Health

ပိုတက်စီယမ်ပြည့်ဝစာများ

Want create site? Find Free WordPress Themes and plugins.

ဘယ်အစားအစာတွေမှာ ပိုတက်စီယမ် အများဆုံး ပါဝင်နေတယ် ဆိုတာ မပြောခင် ကျနော်တို့ ကိုယ်ခန္ဓာမှာ ပိုတက်စီယမ်ဘာကြောင့် လိုအပ်တယ်ဆိုတာကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကျနော်တို့ ကိုယ်ခန္ဓာ ဖွဲ့စည်းမှုရဲ့ အသေးဆုံးနဲ့ အရေးပါဆုံးအပိုင်းဖြစ်တဲ့ ဆဲလ်တွေဟာ တခုနဲ့တခု ချိတ်ဆက်ပြီး ကိုယ်ခန္ဓာအဖြစ် ဖွ့ဲစည်းလာပါတယ်၊

တချို့ဆဲလ်တွေကလည်း အာရုံခံစနစ်အတွက် အလုပ်လုပ်ပေးပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာ ဆဲလ်တွေ စုပေါင်းပြီး ဇီ၀ ဖြစ်စဉ်တွေကို အကောင်းဆုံး လည်ပတ်နေစေတာဖြစ်ပြီး ဒီလို ဆဲလ် တခုနဲ့ တခု ချိတ်ဆက်မှုကိုတော့ ဆဲလ်တွင်းပါ လျှပ်စစ်ကူးခြင်း Electrolytes နဲ့ လုပ်ဆောင်ပါတယ်။ ဒီလို ဆဲလ်တခုနဲ့ တခု ချိတ်ဆက်ဖို့၊ လျှပ်ကူးကောင်းဖို့ကို ပိုတက်စီယမ်က တာဝန်ယူ ဟန်ချက်ညီစေပါတယ်။

အထူးသဖြင့်တော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သူတွေ၊ အားကစားသမားတွေ၊ အလုပ်ကြမ်းသမားတွေမှာ ပိုတက်စီယမ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒီလို ဆဲလ်ချိတ်ဆက်မှု အားကောင်းမှလည်း အာရုံခံစနစ် အားကောင်းမယ်၊ အကြောတွေ သန်မာမယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်မယ်၊ ကျန်းမာစွာ နေထိုင်နိုင်မယ်ပေါ့။ ဟုတ်ပါပြီ၊ ဒါဆို ကျနော်တို့အတွက် ပိုတက်စီယမ်ဘာကြောင့် လိုအပ်တယ်ဆိုတာ သိပြီဆိုတော့ ပိုတက်စီယမ်ပြည့်ဝစာတွေကို ကြည့်ပြီး လိုအပ်သလို စားသုံးပေးနိုင်အောင် သိမှတ်ထားဖို့ လိုအပ်ပါမယ်။

ငှက်ပျောသီး

ပိုတက်စီယမ်အများဆုံး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အသီးပါ၊ အလွယ်တကူ ဝယ်ယူ စားသုံးနိုင်တယ်၊ ပိုတက်စီယမ်အပြင် အာဟာရလည်းရှိလို့ ကျနော်တို့ကို အားရှိစေတဲ့ အစာတခုလည်း ဖြစ်ပါတယ်။ ဟော်မုန်းဓါတ် ထုတ်လွှတ်မှု အားပေးတဲ့ အာဟာရ များစွာ ပါရှိပါတယ်။ ငှက်ပျောသီးတလုံးမှာ ပျမ်းမျှ ပိုတက်စီယမ် ၅၄၉ မီလီဂရမ်လောက်ထိအောင် ပါရှိတာ လည်း ဖြစ်ပါတယ်။

စပျစ်သီးခြောက်

သူ့မှာ ပိုတက်စီယမ်ကောင်းကောင်း ပါတယ်ဆိုတာ လူသိနည်းပါတယ်။ ဒါပေမယ့် နို့ဆီ တစ်ဗူးစာ စပျစ်ခြောက်မှာ ပိုတက်စီယမ် ၁၀၈၉ မီလီဂရမ်လောက်ထိအောင် ပါရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးတော့ သကြားဓါတ်လည်း ကောင်းကောင်းပါရှိလို့ စပျစ်ခြောက် စားသုံးသူတွေအနေနဲ့ အခြား သကြား ပမာဏ များများမစားမိအောင် ဂရုပြုဖို့ လိုအပ်ပါတယ်။ ဒါကတော့ သကြားစားသုံးမှုကနေ ဆီးချိုအပြင် အဝလွန်နိုင်တာကြောင့် ကျနော်က သတိပေးချင်တာပါ။

အာလူးပြုတ်

အာလူးပြုတ် အရွယ်တော် တလုံးမှာ ပိုတက်စီယမ် ၁၀၈၁ မီလီဂရမ်လောက်ထိအောင် ပါရှိပါတယ်။ ဆဲလ်ချိတ်ဆက်မှု စနစ်ကို အားပေးတဲ့ ပိုတက်စီယမ်စာ အာလူးကို စားချိန်မှာ ဆားနည်းနည်း ရောထည့်စားသုံးပါ။ ပိုပြီး ထိရောက် ကောင်းမွန်ပါတယ်။ သွေးတိုးသမားတွေကတော့ ဆားရှောင်မယ်၊ လျော့စားမယ် ဆိုရင်လည်း ရပါတယ်။

ခရမ်းချဉ်သီးဆော့စ်

သင့်အနေနဲ့ နှစ်သက်မယ်ဆိုရင် အာလူးပြုတ်နဲ့ အတူ ခရမ်းချဉ်သီးဆော့စ်ကို တွဲဖက်စားသုံးနိုင်ပါတယ်။ သူ့မှာလည်း ပိုတက်စီယမ်ဓါတ် ၉၀၉ မီလီဂရမ်လောက်ထိအောင် ပါရှိနေတယ်။ အာလူးကြော်တွေမှာတော့ ဆီနဲ့ အပူတပြင်း ကြော်ထားမှုကြောင့် အာလူးပြုတ်လောက် ပိုတက်စီယမ် ပြည့်ဝအောင် မပါတော့ဘူးလို့လည်း တချို့က ဆိုပါတယ်။ အာလူးနဲ့ မစားဖြစ်ရင်တောင်မှ အခြား အစာတွေနဲ့ ခရမ်းချဉ်သီးဆော့စ်နဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။

ပဲထောပတ်

ပဲစေ့ နို့ဆီတဗူးမှာ ပိုတက်စီယမ် ၉၅၅ မီလီဂရမ်ထိအောင် ပါရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာတော့ ပြုတ်စားကြတယ်၊ နှပ်စားကြတယ်၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မိမိ နှစ်သက်သလို စားသုံးနိုင်မှာပါ။

လိမ္မော်ရည်

အသီးကို မစားဖြစ်ဘူးဆိုရင်တောင်မှ သင့်အနေနဲ့ ဖျော်ရည်ကို သောက်ပေးနိုင်ပါတယ်။ လိမ္မော်ရည် တခွက်မှာ ပိုတက်စီယမ် ၄၉၆ မီလီဂရမ်လောက်ထိအောင် ပါရှိတာလည်း ဖြစ်ပါတယ်။

ထောပတ်သီး

တချို့ကလည်း အနံ့ကို မကြိုက်လို့ မစားကြပါဘူး။ ဒါပေမယ့် ဖျော်ရည် အဖြစ်နဲ့ အများဆုံး လုပ်သောက်ကြတဲ့ အသီး ဖြစ်ပြီး သူ့မှာ ထောပတ်သီးဖျော်ရည်တခွက်ကို ပိုတက်စီယမ် ၁.၁ ဂရမ်လောက်ထိအောင် ပါရှိတာလည်း ဖြစ်ပါတယ်။

နံနံပင်

ပြည်တွင်းမှာတော့ နံနံပင်ကို အစို(အစိမ်း) အစားများပြီး နိုင်ငံတကာမှာတော့ အရွက်ခြောက်အနေနဲ့ အစားများပါတယ်။ အနေတော် နံနံပင်တစီးမှာ ပိုတက်စီယမ် ၄.၇ ဂရမ်လောက်ထိအောင် ပါရှိနေတာဖြစ်ပြီး သင့်အတွက် တရက်တာ လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏထက်တောင် ကျော်လွန်ပြီး ၁၃၅ ရာခိုင်နှုန်းစာလောက်ထိအောင် ရရှိနိုင်တာလည်း ဖြစ်ပါတယ်။

ငရုတ်သီးအရောင်တင်မှုန့်

သူကလည်း ပိုတက်စီယမ်ပြည့်ဝတဲ့ အစာတခု ဖြစ်ပေမယ့် ဒီနေ့ခေတ် ဆိုးဆေးသုံး အရောင်တင်မှုန့်တွေ များနေချိန် ဖြစ်လို့ စစ်မှန်တဲ့ အရောင်တင်မှုန့်ကို သုံးနိုင်ဖို့တော့ လိုအပ်ပါတယ်။

ချောကလက်

တကယ်ဆိုရင်တော့ သကြားဓါတ်များတဲ့ ချောကလက်က ကျနော်တို့ အတွက် သိပ်မကောင်းလှပေမယ့် သူ့မှာလည်း အသုံးဝင်တဲ့ အာဟာရတွေ ပါရှိပါတယ်။ အထူးသဖြင့် အရောင် မချွတ်ထားတဲ့ ချောကလက် အညိုတွေမှာ ပိုတက်စီယမ် ကောင်းကောင်း ပါရှိပါတယ်။

www.healthguidance.org တွင် ဖော်ပြထားတဲ့ Top 10 foods highest in potassium ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading