Health

ကော်ဖီကို နေ့တိုင်းသောက်ရင် ဘာဖြစ်မလဲ

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ် လူအများစု ကော်ဖီကို နှစ်သက်လို့၊ စွဲလမ်းလို့ မဟုတ်ရင်တောင် အနည်းဆုံး ပုံမှန် အစားအသောက် အဖြစ် နေ့စဉ် ကော်ဖီတစ်ခွက် နှစ်ခွက်တော့ သောက်ဖြစ်တတ်ပါတယ်။ အာရှကတော့ လဘက်ရည်ကိုလည်း နှစ်သက်တဲ့ အရပ် ဖြစ်လို့ အနောက်နိုင်ငံတွေလောက် ကော်ဖီသောက်သုံးမှုတော့ မများဘူးပေါ့။ အမေရိကန်ဆိုရင် ကော်ဖီ အသောက်အများဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပြီး အရွယ်ရောက်ပြီး အသက် ၁၈ နှစ်နဲ့ အထက် လူတစ်ယောက်ဟာ တစ်ရက်ကို ကော်ဖီ ၃.၁ခွက်( ၈အောင်စ)လောက်ထိအောင် သောက်သုံးနေတယ်လို့ စာရင်းတွေအရ ဆိုပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး အနေနဲ့ဆိုရင် တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ဖိုးလောက်ထိအောင် ကော်ဖီဖိုး သုံးစွဲနေတာလည်း ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီကို နေ့တိုင်းသောက်ရင် ဘာဖြစ်မလဲ ဆိုတဲ့ နောက်ဆက်တွဲရလဒ်ကို သိဖို့တော့ လိုအပ်နေပါပြီ။ ဘာတွေ ဖြစ်နိုင်ပါသလဲ။

(၁) ကင်ဆာနဲ့ အခြားရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်တယ်

ကော်ဖီထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ အီသီယိုးပီးယားမှာ ကော်ဖီစေ့ စားသုံးတဲ့ ဆိတ်တွေက အခြား ဆိတ်တွေထက် ကိုယ်ခံအားကောင်းတယ်၊ကျန်းမာတယ်၊ သန်စွမ်းတာကို သိလာရပြီး နောက်ပိုင်း လေ့လာချက်တွေ အရ သိလာရတာကတော့ လူတွေမှာလည်း ကော်ဖီသောက်သူတွေက ကင်ဆာနဲ့ အခြား ရောဂါဖြစ်နိုင်ချေကို အကောင်းဆုံး လျော့ကျစေနိုင်လာတာ တွေ့ရပါတယ်။ အကောင်းဆုံးကတော့ ကော်ဖီသီးသန့်(ဘလက်ကော်ဖီ) သောက်သုံးမှုက အကောင်းဆုံး ဖြစ်ပါတယ်။ တရက်ကို ကော်ဖီ ၃ ခွက်ကနေ ၅ ခွက်အတွင်း သောက်သူတွေက ကင်ဆာရော၊ ဆီးချိုရော ရူးသွပ်ခြင်းစတဲ့ ရောဂါဖြစ်နိုင်ချေ လျော့ကျစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

(၂) စိတ်ကိုလန်းဆန်းစေတယ်

ကော်ဖီမှာပါတဲ့ ကာဖင်းဓါတ်က ဦးနှောက်ကို တိုက်ရိုက်သက်ရောက်မှုရှိပြီး စိတ်ကို လန်းဆန်းစေတယ်၊ လှုပ်ရှား လုပ်ကိုင်မှုရော ဉာဏစွမ်းပကားကိုပါ တိုးတက်ကောင်းမွန်စေတယ်၊ စိတ်ဖိစီးမှုကိုလည်း အကောင်းဆုံး လျော့ကျစေနိုင်တယ်လို့ ၂၀၁၃ ခုနှစ်က ဟားဗက်ဆေးပညာကျောင်းက လေ့လာထားချက်တွေ အရ သိရပါတယ်။ ကော်ဖီနေ့စဉ်သောက်သုံးသူတွေက စိတ်ဓါတ်ကျခြင်းကြောင့် ဖြစ်တဲ့ သေကြောင်းကြံစည်မှုကို ၄၅ ရာခိုင်နှုန်းထိအောင် လျော့ကျစေနိုင်လောက်အောင် စိတ်ဖိစီးမှုကို သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၃) မှတ်ဉာဏ်ကောင်းစေတယ်

ကာဖင်းဓါတ်က အာရုံစုစည်းမှုကို အားပေးတယ်၊ ဉာဏ်ရည်ကို တိုးတက်စေမှုထက် မှတ်မိလွယ်စေတယ်၊ စိတ်ကို တည်ငြိမ်စေတယ်၊ ရလဒ်ကတော့ မှတ်ဉာဏ်ကောင်းစေတယ်လို့ Nature Neuroscience ဂျာနယ်မှာ ပါရှိတဲ့ ကော်ဖီရဲ့ ကောင်းကျိုးများ ဆောင်းပါးရဲ့ ဖော်ပြချက်အရ သိရပါတယ်။

(၄) ကိုယ်ခန္ဓာကို ကြံ့ခိုင်မှု ပြည့်ဝစေတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်နေသူတွေအတွက်ရော အားကစားသမားများအတွက်ပါ သက်လုံကောင်းလာစေပြီး ကြံ့ခိုင်မှု အားကောင်းစေတယ်လို့ Witherspoonရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ကာဖင်းဓါတ်က ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုပါ တိုးတက်ကောင်းမွန်စေပြီး အားကစားသမားတွေကို ကြံ့ခိုင်မှု ပိုစေတယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ကာဖင်းဓါတ် ၂-၆ မီလီဂရမ် လိုအပ်ပြီး အဆိုပါ ပမာဏပြည့်ဝမယ် ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သွက်လက်မှု အားကောင်းလာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် ကိုယ်အလေးချိန် ပေါင် ၁၅၀ ခန့်ရှိတဲ့ လူတစ်ယောက် အနေနဲ့ တရက်ကို ကော်ဖီ ၁ ခွက်ကနေ ၄ခွက်(၈ အောင်စ)လောက်ထိအောင် ပုံမှန် သောက်သုံးပေးသင့်တာလည်း ဖြစ်ပါတယ်။

(၅) ကော်ဖီသောက်များရင်တော့ ဆိုးကျိုးတွေ ဖြစ်စေတယ်

ကော်ဖီ အလွန်အကျွံသောက်သုံးမိရင်တော့ စိတ်မွန်းကျပ်မယ်၊ ကတုန်ကယင်ဖြစ်မယ်၊ အိပ်မပျော်မှုခံစားရမယ်၊ အိပ်မပျော်တဲ့ ရောဂါထိပါ ဖြစ်လာနိုင်သလို ကာဖင်းဓါတ်စွဲလန်းမှုထိအောင် ဖြစ်လာစေနိုင်ပါတယ်။ အမေရိကန် နှလုံးရောဂါအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ ကာဖင်းဓါတ်စွဲလန်းမှုက နောက်ဆုံးအကြိမ် ကော်ဖီသောက်ပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်း နောက်ထပ် ကော်ဖီသောက်ချင်စိတ်ဖြစ်လာတတ်ပြီး ၂၄ နာရီကနေ ၄၈ နာရီ အတွင်း ထိအောင် မဖြစ်မနေ သောက်ချင်နေလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလို သောက်ချင်စိတ်အတွက် တရက်ကို ကော်ဖီ ၈ အောင်စထက် ပိုမို မသောက်သုံးမိစေအာင် ထိန်းသိမ်းနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

(၆) ကိုလက်စရောဓါတ်မြင့်တက်စေတယ်

ကော်ဖီသောက်တိုင်း ကိုလက်စထရောများစေတာတော့ မဟုတ်ပါဘူး။ သင်သောက်တဲ့ ကော်ဖီထဲမှာ ဘာတွေ သင် ထည့်သုံးပါသေးသလဲ။ ဆိုလိုတာကတော့ သကြား၊ နို့၊ ကရင်မ်နဲ့ အခြား ကော်ဖီသုံး ပစ္စည်းတွေ ဖြစ်ပါတယ်။ ကိုလက်စရောကို အားပေးတဲ့ အခြား ကော်ဖီမှာထည့်သွင်းပစ္စည်းတွေ များများထည့်သောက်ရင်လည်း ကိုလက်စရောကို မြင့်တက်စေပါတယ်။ ဘလက်ကော်ဖီကတော့ အကောင်းဆုံးပါ။

(၇) သွေးပေါင်ချိန်တက်စေနိုင်တယ်

နောက်ဆုံးသိထားရတဲ့ လေ့လာချက်အရတော့ ကော်ဖီက သွေးပေါင်ချိန် တက်စေတယ် ဆိုတာပါပဲ။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ခဏတာ ယာယီအချိန်ပိုင်းမှာတော့ ကော်ဖီက သွေးပေါင်ချိန် တက်စေပါတယ်။ dietvsdisease.org ရဲ့ ဖော်ပြချက်မှာ ဆိုရင် ကော်ဖီ(ကာဖင်း)ကလည်း သွေးပေါင်ချိန်တက်စေတဲ့ ဓါတ်တခုပါပဲ၊ ဒါပေမယ့် အခြား သွေးတိုးစာတွေလိုတော့ အန္တရာယ်မပေးနိုင်ပါဘူး၊ ခဏတာ အခိုက်အတန့်ကိုတော့ သွေးပေါင်တက်စေပါတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

www.rd.com တွင် ဖော်ပြထားတဲ့ 7 things that happen to your body when you drink coffee every day ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading