။ သူက အငွေ့ပျံလွယ်တယ်၊ ရလဒ်ကတော့ တိုလူနင်းအငွေ့က အသက်ရှုလမ်းကြောင်း ထဲ ရောက်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုပါ မြင့်မားစေတာ တွေ့ရပါတယ်။
(၁၂) Propylelne glycol ။ ။ များစွာသော အလှကုန် ပစ္စည်းတွေရဲ့ ပါဝင် ပစ္စည်း စာရင်းမှာ ဒီ ဓာတု ပစ္စည်း ပါပါတယ်။ ဆံပင် ဖြန်းဆေးတွေ၊ မိတ်ကပ်၊ ဆံပင်ပျော့ဆေး၊ ခေါင်းလျှော်ရည်၊ နေလောင်ခံဆီတွေမှာ အများဆုံး တွေ့ရပါတယ်။ အရေပြား ဓာတ် မတည့်မှု (အလာ့ဂျစ်) ဖြစ်နိုင်ခြေ များစေတယ်၊ ယားယံခြင်းနဲ့ အနီကွက် ဖြစ်စေခြင်းတွေ အများဆုံး ဖြစ်စေနိုင်တယ် လို့ သိရပါတယ်။
Ref : www.rd.com