အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းလို့ ခေါင်းကိုက်တာ မဟုတ်ဘဲ အဆင်မသင့်လို့ ခေါင်းကိုက်မှုတွေ ဘာကြောင့် ဖြစ်နိုင်သလဲ၊ တကယ်လို့ သိထားတယ် ဆိုရင်တော့ ဆင်ခြင်လို့၊ ရှောင်ကြဉ်လို့ ရနိုင်မယ်ပေါ့။ နည်းနည်းလောက် ပြောပြထားပါရစေ။
(၁) အရက်သောက်များခြင်း
ကျနော်တို့ဆီမှာတော့ အရက်နာကျခြင်းလို့ ခေါ်ပါတယ်။ တကယ်တော့ ရေဓါတ်ခမ်းသွားလို့ ခေါင်းကိုက်မှု ဖြစ်စေနိုင်ပါတယ်။ အရက်သောက်တဲ့အခါ ရေများများ ရောပြီးဖြစ်စေ၊ သတိရတိုင်း ဖြစ်စေ ရေသောက်ပေးပါ၊ အရက်က ရေဓါတ်ခမ်းခြောက်စေမှုနဲ့အတူ ဦးနှောက်ကို သွေးစီးဆင်းမှု အားနည်းသွားစေပါတယ်။ ဒီအတွက် ခေါင်းကိုက်တာပါလို့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က Dallas and Fort Worth ရဲ့ လက်ထောက်ကျန်းမာရေးမှူး Mark Khorsandi က ရှင်းပြပါတယ်။
(၂) အအိပ်နည်းခြင်း
အိပ်ချိန်နည်းခြင်းကနေလည်း ခေါင်းကိုက်မှု ဖြစ်လာစေနိုင်ပါတယ်။ အမေရိကန်နိုင်ငံ ဖီးနစ်မြို့မှ Mayo ဆေးခန်းက ပါမောက္ခဒေါက်တာ David Dodick ကတော့ အိပ်ချိန်နည်းခြင်း၊ အိပ်ရေးမဝခြင်းက ခေါင်းကိုက်ဝေဒနာ ခံစားရဖို့ အများဆုံး ဖြစ်နိုင်ချေရှိတယ်လိ့ု ဆိုပါတယ်။ အိပ်စက်ခြင်းနဲ့ ခေါင်းကိုက်မှုဖြစ်စေတဲ့ အာရုံကြောစနစ်တွေက ခန္ဓာကိုယ် မော်လီကျူး(ဓါတ်သဘော)အရ ချိတ်ဆက်မှု ရှိပြီး အိပ်ရေးမဝရင် ဟော်မုန်းပြောင်းလဲမှု ဖြစ်ပြီး ခေါင်းကိုက်မှု ဖြစ်လာစေတယ်လို့ ပြောပါတယ်။
(၃) အိပ်စက်မှု ပုံစံမကျခြင်း
အိပ်ချိန်မှာ ဦးနှောက်က အနားမယူပေမယ့် ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံး အနားယူနေတာပါ။ အသိစိတ် မရှိသလောက် နည်းပါးသွားချိန် ပုံစံ အမျိုးမျိုးနဲ့ အိပ်စက်မိတတ်ကြပါတယ်။ ဘယ်ဘက်လက်ကို ဖိအိပ်တာကြာလို့ လက်ကျင် သွားတတ်သလိုပါပဲ ဦးခေါင်းကို ပုံစံတကျ ထားရှိ အိပ်စက်မှု မရှိခြင်းကြောင့်လည်း အာရုံကြောကို ဖိမိသလို ဖြစ်စေပြီး ခေါင်းကိုက်စေတတ်ပါတယ်လို့ ဘော်စတွန်မြို့ရှိ ဟားဗက်ဆေးပညာကျောင်းက ဒေါက်တာ Nada Milosavljevic က ရှင်းပြပါတယ်။ အထူးသဖြင့်တော့ မာကျောတဲ့ အရာကို ခေါင်းအုံးအိပ်မိလို့ အဖြစ်များပြီး သက်တောင့်သက်သာရှိမယ့် ခေါင်းအုံးမျိုးမှာသာ ပုံစံတကျ အိပ်စက်ဖို့ သင့်ပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်း
ဖလော်ရီဒါပြည်နယ် Fort Lauderdale က မိသားစုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ သူနာပြု Anna Morrison ကလည်း စိတ်ဖိစီးမှုများခြင်းကနေ ကိုယ်လက်နာကျင်ခြင်းနဲ့ ခေါင်းကိုက်မှုတွေထိအောင် ခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ စိတ်ဖိစီးမှုကြောင့် အထက်မှာ ပြောခဲ့သလို အိပ်ရေးမဝခြင်း အထိအောင်ပါ ဖြစ်စေနိုင်ပြီး ခေါင်းကိုက်ဖို့ အားပေးသလို ဖြစ်စေတာပါ။
(၅) သွေးပေါင်ချိန်ကိုသတိထားပါ
လူအများစုက သွေးပေါင်ချိန်တက်မယ်၊ သွေးတိုးမယ်ဆိုရင် ခေါင်းကိုက်မယ်လို့ သိထားကြပေမယ့် တကယ်တော့ ပုံမှန် သွေးပေါင်ချိန် မဟုတ်ရင်လည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ သွေးပေါင်ချိန်တက်လို့တင် မဟုတ်ဘဲ သွေးပေါင်ချိန် ကျလွန်းရင်လည်း ခေါင်းကိုက်နိုင်ပါတယ်လို့ နယူးယောက်မြို့ရှိ Vidant Roanoke Chowan ဆေးရုံက ဆရာဝန် Melva E. Pinn-Binghamပြောပါတယ်။ သွေးပေါင်ချိန်တက်လွန်း၊ ကျလွန်းမှုကြောင့် ခေါင်းကိုက်ခြင်းကနေ အမြင်ဝေဝါးခြင်းနဲ့ ခေါင်းမူးခြင်း အထိအောင်ပါ ဖြစ်စေနိုင်ပါတယ်။
(၆) စိတ်ဓါတ်ကျခြင်း
အလုပ်ဖိအားနဲ့ အခြားသော ဖိအားတွေကြောင့် အထက်မှာ ပြောခဲ့သလို စိတ်ဖိစီးမှုနဲ့ နောက်ဆက်တွဲ စိတ်ဓါတ်ကျခြင်းတွေကလည်း အိပ်ချိန်နည်းစေနိုင်ပါတယ်။ တဆက်တည်း ခေါင်းကိုက်လာစေနိုင်တယ်လို့ ဒေါက်တာ Pinn ကပဲ ဆက်ရှင်းပြပါတယ်။ လိုအပ်မယ်ဆိုရင် စိတ်ရောဂါပညာရှင်နဲ့ပါ တိုင်ပင်ပြီး လိုအပ်တဲ့ ကုထုံးနဲ့ ကုသပြီး စိတ်ဓါတ်ကျခြင်းကို ပျောက်ကင်းအောင် နေထိုင်သင့်တယ်လိ့ု ဆိုပါတယ်။
(၇) အံကြိတ်ခြင်း
မေးရိုးကြွက်သားတွေ ညောင်းညာစေနိုင်လောက်သည်အထိအောင် အစားမာ စားသုံးမိခြင်းနဲ့ ညဘက် အိပ်စက်ချိန် သွားကျိတ်တတ်သူတွေအနေနဲ့ အဆိုပါ မေးရိုးကြွက်သားတွေကို ပိုမို အားထည့် အသုံးပြုမိတာကြောင့် ကြွက်သားနာကျင်မှုနဲ့အတူ ခေါင်းကိုက်ခြင်းကို ဖြစ်လာစေနိုင်တယ်လို့ Norfolk သွားဆေးခန်းက ဒေါက်တာ Ronald Rosentahl က ပြောပါတယ်။ အစားမာ အလွန်အကျွံ မစားမိဖို့နဲ့ အိပ်စက်ချိန် အံကျိတ်တတ်သူတွေအနေနဲ့ ညအိပ်ချိန်သုံး သွားဖုံးစွပ်တွေ အကူအညီနဲ့ အံကျိတ်တဲ့ အကျင့်နဲ့ မေးရိုးကြွက်သားနာကျင်မှုတွေကို ကာကွယ်နိုင်မယ်လို့လည်း သိရပါတယ်။
(၈) ဟောက်ခြင်း
လေ့လာသူအများစုက အိပ်ချိန် ဟောက်တတ်သူတွေမှာ မနက်အိပ်ယာထ ခေါင်းကိုက်မှု ပိုမို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဟောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်စပ်မှု ရှိတယ်လို့ လက်ခံကြပါတယ်။ ဟောက်ခြင်းဟာ အိပ်ချိန်အတွင်း အသက်ကို ကောင်းကောင်း မရှုနိုင်ခြင်းဖြစ်လို့ ကိုယ်တွင်း အောက်ဆီဂျင်ဓါတ် လုံလောက်အောင် မရခြင်းနဲ့အတူ အာရုံကြောတွေကို အားနည်းမှုဖြစ်စေနိုင်ပြီး မနက် အိပ်ယာထမှာ ခေါင်းကိုက်မှု ဖြစ်စေနိုင်တာပါလို့ ကယ်လီဖိုးနီးယား ပြည်နယ် Migraine Institute က ဒေါက်တာ Jonathan Cabin က ပြောပါတယ်။
(၉) ကော်ဖီသောက်ခြင်း
ကော်ဖီအသောက်များမယ်ဆိုရင် ခေါင်းကိုက်မှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကော်ဖီသောက်ပြီး နောက်တနေ့ မနက် အိပ်ယာထမှာ ခေါင်းကိုက်မှု ခံစားရစေနိုင်တယ်လို့ ဒေါက်တာ Cabin က ဆက်ပြောပါတယ်။ ကော်ဖီကို သင့်တင့်ရုံထက် ပိုမသောက်ဖို့ လိုအပ်ကာ တရက်ကို ၃ ခွက်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။
(၁၀) လန့်နိုးခြင်း
အိပ်မက်ကြောင့်ပဲဖြစ်စေ၊ အခြား အသံ၊ အကြောင်းအရာ တခုခုကြောင့်ပဲ ဖြစ်စေ ရုတ်တရက် လန့်နိုးမှုအတွက်လည်း ခေါင်းကိုက်စေနိုင်တယ်လို့ ဒေါက်တာ ကာဗင်က ဆက်ပြောပါတယ်။ တကယ်လို့ အကြောင်းတစုံတရာမရှိဘဲ ခေါင်းကိုက်မှု ဝေဒနာကြောင့် အိပ်ယာထချိန်မဟုတ်ဘဲ နိုးထလာမှု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးကုသမှု ခံယူ သင့်တယ်လို့လည်း အကြံပေးပြောကြားထားပါတယ်။
www.rd.com တွင် ဖော်ပြထားတဲ့ 10 unexpected reasons you’re waking up with a headache ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။