ယနေ့ခေတ်မိန်းကလေးများဟာ Android ဖုန်းတွေ၊ ကွန်ပျူတာမျက်နှာပြင်တွေ၊ LED မီးတွေ ကြည့်ရတာကြောင့် မျက်ကွင်းညိုမှုဖြစ်တတ်တဲ့ ဒုက္ခကနေ ကင်းဝေလိုကြပါတယ်။ အရင်ခေတ်တုန်းကဆိုရင် မိန်းကလေးတွေမျက်ကွင်းညိုရင် အယူအဆအမျိုးမျိုးနဲ့ အကြည့်ရဆိုးတာကို ယိုးမယ်ဖွဲ့ကဲ့ရဲ့ခံရကြရတာပါ။ အခုခေတ်မှာတော့ မျက်ကွင်းညိုတာကနေ သက်သာစေတဲ့ ခရင်မ်အမျိုးမျိုးလည်း တီထွင်ဖော်စပ်သုံးစွဲနေကြပါတယ်။ သင်ရော မျက်ကွင်းညိုတဲ့မိန်းကလေးဖြစ်နေလို့ စိုးရိမ်သောကရောက်နေပါသလား။ မပူပါနဲ့။ တခဏအတွင်းမှာ မျက်ကွင်းညိုတာပျောက်အောင် သဘာဝနည်းလမ်းဖြင့် ပြုလုပ်နိုင်တဲ့ ဆေးစွမ်းကောင်း တလက်ကို သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။
ပထမနည်းလမ်း
ပထမနည်းတမျိုးမှာ လိုအပ်တဲ့ ပစ္စည်းများကတော့ အာလူးတလုံးနဲ့ ရှောက်သီးတလုံးပဲဖြစ်ပါတယ်။ အရင်ဆုံး အာလူးကို အခွံနွှာပါ။ အာလူးအစအနတွေဖြစ်အောင် ခြစ်ပြီး အရည်ညှစ်ပါ။ လက်ဖက်ခြောက်စစ်တဲ့ဇကာနဲ့ တိုက်ပြီး ပန်းကန်လုံးငယ်ထဲ ထည့်ပါ။ ဇကာထဲက အာလူးအစအနများကို ဇွန်းနဲ့ချေပေးခြင်းဖြင့် အရည်ပိုထွက်လာပါလိမ့်မယ်။ အဲဒီနောက် ရှောက်သီးကို ထက်ခြမ်းခြမ်းပြီး အာလူးရည်ပေါ် ညှစ်ချပြီး အာလူးရည်နဲ့ရှောက်ရည် သမအောင် မွှေပေးပါ။ ရှောက်သီးမှာ ဗီတာမင်စီ ဓာတ်ပါဝင်တဲ့အတွက် အရေပြားပေါ်က အမည်းကွက်ဖြစ်စေခြင်းကို အထူး ကာကွယ်ပေး ပါတယ်။
အဲဒါပြီးရင် ဂွမ်းလုံးလေးနဲ့ အာလူး-ရှောက်ရောမွှေထားတဲ့အရည်ကိုယူပြီး သင့်မျက်လုံးပတ်ပတ်လည်ကို ၁၅ မိနစ် ကြာအောင် နှံ့စပ်အောင် အသာဖိကပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာ ထားပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ နေ့စဉ်ကို တကြိမ်လိမ်းပေးကာ တပတ်ကြာအောင် ပြုလုပ်ပေးရင် ထူးခြားတဲ့ရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။
ဒုတိယနည်းလမ်း
ဒီဆေးနည်းဟာ အာလူးရဲ့ဗီတာမင်ဘီဓာတ်၊ သတ္တုဓာတ်၊ ပိုတက်စီယံ၊ မဂ္ဂနီစီယံ၊ ဖော့စပရက်၊ သွပ်ဓာတ်နဲ့ သံဓာတ်တို့ကြွယ်ဝစွာပါဝင်မှုကြောင့် တကယ့်ကိုထိရောက်မှုရှိပါတယ်။ ဒါ့အပြင် သခွားသီးကိုလည်း ထည့်သုံးထားတာကြောင့် မျက်ကွင်းညိုမှုကို အကောင်းဆုံးကုစားပေးနိုင်ပါတယ်။ အရေပြားဆဲလ်ပျက်စီးခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ နေလောင်ခြင်းတို့ပါ သက်သာစေပြီး အရေပြားကို ပြန်လည်စိုပြေလာစေပါတယ်။ ဒုတိယနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းများကတော့ အာလူး၊ သခွားသီး၊ ရှောက်သီးနဲ့ နှင်းဆီပွင့်ဖတ်ရည်တို့ပဲဖြစ်ပါတယ်။
ပထမဆုံး အာလူးကို အခွံနွှာပြီး ခြစ်ချပါ။ လက်ဖက်ခြောက်စစ်တဲ့ဇကာနဲ့ အာလူးအစအနလေးတွေကို ဇွန်းနဲ့ဖိပြီး ပန်းကန်လုံးထဲ အရည်ညှစ်ပါ။ ပြီးရင် သခွားသီးကို အခွံနွှာပါ။ အာလူးလိုပဲ သခွားကို ခြစ်ချပြီး ဇကာထဲထည့်ကာ ဇွန်းနဲ့ဖိပြီး ပန်းကန်လုံးထဲ အရည်ညှစ်ချပါ။ အာလူးရည်နဲ့သခွားရည်ကို ရောပါ။ ရှောက်သီးထက်ခြမ်းခွဲပြီး အာလူး-သခွားရောထားတဲ့ အရည်ထဲ ညှစ်ချပါ။ ပြီးရင် အဲဒီရောစပ်အရည်ထဲကို နှင်းဆီပွင့်ဖတ်ရည်ကို လက်ဖက်ရည်ဇွန်း တဇွန်းစာလောင်းထည့်ပါ။ အရည်အားလုံး ရောပြီး မွှေပါ။
အဲဒီအရည်ကို ဂွမ်းလုံးနဲ့ယူပြီး မျက်လုံးတဝိုက်ဖိကပ်လိမ်းပေးပါ။
အဲဒီလိုရောစပ်ဖျော်ထားတဲ့အရည်ကို အသုံးပြုပြီး မျက်ကွင်းညိုခြင်းနဲ့အရေပြားပျက်စီးခြင်းကို ကုသနိုင်ပါပြီ။ အရေပြားပေါ်မှာ ဒီအရည်ကို နာရီဝက်ထားပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။
ဖြည့်စွက်ပြီး မှတ်သားစေချင်တာကတော့ Android ဖုန်းတွေကို ညဘက်သုံးတာများရင် မျက်ကွင်းညိုစေနိုင်ပါတယ်။ Android ဖုန်းကြောင့် မျက်ကွင်းညိုရင် လေဆာရောင်ခြည်ထိုးပြီး ကုသရင်တောင် ပျောက်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် Android ဖုန်းနဲ့ တီဗီကို မှောင်တဲ့အခန်းထဲ မကြည့်သင့်ပါဘူး။ ဒါကြောင့် သင့်မျက်စိကျန်းမာရေးကို ဂရုစိုက်ခြင်း၊ အိပ်ရေး၀၀အိပ်စက်ခြင်းတို့နဲ့ မျက်ကွင်းညိုခြင်းကို ကာကွယ်နိုင်ပါတယ်။
http://mysimpleremedies.com မှာဖော်ပြထားတဲ့ How to get rid of dark circles naturally- Easy & Effective ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။